2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျော်မိုးအောင်

ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် နေကြသူများရဲ့ (အဆဲအဆိုမပါတဲ့) ဆွေးနွေးချက်တွေဆို သေသေချာချာ အချိန်ပေးပြီးတော့ ဂရုတစိုက် ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်အမြင်ကို မျှမျှတတ သိချင်လို့ပါ။ အဲဒီထဲမှာ အများစု ဝေဖန်လေကန် ထောက်ပြကြတဲ့ အချက်တစ်ချက်က မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေး ကဒ်ပြား) ထုတ်ပေးမှုနဲ့လည်း ဆက်စပ်တာ တွေ့ရပါတယ်။

မကြာခဏဆိုသလို တွေ့ရလေ့ ရှိတာတစ်ခုက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များသည်လည်း အိန္ဒိယ၊ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ်ကနေ မနေ့တစ်နေ့က (အနိမ့်ဆုံးတော့ အင်္ဂလိပ်ခေတ်လောက်ကမှ၊ ဒါမှမဟုတ်ရင် ဘယ်လောက်မှမကြာသေးခင်ကမှ) ခိုးဝင်လာကြတယ်။ အခုချိန်ထိလည်း နယ်စပ်မှာ ခိုးဝင်နေကြဆဲပဲ။ အဲဒီနောက် လဝကမှာ ပိုက်ဆံပေးပြီး မသမာတဲ့နည်းနဲ့ မှတ်ပုံတင် ရအောင် လိမ်ညာယူကြတယ်..ဆိုတဲ့ အမြင်မျိုးပါ။

ဒီတော့ ကိုယ့်ဟာကိုယ် ပြန်ပြီး မေးခွန်းတစ်ချို့ မေးကြည့်မိပါတယ်။
၁။ မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။
၂။ မှတ်ပုံတင်အတွက် အချက်အလက် ပြင်ဆင်ဖြည့်ထားပြီးမှ မှတ်ပုံတင် (သို့) နိုင်ငံသားကဒ် ရထားရင် အဲဒီနိုင်ငံသားသည် နိုင်ငံသားစစ်စစ် ဟုတ်ပါသလား။
(မှတ်ပုံတင်လို့ပဲ လွယ်လွယ် ပြောလိုက်ရင်လည်း နိုင်ငံသား စီစစ်ရေးကဒ်ကိုပါ ဆိုလိုပါတယ်လို့ နားလည်ပေးပါ။)
၃။ မှတ်ပုံတင်အတွက် ပိုက်ဆံပေးရပြီးမှ မှတ်ပုံတင် ရထားရင် အဲဒီနိုင်ငံသားသည် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။
၎။ မှတ်ပုံတင် မရှိကြတာ ပြည်တွင်းနေမွတ်စလင်မ်တွေတင်မကပါဘူး။ အားလုံးအတွက် ခက်တယ်ဆိုတာကရော ဘယ်လိုလဲ။
စသည်..စသည်ဖြင့်ပေါ့လေ။ တွေးကြည့်မိတယ်။ ဒီအတွေးကို အခြေခံပြီး တစ်သက်လုံး ဘယ်တော့မှ မေ့ပျောက်သွားမှာ၊ ခံစားချက် ဝေဝါးပေးသွားနိုင်မှာ မဟုတ်တဲ့ လဝကသွားတောလား မှတ်ပုံတင်လျှောက်ထားခြင်း ကိုယ်တွေ့ဇာတ်လမ်းကို အားလုံးကို ဝေမျှချင်ပါတယ်။

ကျွန်တော့် မိသားစု မျိုးရိုးစဉ်ဆက်ကို အနည်းငယ် နောက်ကြောင်းပြန်ပါရစေ။
ကျွန်တော့်အဖိုးက မန္တလေး တက္ကသိုလ် အရှေ့တိုင်း (ပါဠိ)ဌာနက ဌာနမှူးပါ။ (ဆရာဦးကို M.A [မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာ(ပါဠိ)ဌာန ဌာနမှူး]   )
(ဒီပို့စ်ကို တင်ခဲ့တုန်းကတည်းက တစ်ချိန်ချိန်မှာ ခုပြောချင်တဲ့ မှတ်ပုံတင်အကြောင်းမှာ ပြောချင်လို့ပါ။) သူ့တစ်သက်လုံးမှာ ဗမာဆန်ပုံက ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်တွေထက်တောင် ဗမာစာပေ၊ ပါဠိစာပေမှာ ထူးချွန်တတ်မြောက်သူပါ။ အိမ်မှာ အမြဲတမ်း ရဟန်းသံဃာတော်များ မပြတ် လာရောက်နေခဲ့ကြတာပါ။ ဘုန်းတော်ကြီးများကို အင်္ဂလိပ်စာ သင်ကြားပေး၊ နိုင်ငံခြားသားများကို မြန်မာစာ၊ ပါဠိနဲ့ မြန်မာမှုတွေ သင်ကြားပေးခဲ့သူ၊ တစ်ဖက်ကလည်း ကိုယ့်ဘာသာတရားအတွက် စာပေတွေ ရေးသားခဲ့သူပါ။

၁၉၈၇ခုနှစ်က အလ္လာဟ့်အမိန့်တော်ခံ (ကွယ်လွန်)ခဲ့ပါတယ်။ ၁၉၈၇ ဆိုတော့ အမျိုးသား မှတ်ပုံတင်ပဲ ရှိခဲ့စဉ်၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား မတိုင်ခင် ခေတ်ကပါ။ ကျန် အဖိုးအဖွားများလည်း မရှေးမနှောင်း ကွယ်လွန်ခဲ့ကြပါတယ်။ အဖွားများကတော့ နိုင်ငံသားကဒ် ထုတ်ပေးပြီး ၉၀ခုနှစ် နောက်ပိုင်းမှာ ဆုံးကြတာပါ။

ကျွန်တော့် မိဘ နှစ်ပါးစလုံးကလည်း အစိုးရအမှုထမ်း (ယခု အငြိမ်းစား) တွေပါ။

၁၉၉၃ခုနှစ် ကျွန်တော် ၁၀နှစ်ပြည့်ပြီးတော့ လဝကမှာ ပထမဆုံး နိုင်ငံသားကဒ် လျှောက်ဖြစ်တော့ ဘိုးစဉ်ဘောင်ဆက် အထက် သုံးဆက်ရဲ့ အမည်၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး စတာတွေကို ဖြည့်ရပါတယ်။ ကျွန်တော့် ပါပါက သူတို့တွေရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မွေးရာဒေသ၊ ကွယ်လွန်သေဆုံးသည့်နေ့၊ မြှုပ်နှံရာဒေသ စတာတွေအားလုံးကို စနစ်တကျ စာအုပ်တစ်အုပ်နဲ့ မှတ်တမ်းတင်ထားတာပါ။ အားလုံးဟာ လူမျိုး ဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ် အနေနဲ့ တရားဝင် မှတ်တမ်းဝင်ကြသူတွေပါ။ ကျွန်တော့်နိုင်ငံသားကဒ်မှာလည်း လူမျိုးဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ပါပဲ။

လဝကရုံးကို နှစ်ကြိမ် မိဘတွေနဲ့ လိုက်သွားဖြစ်ပါတယ်။ တစ်ကြိမ်က လက်ဘွေနှိပ်၊ နောက်တစ်ကြိမ်က ကဒ်ထုတ်။ အဲဒီတုန်းကတည်းက မြေမြိုလို့ လူမျိုးမပြောက်၊ လူမြိုမှ လူမျိုးပျောက်မည်ဆိုတဲ့ ဆိုင်းဘုတ်ကြီး မြင်ဖူးခဲ့ပါရဲ့။

၂၀၀၄ခုနှစ်ထဲမှာ ၁၈နှစ်ပြည့်ကဒ် လဲဖို့လုပ်ဖြစ်ပါတယ်။ ၃နှစ် ကျော်လွန်ပြီးမှပါ။ ဒီတစ်ခေါက်တော့ အရင်ကလောက် မလွယ်တော့။ မြို့နယ်ဦးစီးက အစ္စလာမ်ဘာသာဝင်တွေဆို ခရိုင်ဦးစီး ထောက်ခံချက် လိုပါတယ်၊ ခရိုင်ရုံးကို သွားပါဦးတဲ့။ သိပ်တော့ ကိစ္စမရှိ၊ ကျောင်းဆရာမဖြစ်တဲ့ မေမေက ကျောင်းက ခဏခွင့်တောင်းကာ ဖြူစိမ်းဝတ်နှင့်ပင် လိုက်လာပေးပါတယ်။ ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်နှင့် ကျွန်တော့်ညီရဲ့ ဆယ်နှစ်ပြည့် တစ်ခါတည်း ပေါင်းလုပ်ဖြစ်တယ်။ နှစ်ပတ်လောက် အချိန်ပေးလိုက်တော့ ရသွားပါတယ်။ ပုံမှန် ထိုက်သင့်တဲ့ ဂါရဝပြုမှု (ချောဆီ)လေးကတော့ နည်းနည်း ပါတာပေါ့။

ဇာတ်လမ်းက ခုမှ စမှာပါ။ ၂၀၀၈ခုနှစ်မှာ ကျွန်တော့်ညီ ၁၈နှစ်ပြည့်ပါပြီ။ ဆယ်တန်းလည်း အောင်ပြီးလို့ နိုင်ငံခြား ပညာတော်သင် သွားခွင့်လည်း ရွေးချယ်ခံရပြီ။ နိုင်ငံကူးလက်မှတ် လျှောက်တော့မယ့်အချိန်မှာ ၁၈နှစ်ပြည့်ကဒ် ပြောင်းလဲဖို့လုပ်ပါတယ်။ လဝကရုံးကို သွားရပြန်ပြီပေါ့။

ပထမဆုံး ဖောင်ဖြည့်တော့မယ့် အချိန်မှာ စာရေးမက အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ကို ယူကြည့်ပြီးတော့ မွတ်စလင်မ်ဆိုရင် ဗမာလို့ ရေးထားတာ မရပါဘူးတဲ့။ အဲဒီထဲက အားလုံးမှာ အိန္ဒိယဖြစ်စေ၊ ပါကစ္စတန်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ အရင် ပေါင်းထဲ့ပြီးမှ ၁၈နှစ်ပြည့်ကဒ် ဆက်လျှောက်လို့ ရမယ်တဲ့။ ဘယ်လိုဖြစ်သွားတာလဲ၊ ဆွေစဉ်မျိုးဆက် ဒီအတိုင်းပဲ ရခဲ့တာလေ။ နိုင်ငံတော်က အစဉ်အဆက် တရားဝင် သတ်မှတ်ပေးထားတဲ့အတိုင်းပဲ … အစရှိသည်ဖြင့် (ရက်စွဲများနှင့်တကွ အလွတ်တောင် ကျက်မှတ်ထားတဲ့) သမိုင်းအထောက်အထားတွေ ပြောတော့လည်း သူ ဒါတွေမသိဘူးတဲ့၊ အရင်က ဘာပေးခဲ့ပေးခဲ့ အခု အထက်က ညွှန်ကြားထားတဲ့အတိုင်း အဲဒါတွေ မထည့်နိုင်ရင် ဘာမှ ဆက်လုပ်ပေးလို့ မရပါဘူးတဲ့။ ကြိုက်တဲ့ဆီ တက်တိုင်၊ တက်မေးလို့လည်း ရပါတယ်တဲ့။

ဒါနဲ့ပဲ ဘာမှ ဆက်မလုပ်ဘဲ ပြန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ အားကိုးတဲ့ (ဗမာမွတ်စလင်မ်) ဘာသာရေးခေါင်းဆောင်တွေကို လှမ်းမေးကြည့်တော့လည်း ဟုတ်ပါတယ်၊ ခုအဲဒီလို ဖြစ်နေပြီ၊ ဘယ်အထက်က သတ်မှတ်တာမှန်းတော့ သေချာမသိရတဲ့ နှုတ်မိန့်အရ အားလုံး ဒီအတိုင်း ဖြစ်နေပါပြီ၊ Passport လျှောက်ဖို့က အရေးကြီးတယ်၊ ဘာပဲရေးထားရေးထား ကဒ်ရပြီးရော၊ သူတို့စိတ်ကြိုက် ထည့်ပါစေတဲ့။ ဘာမှမတတ်နိုင်တော့၊ လမ်းဆုံးပြီ။

နောက်ရက် လဝကရုံးသွားတော့ ကျွန်တော်ပါမသွား။ ကျွန်တော့်ညီက သူ့အစီအစဉ်နှင့်သူ သွားပါတယ်။  ကျွန်တော်တို့ကတော့ ဖောင်မှာ အချက်အလက် ပြင်ဖြည့်ရတာကိုလည်း လိမ်ဖြည့်ရတယ်လို့ သတ်မှတ်တဲ့အတွက် အဲဒီအပိုင်းကို (ဘာဖြည့်ရမှန်းလည်း သေချာမသိလို့ပါ) ကွက်လပ်ထားပြီး သွားခိုင်းလိုက်ပါတယ်။ ကြိုက်တာသာဖြည့်ပါစေတော့ပေါ့။ ဒါပေမယ့် စာရေးမက နင်တို့ဟာနင်တို့ ဘယ်ကလာလို့လာမှန်တောင် မသိဘူးလား၊ ကိုယ့်ဟာကိုယ် ဘာကုလားလဲ စဉ်းစား ကိုယ့်အမျိုးကိုယ်ဖြည့်လို့ ပြောပါတယ်တဲ့။ (ညီလေးက တော်တော် စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး ပြန်ပြောပြတဲ့ စကားပါ။)

             ဒီလိုနဲ့ပဲပေါ့လေ … သေပြီးသား ဘိုးစဉ်ဘောင်ဆက် အပါအဝင် ၂၀၀၈မှာ ၁၈နှစ်ပြည့်သွားသူ ကျွန်တော့်ညီ၊ ၂၆နှစ်အရွယ် ကျွန်တော်၊ မိဘတွေအားလုံး အိမ်ထောင်စု ဇယားမှာ “အိန္ဒိယဗမာ” အဖြစ် လူမျိုးပြောင်းမင်္ဂလာ ခံယူခဲ့ကြပါတယ်။

ဒီလောက်နဲ့ ကိစ္စပြီးသွားတယ်ဆိုရင် အခုလို စာဖွဲ့မနေတော့ပါ။ နောက်ဆက်တွဲ ပိုဆိုးတာ ကျန်ပါသေးတယ်။

သူတို့ပြောတဲ့အတိုင်း အိမ်ထောင်စုဇယားမှာ “အိန္ဒိယဗမာ” လူမျိုး ဖြစ်သွားတော့ နောက်ဇာတ်လမ်းက သွေးနှောတွေအတွက် မှတ်ပုံတင်က မြို့နယ်ရုံးက လုပ်မပေးပါ။ တိုင်းရုံးက အတည်ပြုမှာဆိုတော့ တိုင်းရုံးကိုဆက်ပါတဲ့။
ထူးခြားတာက တိုင်းရုံးရောက်တော့ အချက်ပေးခြင်းပါ။ မှတ်ပုံတင် လျှောက်ထားဆဲ မရရှိသေးသူများရဲ့ ဖိုင်တွဲတွေ အပုံလိုက်ကို ပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက လျှောက်ထားဆဲတွေပါ၊ မပြည့်စုံမှုတွေ အကြောင်းကြောင်းတွေကြောင့် ကျန့်ကြာနေတာတွေပါတဲ့။ အရေးကြီးလားတဲ့။ ဆိုလိုရင်းကို သဘောပေါက်ပါတယ်။ ဟုတ်ကဲ့ပါပေါ့။ သိတတ်ပါ့မယ်ပေါ့။ ဈေးတစ်ခါတည်း ခေါ်ပါတယ်။ ဘယ်၍ဘယ်မျှ တောင်းစရာကို ပြတ်ပြတ်သားသားပဲ ပြောတောင်းပါတယ်။

ဖြည့်စရာ ဖိုင်တွေမှာ အဖိုးအဖွားတွေရဲ့ ရာဇဝင်ကို ဖြည့်ပြီး တင်ရပါမယ်တဲ့။ ဒါကလည်း အရင်က လုပ်ရိုးလုပ်စဉ် မထူးခြားဖူးဆိုတော့ အရင်အတိုင်းပဲ သူတို့တွေ မွေးရက်၊ မွေးရပ်၊ ကွယ်လွန်ရက်၊ မှတ်ပုံတင်အမှတ် စတာတွေကို ဖြည့်တာပေါ့။ ဒါပေမယ့် ဒီလိုမဟုတ်၊ သူတို့မွေးရာ အရပ်တွေမှာ လဝကရုံးတွေကနေ သူတို့ရဲ့ ဖိုင်တွေ သွားယူပေးရမယ်တဲ့။

အဖေဘက်က အဖိုးအဖွား မှတ်တမ်းရှိရာ ဧရာဝတီတိုင်းကိုသွား၊ ရအောင်သွားယူ၊ ပြန်လာ။ အချိန်ကုန်၊ ခရီးစရိတ်ကုန်၊ လူပန်းတာကလွဲလို့ အေးအေးဆေးဆေး ပြီးခဲ့ကြပါတယ်။ မန္တလေး ချမ်းအေးသာစံမှာ မွေး၊ တစ်သက်လုံး ဒီမှာပဲ နေခဲ့ပြီး ဒီမှာပဲ ကွယ်လွန်ခဲ့တဲ့ အဖိုးအတွက်ကြမှ လာထစ်ပါတယ်။ သူတို့ ချမ်းအေးသာစံရုံးမှာ အဖိုးရဲ့ (သူတို့အခေါ်) အမှုတွဲ ရုံးမှာ ရှာမတွေ့တော့ပါတဲ့၊ ပြောင်းရွှေ့ရင်း ပျောက်ဆုံး/ပျက်စီး စာရင်းဝင်နေပါတယ်တဲ့။ အဲဒီအတွက် အဖိုးနဲ့ပတ်သက်တဲ့ အထောက်အထား ပြည့်စုံခြင်းမရှိတဲ့အတွက် သုံးခေါက်ချိုးပဲ ပေးနိုင်ပါမယ်တဲ့။

ဒီတစ်ခုအတွက်တော့ အတော် ပေါက်ကွဲခဲ့ကြပါတယ်။ လုံးဝ မယူနိုင်ပါလို့။ နိုင်ငံသား စစ်စစ်ကြီးတွေရဲ့ သားသမီး၊ မြေးမြစ်က မိသားစုဝင်အားလုံးသာမက သူကိုယ်တိုင်တောင် ၁၀နှစ်တုန်းကအထိ နိုင်ငံသားကဒ်စစ်စစ် ရပါလျက်နဲ့ ဘာကိစ္စ တစ်ဆင့်နိမ့် ပြောင်းရမှာလဲလို့။

(တစ်ဆင့် ဘယ်လိုနိမ့်သလဲ သေချာမသိပါ၊ ဒါပေမယ့် အဲဒီကဒ်မှာ ရေးထားတာက ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကဒ်ပြားတဲ့။ ဤလက်မှတ် ကိုင်ဆောင်သူသည် အကယ်စင်စစ် နိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်း မဖြစ်စေရဆိုတဲ့ မှတ်ချက်ကြီးကတော့ ပါနေတာလေ။ ဒီလိုဆိုတော့ ဘာလို့ ယူဆရမှာလဲ။ နိုင်ငံသားကဒ်နဲ့ ဘာတွေကွာနိုင်သလဲဆိုတော့ အနီးစပ်ဆုံး မန္တလေး Mobile Mother ဖုန်းဆိုင်မှာ ရေးထားတာကတော့ ဖုန်းပိုင်ဆိုင်မှု လျှောက်ထားဖို့ကို သုံးခေါက်ချိုးကဒ် မရပါ၊ နိုင်ငံသားကဒ် ဖြစ်ရပါမယ်တဲ့။ ဒီတော့ နိုင်ငံသား အပြည့်အဝ မဟုတ်ဘူးလို့ ယူဆနိုင်တဲ့ ကဒ်ကြီး အစားထိုးပေးမှာကို လက်မခံနိုင်တာပါ။)

မှတ်တမ်းမှတ်ရာ ပျောက်ဆုံး ပျက်စီးတာက သူတို့ ရုံးတွင်းကိစ္စ၊ ကျွန်တော်တို့ဘက်က ဒီအဖိုးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ သူအလုပ်လုပ်ခဲ့တဲ့ ဌာနက မှတ်တမ်းတွေ၊ ဘယ်နေ့မွေး၊ ဘယ်နေ့ကွယ်လွန်၊ မှတ်ပုံတင်အမှတ်ဘာ အားလုံး အတိအကျ ပြောနိုင်ပြီးသား။ ပြဿနာက ညီလေး ကျောင်းတက်ရမယ့်ကာလက နီးသထက်နီးလာပြီ။ Passport ကလည်း လပိုင်းကြာဦးမှာ။ မမှီတော့မှာကိုလည်း အတော် စိုးရိမ်နေကြရပြီ။ သက်ဆိုင်ရာ တက္ကသိုလ် အဖွဲ့အစည်းကိုတောင် Passport အခက်အခဲကြောင့် ကြာနေရကြောင်း အကြောင်းကြားထားရပြီ။ လဝကနဲ့က စကားအချေအတင် ဖြစ်နေရတုန်း။

ကံကောင်းထောက်မစွာနဲ့ သတင်းကောင်း တစ်ခု ကြားရပါတယ်။ ကျွန်တော်တို့အဒေါ်က အဖိုးရဲ့ မှတ်ပုံတင်ကို ဓာတ်ပုံရိုက် သိမ်းထားတာရှိနေတယ်လေ။ (ဆုံးတာက ၁၉၈၇၊ မိတ္တူကူးစက် မရှိသေးတဲ့အချိန်၊ အတော်ကံကောင်းလို့ ဓာတ်ပုံရိုက်ဖြစ်တာ ရှိထားတာပါ။) အဲဒါနဲ့ တွဲတင်တော့မှ အဆင့်ဆင့် ဆောင်ရွက်အပြီး နောက်ဆုံး သုံးလေးလအကြာမှာ နဂိုမူလအတိုင်း နိုင်ငံသားကဒ် ရပါတယ်။ လူမျိုးကတော့ “အိန္ဒိယဗမာ” အဖြစ်နဲ့ပေါ့။

ဒါကြောင့် ကျွန်တော်တို့ မိသားစုဟာ ၂၀၀၈ မတိုင်ခင်ထိ အားလုံး ဗမာ၊ အဲဒီနောက် အိမ်ထောင်စုဇယားအရ“အိန္ဒိယ+ဗမာ”၊ မှတ်ပုံတင်များမှာ ဗမာ၊ ကျွန်တော့်ညီတစ်ယောက်ကတော့ မှတ်ပုံတင်မှာလည်း “အိန္ဒိယ+ဗမာ”။
နောက်ပိုင်း ဖောင်တွေဖြည့်ရလို့ လူမျိုးပါလာရင် ဘာထည့်ရမှန်း မသိပါ။ လူမျိုးက မှတ်ပုံတင်မှာ တစ်မျိုး၊ အိမ်ထောင်စုဇယားမှာ တစ်မျိုးကိုး။

နောက်တစ်ချက် မှတ်ပုံတင် မရှိခြင်းနဲ့ ပတ်သက်လို့။ ကျွန်တော့် ညီဝမ်းကွဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုင်ငံသားကဒ် ရပါတယ်။ အသက် ၂၀ကို အတော်ကြီးကျော်ပြီးတော့မှပါ။ လျှောက်ဖို့ ပြင်ဆင်ရတဲ့ သက်တမ်း ၁၀နှစ်ကျော်ကြာခဲ့ပါတယ်။
သူ့အဖေ၊ ကျွန်တော့်ဦးလေးက ရန်ကုန် သာကေတမှာ ငယ်စဉ် နေထိုင်ခဲ့စဉ်က မှတ်ပုံတင်ကဒ် ခါးပိုက်အနှိုက်ခံရလို့ ပျောက်ဆုံးထားပြီး ရဲစခန်းက ထုတ်ပေးတဲ့ ပျောက်ဆုံးကြောင်းထောက်ခံစာနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရသူပါ။ မှတ်ပုံတင် ပြန်လျှောက်တော့ အရေးအခင်းကာလက ဒေါပုံ လဝကရုံး ပျက်စီးမှု ရှိခဲ့တော့ သူ့မိသားစု မှတ်တမ်းမှတ်ရာ ပျက်စီးစာရင်းမှာ ပါထားတဲ့အတွက် လွယ်လွယ်နဲ့ ပြန်မရလို့ပါ။ သူလည်း နှစ်ပေါင်းများစွာ ပြန်ကြိုးစားမှ မကြာသေးခင်ကမှ နိုင်ကဒ် ပြန်ရသူ၊ ငယ်ငယ်ကနဲ့တော့ လူမျိုးမတူတော့ဘူးပေါ့။ ထုံးစံအတိုင်း အိန္ဒိယဗမာပေါ့။ အဲဒီနောက်မှ သူ့သားက ဆက်လုပ်လို့ရပါတယ်။

အဲဒီညီက တက္ကသိုလ်မှာကျောင်းပြီးတော့ မှတ်ပုံတင်မရှိလို့ ဘွဲ့လက်မှတ် ထုတ်ခွင့်မရခဲ့သူပါ။ ထဲထဲဝင်ဝင်ရှိသူ မိတ်ဆွေတစ်ချို့ကတော့ ဗမာ၊ ဗုဒ္ဓဘာသာအဖြစ်နဲ့ မှတ်ပုံတင်လျှောက်လိုရင် ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်းရှိကြောင်း ပြောကြပါရဲ့၊ ဒါပေမယ့် ဘယ်လိုပုံစံနဲ့မဆို လိမ်ဖို့ကို လိပ်ပြာမလုံလို့ မလုပ်ဖြစ်ခဲ့ကြပါ။ နောက်ဆုံး နှစ်ပေါင်း အတော်ကြာတော့မှ နိုင်ကဒ် ရခဲ့ကြပါတယ်။

ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေထဲမှာလည်း ဒီလိုမျိုး မှတ်ပုံတင်လုပ်ရတဲ့ အခက်အခဲကြောင့် ဗမာ၊ဗုဒ္ဓဘာသာအဖြစ်နဲ့ ပြောင်းသွားကြရသူတွေ ဘယ်လောက်များ ရှိနေနိုင်မလဲ မသိပါ။

အခုနှစ်ပိုင်းတွေမှာတော့ မှတ်ပုံတင်ကို ရပ်ကွက်တွေ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ စာရွက်စာတမ်းကြေး ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ ကုန်ကျမှုရှိတော့တယ်ဆိုတော့ ဝမ်းသာစရာပါ။ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်ရတာပေါ့။ အလွန်ကောင်းပါတယ်။ ဗမာ ဗုဒ္ဓဘာသာ မိတ်ဆွေတွေရဲ့ သားသမီးများလည်း အခုမှ အိမ်ထောင်စုဇယား ဖြည့်ကြသူတွေ၊ မှတ်ပုံတင် လုပ်ဖြစ်ကြသူတွေ ရှိကြတာ တွေ့မိပါတယ်။

မနှစ်က နယ်ဘက်က ကျွန်တော့် အမျိုးတွေဆီ အလည်သွားတုန်း အသက် ၁၀နှစ်ကျော်ကျော် တူဝမ်းကွဲတော်သူက ကျောင်းကနေအိမ်ကို မျက်စိမျက်နှာပျက်ပြီး ပြန်လာပါတယ်။ အိမ်လည်းရောက်ရော တုန်ရီပြီး ငိုသံကြီးနဲ့ ပြောပြပါတယ်။ သူ့ကို ဖမ်းကြတော့မယ်ထင်တယ်၊ သူဘာမှလည်း အပြစ်မလုပ်မိဘဲနဲ့တဲ့။ ကျွန်တော်တို့ကလည်း ဘာများဖြစ်လဲ စိုးရိမ်သွားကြတာပေါ့။ မေးကြည့်တော့ ကျောင်းမှာ မှတ်ပုံတင် လိုက်လုပ်ပေးတာ (သူနဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်သူ၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကျွန်တော့်တူတစ်ဦး အပါအဝင်) အတန်းဖော်အားလုံးကို မှတ်ပုံတင် ထုတ်ပေးပေမယ့် အခန်းတွင်းမှာ တစ်ဦးတည်းသောမွတ်စလင်မ်ဖြစ်တဲ့ သူ့အတွက် ဖြည့်ထားတဲ့ဖိုင်မှာ “သံသယ” ဆိုပြီး ရေးသွားတယ်၊ မှတ်ပုံတင်တော့ မရဘူးတဲ့။ ကလေးတစ်ယောက်အတွက်တော့ ခံစားချက်တော်တော်ပြင်းစေတဲ့ အချက်တစ်ချက်ပါ။

အဲဒီတော့ အပေါ်ဆုံးမှာ စဉ်းစားမိခဲ့တဲ့ အတွေးတွေ မေးခွန်းတွေကို ကိုယ့်ဟာကိုယ် ဖြေကြည့်မိတော့
၁။ ကျွန်တော်တို့သည် နိုင်ငံသားကဒ်အတွက် ဖြည့်စွက်ရာတွင် မူလက သိထားတာ မှတ်သားထားခဲ့တာနဲ့မတူဘဲ နောက်ဆုံးအကြိမ်မှာ ပြုပြင် ပြောင်းလဲ ဖြည့်သွင်းကြသူများပါ။
 
၂။ မှတ်ပုံတင်ရဖို့ မနည်းလှသော ပိုက်ဆံပမာဏကြီးတစ်ခုကို ပေးပြီး ရယူထားရသူတွေပါ။
ဒီအတွက် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။ စဉ်းစားမိတာပါ။
 
၃။ “မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။” ဆိုတာကလည်း အချက်ပေါင်းများစွာကို ထည့်စဉ်းစာမှ အဖြေမှန်ရမှာပါ။ နိုင်ငံတွင်း (ပြည်မ၊ အလယ်တည့်တည့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာ) နေသူတွေအတွက်တောင် မှတ်ပုံတင် ဒီလောက်ခက်နေရင်၊ နယ်ရောက်နေကြသူများအတွက် ဘယ်လို ဖြစ်မလဲ မစဉ်းစားတတ်ပါ။
 
             ကျွန်တော့် သားအတွက် စာရွက်စာတမ်းကို ရှမ်းပြည်က ပြန်ယူတော့ မြို့နယ်ရုံးက တစ်နေရာ၊ ခရိုင်ရုံးက တစ်ခြား မြို့ရွာမှာ။ သွားရလာရတာ သီးသန့်နေရာတွေမှာပါ။ ဒီလိုမျိုးတွေအတွက် ဒုက္ခခံ လုပ်ဖို့ အချိန်၊ ငွေကြေး မပေးနိုင်သူတွေအတွက် ဘယ်လောက် ခက်ခဲနေကြပါမလဲ။ နယ်စပ် တံခါးဝနားက သူတွေအတွက်တော့ ဆိုဖွယ်မရှိလို့ မြင်ပါတယ်။
 
၎။ အစ္စလာမ်ဘာသာဝင် (လဝက အခေါ် သွေးနှော) မဟုတ်သူများအတွက်ရော ဒီလို အခက်အခဲတွေ ဘယ်လောက် ရှိမလဲ အသေအချာမသိပါ။ သို့သော် လဝက ပြောစကားအရကတော့ သူတို့တွေ ခရိုင်ရုံး၊ တိုင်းရုံး အဆင့်ဆင့် သွားရရန် မလိုအပ်လို့ ယူဆပါတယ်။ တစ်ခေတ် တစ်ချိန်က ပွင့်လင်းမြင်သာမှု မရှိခင် အရင်အခြေအနေမှာ လုပ်ငန်း တွင်ကျယ်ရေး မရှိမဖြစ် ချောဆီကတော့ လက်ဖက်ရည်ဖိုး၊ ရန်ပုံငွေ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတိုင်း ပေးကြရတာ ရှိမှာပါ။ အနည်းအများတော့ ကွာနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ခါမှာတော့ ကျန်နိုင်ငံသားများအတွက် အတော်လေး ပိုလွယ်သွားပြီးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေပဲ ကျန်နေသေးတာပါ။

ဝန်ကြီး ဦးခင်ရီရဲ့ အင်တာဗျုးအဖြေတစ်ခု မနှစ်က ဖတ်လိုက်ရပါတယ်။ သွေးနှောများ မှတ်ပုံတင် လျှောက်ထားတာကိုလည်း အထောက်အထား ပြည့်စုံရင် ထုတ်ပေးနေပါတယ်တဲ့။ ဒါပေမယ့် ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်အများစုဟာ အထောက်အထားအတွက် မျက်ဖြူဆိုက်နေကြရတယ် ဆိုတဲ့ ကျွန်တော်တို့အခက်အခဲကို ဝန်ကြီးမင်းများ သတိပြုမိကြပါရဲ့လား မသိပါ။

ဒီစာရေးရခြင်းက အပြစ်တင်ချင်လို့ မဟုတ်ပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေ ဒီလိုရှိကြောင်း သိစေချင်လို့ပါ။ မှတ်ပုံတင် မရှိတိုင်း၊ ရှိဖို့အတွက် ပိုက်ဆံပေးရတိုင်း ခိုးဝင်လာသူ၊ နိုင်ငံသား မဖြစ်ထိုက်သူဆိုတာ ဟုတ်အဟုတ် စဉ်းစားစေချင်လို့ပါ။

ဘာသာရေးအဖွဲ့အစည်းများ၊ ခေါင်းဆောင်များကလည်း ဒီအခက်အခဲကို သက်ဆိုင်သူတို့ထံ အကြိမ်ကြိမ် တင်ပြခဲ့ကြပြီးဆိုတာ သိရ ကြားရ ဖတ်ရပါတယ်။ ထူးခြားတဲ့ အဖြေ မထွက်သေးပါ။

ဒီမြေမှာမွေး၊ ဒီမြေမှာကြီး၊ ဒီမြေမှာ သေကြရမယ့် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေကို ငါတို့က ဒီနိုင်ငံသား မဟုတ်ဘူး၊ ဒီနိုင်ငံနဲ့ ငါတို့နဲ့မဆိုင်ဘူဆိုတဲ့စိတ်၊ သိမ်ငယ်စိတ်ဝင်လာအောင် တွန်းပို့ခံရရင် သူတို့အတွက်သာမက တိုင်းပြည်အတွက်လည်း မကောင်းပါ။ ဒီလူတွေမှာ တိုင်းပြည်ချစ်စိတ်၊  နိုင်ငံ့အကျိုး သယ်ပိုးလိုစိတ်တွေ ရှိနေရင် တိုင်းပြည်အတွက် မသေးလှတဲ့ အင်အားတစ်ရပ်ပါ။ တစ်ခေတ်တစ်ချိန်တုန်းကလည်း နိုင်ငံအတွက် အင်အားစု တစ်ရပ်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ၊ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါခဲ့ဖူးကြသူတွေရဲ့ သားမြေးတွေပါ။ လက်ရှိမှာလည်း ပညာတတ်၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ အမြောက်အမြား ရှိနေသေးတဲ့ အစုအဝေးပါ။

ကျွန်တော်တို့ ဘာဆက်လုပ်ကြရပါမလဲ။

ကျွန်တော်အရင်ရေးခဲ့ဘူးနဲ့ အောက်က ပိုစ်တွေနဲ့  ယှဉ်ဖတ်ကြရင် ကျွန်တော်ပြောချင်တာကို ပိုနားလည်ပါမယ်။

  1. ကျွန်တော်တို့က ဘာတွေလဲ?
  2. ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး
  3. အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို

Leave a Reply