10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
ဧပြီ ၈၊ ၂၀၁၆
M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
toledo

မွတ်စလင်တို့အုပ်ချုပ်စဉ်က ဘာသာပြန်လုပ်ငန်း စတင်သန္ဓေတည်ရာ စပိန်နိုင်ငံတော်လေဒိုမြို့၏ ယနေ့မြင်ကွင်း

– အလယ်ခေတ် မွတ်စလင်တွေရဲ့ သိပ္ပံပညာရပ်တွေကို စူးစမ်းမှု၊ ဖော်ထုတ်မှု၊ သုတေသနပြုမှုနဲ့ ရေးသားဖြန့်ချီမှုတွေကို ကြည့်လိုက်ရင် သူတို့တွေရဲ့ အသိပညာအပေါ် ဆာလောင်မွတ်သိပ်မှုကို အထင်းသား တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ စာအုပ်ထဲမှာပဲ ရှိနေခဲ့တာမဟုတ်ဘဲ တကယ့်လက်တွေ့အသုံးချနိုင်ခဲ့ကာ လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေခဲ့ပါတယ်။

မွတ်စလင်တွေရဲ့ အသိအပညာအပေါ် မဆုတ်မနစ် ရှာဖွေစူးစမ်းမှုမှာ နောက်ခံတွန်းအားတစ်ခု ရှိပါတယ်။ ဒါကတော့ “လူတစ်ယောက်ဟာ သေသွားရင် သူ့ရဲ့ ကောင်းမှုကုသိုလ်နဲ့ပတ်သက်တဲ့ လုပ်ရပ်တွေအားလုံး ရပ်တန့်သွားမယ်။ ဒါပေမယ့် လူတွေကို အကျိုးဖြစ်ထွန်းနေစေတဲ့ အလှူဒါန၊ အသိပညာနဲ့ မိဘကျေးဇူးသိတတ်တဲ့ သားသမီးရဲ့ ဆုတောင်းပတ္တနာပြုမှု အဲဒီ ၃ ခုရဲ့ ကုသိုလ်ကတော့ ဆက်လက် တိုးပွားနေမှာဖြစ်တယ်” ဆိုတဲ့ တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ သြ၀ါဒတော်ပဲ ဖြစ်ပါတယ်။

ဗဟုသုတနှံ့စပ်စုံလင်လှတဲ့ အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို အလွန်ထူထဲလှတဲ့ ကျမ်းစာအုပ်ကြီးတွေအဖြစ် မယုံနိုင်စရာနှုန်းနဲ့ ရေးသားခဲ့ကြပါတယ်။ စာမျက်နှာထောင်ပေါင်းများစွာ၊ အတွဲပေါင်းများစွာပါဝင်တဲ့ ဒီစာအုပ်ကြီးတွေဟာ အလွန်ကြီးမားတဲ့ စာကြည့်တိုက်ကြီးတွေ ပြည့်သွားစေတဲ့အထိကို များပြားခဲ့ပါတယ်။ ၈ ရာစုကနေ ၁၃ ရာစုအထိ ကြာညောင်းခဲ့တဲ့ မွတ်စလင်တွေရဲ့ ဒီရွှေခေတ်မှာ ရှေးဟောင်း အသိပညာ၊ အတတ်ပညာတွေကို ပျောက်ပျက်သွားလုနီးနီး ဖြစ်နေရာကနေ ကယ်တင်နိုင်ခဲ့ပြီး၊ ထပ်မံအဆင့်မြှင့်တာ၊ ရှာဖွေတွေ့ရှိချက် အသစ်တွေကို ထပ်ပေါင်းထည့်တာတွေကိုလည်း လုပ်နိုင်ခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ ဒီ ၀ိဇ္ဇာသိပ္ပံ ပညာရပ်တွေကို သူမတူတဲ့ ပုံစံမျိုးနဲ့ ပြန့်နှံ့အောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ဒီလို ပေါက်မြောက်ရခြင်းရဲ့ အဓိကသော့ချက်ကတော့ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေ စူးစမ်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ အရာတစ်ခု ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိရှိဖို့အတွက် မျက်မြင်ဒိဌ သိရှိဖို့ လိုအပ်ပြီး အဲဒီနောက်ပိုင်းမှသာ ရေးသားဖော်ထုတ်ရတာဖြစ်ပါတယ်။ ၁၀ ရာစုနှောင်းပိုင်းလောက်မှာ ပေါ်ထွန်းခဲ့တဲ့ အစ်ဗနေ့ အလ်-ဟေသမ် (Ibn Al-Haytham) ဆိုတဲ့ စွယ်စုံရပညာရှင်ကြီးဟာ စမ်းသပ်ဖော်ထုတ်မှုတွေကို စွန့်ဦးဆောင်ရွက်ခဲ့သူပါ။ သူဟာ သီအိုရီတွေကို လက်တွေ့စမ်းသပ်အဖြေရှာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင်ကြီးဖြစ်ပြီး “ယုံကြည်ရာကို သက်သေပြပါ” လို့ဆိုတဲ့ သိပ္ပံပညာရဲ့အားလုံးရဲ့ အခြေခံမူတွေထဲက တစ်ခုကို ချမှတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မွတ်စလင်တွေရဲ့ ပညာလိုလားမှု ဗီဇဟာ သမုဒ္ဒရာကြီးတွေကိုဖြတ်ကျော်ပြီး မွတ်စလင်မဟုတ်သူတွေကို ထိတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့တွေဟာလည်း မွတ်စလင် အသိပညာရှင်၊ အတတ်ပညာရှင်တွေ ရှာဖွေဖော်ထုတ်ခဲ့ အသိပညာသိုက်ကြီးတွေဆီကို စုရုံးရောက်ရှိလာပါတော့တယ်။

သက္ကရာဇ် ၁၁၄၀ လောက်မှာ အင်္ဂလန်က နော်ရ်ဖို့လ်က် (Norfolk) ဆိုတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်ဘုန်းတော်ကြီး ဒန်နီယဲလ် အော့ဖ် မော်လေး (Daniel of Morley) ဟာ အသိပညာတွေကို ရှာဖွေစူးစမ်းချင်သူတစ်ယောက်ဖြစ်ပြီး မွတ်စလင်တွေရဲ့ တွေ့ရှိဖော်ထုတ်ချက်တွေကို နှစ်မြှုပ်လေ့လာခဲ့ပါတယ်။ သူဟာ သမရိုးကျထဲကနေ ဖောက်ထွက် စဉ်စားတဲ့ ဥရောပသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီခေတ်အခါက ကမ္ဘာကြီးရဲ့ ထူးခြားဆန်းကျယ်မှုအကြောင်းတွေ၊ ၀ိဇ္ဇာသိပ္ပံပညာတွေကို အာရဘီဘာသာစကားကနေ သင်ယူခဲ့ရတယ်ဆိုတာကို ဒန်နီယဲလ်က ဒီလိုရေးသားခဲ့ပါတယ်။

“လက်တင်ဘာသာစကားနဲ့ ပြန်ဆိုရေးသားထားတဲ့ ဒီအကြောင်းအရာတွေကို ဂရုတစ်စိုက် နားလည်အောင် ဖတ်ရှုရမှာတင်မဟုတ်ဘဲ၊ ကမ္ဘာဂြိုဟ်တွေ၊ ဂြိုပတ်လမ်းတွေ၊ ဂြိုဟ်တွေရဲ့ လှုပ်ရှားသွားလာမှုတွေနဲ့ ပတ်သက်ပြီး အာရပ်တွေရဲ့အယူအဆတွေကို နားလည်သဘောပေါက်ဖို့လည်း ဆန္ဒရှိရပါမယ်။ ဒီသတ္တလောကကြီးမှာ မွေးဖွားကြီးပြင်းလာပြီး လောကကြီးရဲ့ အံ့သြစရာကောင်းတဲ့ အလှအပနောက်ကွယ်က အကြောင်းအရင်းကို သိရှိဖို့ နည်းနည်းကလေးမှ စိတ်မ၀င်စားဘူးလို့ ပြောလာရင်တော့ အဲဒီလူဟာ ဒီကမ္ဘာကြီးမှာနေလို့လည်း ဘာမှ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလောကကြီး၊ သူ့ရဲ့ အစိတ်အပိုင်းတွေနဲ့ပတ်သက်လို့ အာရဘီကနေ လေ့လာသင်ယူခဲ့တာတွေကို လက်တင်ဘာစကားနဲ့ ရေးရခြင်းဖြစ်ပါတယ်”

ဒန်နီယဲလ်ဟာ သူ့အနာဂတ်ပညာရေးအတွက် သူ့ခေတ်သူ့အခါက အင်္ဂလိပ်လူငယ်တွေလို ဇာတိကို စွန့်ခွာပြီး အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။ သူ ပထမဆုံး ခြေချခဲ့တာကတော့ ပဲရစ်တက္ကသိုလ်ပါပဲ။ ဒါပေမယ့် အကြောင်းမလှခဲ့ပါဘူး။ သူရောက်ရှိတဲ့အချိန်က ဒီက္ကသိုလ်ရဲ့ ပညာရေးဟာ ဆန်းသစ်မှုမရှိတော့ဘဲ၊ တိမ်ကောလုဖြစ်နေကာ အဲဒီကနေထွက်ခွာဖို့ပဲ တော်တော်လေး ခက်ခဲခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“(ပဲရစ်က) ဆရာတွေဟာ တတ်ယောင်ကားတွေဖြစ်ကြတော့ ကျောက်ရုပ်လို တောင့်တောင့်ကြီးနေပြီး ပညာရှိယောင် ဆောင်ကြတယ်” လို့ သူက မချွင်းမချန် ဖွင့်ဟခဲ့ပါသေးတယ်။

သူဘယ်ကို သွားခဲ့သလဲ။

“အဲဒီအချိန်၊ အဲဒီအခါက စပိန်နိုင်ငံက တော်လေဒို (Toledo) မြို့မှာ အာရဘီဘာသာစကားနဲ့ သင်ကြားပို့ချမှုဟာ တော်တော်လေးခရီးရောက်နေတာကြောင့် ကမ္ဘာပေါ်က ဉာဏ်ပညာအရှိဆုံး ဒဿနပညာရှင်တွေရဲ့ ပညာရည်နို့ကို သောက်စို့ဖို့အတွက် အဲဒီကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်” လို့ သူကိုယ်ပိုင်ရေးမှတမ်းမှာ ဖော်ပြထားပါတယ်။

၁၂ ရာစုတုန်းက တော်လေဒိုမှာ အနည်းဆုံး မွတ်စလင်၊ ခရစ်ယာန်၊ ဂျူးဆိုတဲ့ ယဉ်ကျေးမှုကြီး ၃ ခုဟာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ပေါကြွယ်ဝလှတဲ့ အဲဒီအချိန်မှာ ပြည်သူတိုင်းက အသိပညာ ဆာလောင်မွတ်သိပ်မှု ဆန္ဒကို မျှဝေပေးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီလို ချစ်ကျည်ရင်းနှီးစွာနေထိုင်ပြီး အတူတကွ လုပ်ကြ၊ ကိုင်ကြတာကို စပိန်ဘာသာစကားနဲ့ ကွန်ဗီဗန်စီယာ (convivencia) လို့ ခေါ်ပါတယ်။

ဘာသာပြန်လုပ်ငန်း သန္ဓေတည်ရာ တော်လေဒို

averroes

အရစ္စတိုတယ်၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ ရှင်းလင်းချက်ကျမ်းများစွာ ရေးသားခဲ့သည့် မွတ်စလင်ပညာရှင်ကြီး အလ်-ရက်ရှ်ဒ်

၁၂ ရာစုက တိုလေဒိုဟာ သိပ္ပံသမိုင်းမှာရှိခဲ့တဲ့ ဘာသာပြန်ဆိုမှုလုပ်ငန်းမှာ အကြီးအကျယ်ဆုံးနေရာတစ်ခု ဖြစ်ခဲ့ပြီး အာရဘီဘာသာကနေ လက်တင်ဘာသာကို ပြန်ဆိုကြတာဖြစ်ပါတယ်။ ဒါက ခရစ်ယာန်တွေရှိရာ အနောက်နိုင်ငံက ပညာရှင်တွေ၊ ဘာသာပြန်ဆရာတွေ မြောက်များစွာကို စွဲဆောင်နိုင်ခဲ့ပါတယ်။ အနောက်တိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ဂရိ ဒဿနပညာရှင်တွေ၊ သင်္ချာပညာရှင်တွေရဲ့ အရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်တွေကိုလည်း မွတ်စလင်တွေက စုဆောင်းသိမ်းဆည်း တိုးပွားအောင် ပြုလုပ်ထားခဲ့ပြီး တိုလေဒိုမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အရစ္စတိုတယ်ရဲ့ ရေးသားမှုတွေကို ဝေဖန်ထောက်ပြခဲ့ပြီး ဖြေရှင်းချက်တွေပေးခဲ့တဲ့ အစ်ဗနေ့ ရက်ရှ်ဒ် (Ibn Rushd) ဟာဆိုရင် ဥရောပမှာ ဉာဏ်သစ်လောင်းအရေးတော်ပုံ (Renaissance) မပေါ်ခင် နှစ် ၂၀၀ လောက်ကတည်းက ဥရောပရဲ့ အသိပညာ ရှင်သန်မှုကို စတင် သန္ဓေတည်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အနောက်နိုင်ငံတွေက အေဗာရို့စ် (Averroses) လို့ သိကြပါတယ်။

အရစ္စတိုတယ်ရဲ့ ဖော်ထုတ်တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ၁၂ ရာစုနှောင်းပိုင်းလောက်မှာ ရက်ရှ်ဒ်က ရှင်းလင်းချက်၊ အနှစ်ချုပ်ဖော်ပြချက် ကျမ်းပေါင်းများစွာကို ကော်ဒိုဘာမှာ အာရဘီဘာသာစကားနဲ့ ရေးသားခဲ့ပါတယ်။ မွတ်စလင်ပညာရှင်ကြီး ရက်ရှ်ဒ်ရဲ့ ဒီကျမ်းတွေကို စကော့တလန် ပညာရှင်တစ်ဦးဖြစ်တဲ့ မီခေးလ် စကော့ (Michael Scott) က အာရဘီကနေ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ စကော့ဟာ ၁၂၃၆ မတိုင်ခင်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ ဘာသာပြန်အမွေကို ဆက်ခံခဲ့သူကတော့ ဟာမန် သည် ဂျာမန် (Harman the German) ပဲဖြစ်ပါတယ်။ တော်လေဒိုနဲ့ စစ္စလီတို့မှာ ထွန်းကားခဲ့တဲ့ ဒီ ၀ိဇ္ဇာသိပ္ပံဆိုင်ရာ စာအုပ်စာပေတွေဟာ ဥရောပတစ်ခွင်လုံးကို ပွက်လောရိုက်သွားစေပါတယ်။

ဘီဘီစီရဲ့ An Islamic History of Europe (ဥရောပ၏ အစ္စလာမ့်သမိုင်းကြောင်း) ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ရာ့ဂ် အိုမာရ် (Rageh Omaar) က “သူ (အေဗာရို့စ်) ဟာ ပဲရစ်ကို ဥရောပရဲ့ အသိပညာဆိုင်ရာ မြို့ကြီးတစ်မြို့အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ပြီးတော့ သိပ္ပံက ဖော်ထုတ်တွေ့ရှိတဲ့ အမှန်တရားတွေဟာ တစ်ခါတစ်ရံမှ ဘုရားသခင်ရဲ့ မိန့်မှာချက်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် ဥရောပက သိပ္ပံပညာနဲ့ ဘာသာရေးအကြား ရှိနေတဲ့ပဋိပက္ခကိုလည်း သူက ချုပ်ငြိမ်းအောင် ကြိုးစားခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေက သူ့ရဲ့အယူအဆတွေကို အာရုံစိုက်လာတဲ့အခါ ဒီကြိုးပမ်းမှုတွေက မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကို ခံစားလာရပါတော့တယ်။ အဲဒီဘုရားကျောင်းတွေဟာ အေဗာရို့စ်နဲ့ အရစ္စတိုတယ်တို့ရဲ့ တွေ့ရှိချက်တွေကို ချက်ခြင်းဆိုသလို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ပဲရစ်က အသိပညာရှင် အတတ်ပညာရှင်တွေဟာ ဒါကို နှစ်ပေါင်းများစွာ တိုက်ထုတ်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မီခေးလ် စကော့နဲ့ ဒန်နီယဲလ် အော့ဖ် မော်လေးတို့လိုပဲ တိုလေဒိုမြို့ကြီးဟာ အခြားသော ဘာသာပြန်ပညာရှင်တွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့ပါတယ်။ ဂျရတ် အော့ဖ် ခရီမိုနာ (Gerard of Cremona) ဟာ အလ်-ဇဟ်ရာဝီ (Al-Zahrawi) ရဲ့ အတွဲ ၃၀ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်း၊ အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း)၊ အလ်-ကင်ဒီ (Al-Kindi) ရဲ့ ဂျီသြမေတြီဆိုင်ရာ အလင်းပညာရပ်ကျမ်း၊ အလ်-ရာဇီ (Al-Razi) ရဲ့ A Study and Classification of Salts and Alums (Sulfates) (ဆားများနှင့် ဆာလ်ဖိတ်များကို လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာကျမ်း)၊ ဘနူမူဆာ ညီအစ်ကို (Banu Musa Brothers) ရဲ့ ဂျီသြမေတြီဆိုင်ရာကျမ်း စတာတွေကို လက်တင်ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ ဂျရတ်ရဲ့ ထူးခြားချက်ကတော့ စာအုပ်ပေါင်း ၈၀ ကျော်ကို ဘာသာပြန်ဆိုခဲ့ပေမယ့် အာရဘီဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံ မိုဇာရဘ် (Mozarab) လူမျိုးတွေနဲ့ အာရဘီဘာသာစကားကို ကျွမ်းကျင်တဲ့ စပိန်ခရစ်ယာန်တွေကို မှီပြီး ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ Voice from the Dark အစီအစဉ်မှာတော့ “ဒီဘာသာပြန်လုပ်ငန်းဟာ ဘာသာစကား အမျိုးမျိုးကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ ပြန်ဆိုတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အာရဘီကို မိခင်ဘာသာစကားအဖြစ် ပြောဆိုကြတဲ့ ဒေသခံတစ်ဦးက ကူညီပေးတဲ့ ဘာသာပြန်အဖွဲ့တစ်ခုနဲ့ ပြန်ဆိုကြတယ်။ အဲဒီဒေသခံဟာ စာအုပ်တွေကို ကျယ်ကျယ်အော်ဖတ်ပေးပြီး အာရဘီစကားပြောကို နားလည်ကာ ခေတ်ပေါ်စပိန်ဘာသာစကားထက် ပိုရှေးကျတဲ့ ရောမစာပေကိုလည်း တတ်ကျွမ်းသူတွေက နားထောင်ကြပြီး ရောမဘာသာစကားနဲ့ ပြန်လည်ရေးသားကြပါတယ်။ အဲဒီရောမဘာသာပြန်ကို နောက်ပိုင်းမှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ကြပါတယ်။ တစ်ချို့သော ဘာသာပြန်ဆိုသူတွေကတော့ အဲဒီဘာသာစကား ၃ ခုစလုံးကို ပိုင်နိုင်တတ်ကျွမ်းကြတာကြောင့် သူတို့ တစ်ဦးတည်း ဘာသာပြန်ဆိုလေ့ ရှိကြပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

တော်လေဒိုကို အလ်ဖွန်ဆို ၆ (Alfonso VI) က ပြန်လည်သိမ်းယူခဲ့ပေမယ့်လည်း အဲဒီဒေသမှာရှိတဲ့ မွတ်စလင်၊ ဂျူးနဲ့ မိုဇာရဘ်တို့ရဲ့အကြားမှာ အာရဘီဘာသာစကားကိုပဲ ဘုံဘာသာစကားအဖြစ် ဆက်လက် သုံးစွဲခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း မွတ်စလင်ရဲ့ ယဉ်ကျေးမှုတွေက တည်မြဲခဲ့သလို ဗိသုကာလက်ရာတွေကအစ အစ္စလာမ့်မစ်လက်ရာတွေ ဖြစ်နေပါတယ်။ တော်လေဒိုရဲ့ ရှည်လျားပြီး အကွေ့အကောက်များတဲ့ လမ်းတွေဟာ အဲဒီဒေသကို ရောက်ရှိလာတဲ့ ဘာသာပြန်ဆရာတွေ၊ ပညာရှင်တွေ ကွန်းခိုစရာ၊ လေ့လာစရာနေရာတွေ ဖြစ်ခဲ့ပါတယ်။ အနောက်တိုင်းက ပညာရှင်တွေ အားလုံးအတွက်တော့ တော်လေဒိုဟာ အဓိပ္ပါယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတော့တယ်။

တော်လေဒိုမှာပေါ်ထွက်ခဲ့တဲ့ ဘာသာပြန်လက်ရေးမူစာအုပ်တွေကို အခုအချိန်အထိ တော်လေဒို ကက်သလစ်ဘုရားကျောင်းရဲ့ မော်ကွန်းတိုက်မှာ တွေ့မြင်နိုင်မှာဖြစ်ပြီး ဒန်နီယဲလ် အော့ဖ် မော်လေးတို့ လက်ထက်ကတည်းက ပြန်ဆိုခဲ့တာတွေအပါအ၀င် ဘာသပြန်လက်ရာပေါင်း ၂၅၀၀၀ လောက် ရှိနေပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Leave a Reply