6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၊ ၂၀၁၆

M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

အီရန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ဂျီသြမေတြီလက်ရာများဖြင့် အလှဆင်ထားမှု

– မွတ်စလင်တွေဟာ အနုစိတ်ပြီး ခန့်ငြားတဲ့ ဂျီသြမေတြီ  ဒီဇိုင်းတွေကို အဆောက်အဦးတွေအတွင်း ဖန်တီးထည့်သွင်းရာမှာ ကျော်ကြားသူတွေဖြစ်ပါတယ်။ ဒီ ရင်သပ်ရှုမောဖွယ် ဒီဇိုင်းတွေဟာ ဂျီသြမေတြီ ပညာရပ်၊ တိုင်းတာမှု ပညာရပ်၊ အိမ်ယာဆောက်လုပ်မှု၊ အမှတ်၊ မျဉ်း၊ ထောင့်တွေရဲ့ ဆက်နွယ်မှု၊ ၂ ဖက်မြင်၊ ၃ ဖက်မြင် စတဲ့ပညာရပ်တွေမှာ ခုန်ပျံကျော်လွှား တိုးတက်မှုမရှိဘဲနဲ့ ဖြစ်လာနိုင်စရာ မရှိပါဘူး။

ဂျီသြမေတြီနယ်ပယ်မှာ ဂရိတွေရဲ့ စိတ်ဝင်တစား လေ့လာဖော်ထုတ်မှုတွေကို မွတ်စလင်ပညာရှင်တွေက အမွေဆက်ခံခဲ့ပြီး၊ ဆန်းသစ်မှုတွေ၊ ချဲ့ထွင်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ယူကလစ်ရဲ့ Elements ဆိုတဲ့ ကျမ်းကြီးထဲမှာ ဂျီသြမေတြီဆိုင်ရာ ကဏ္ဍလည်း ပါဝင်ပြီး အဲဒီပညာရပ်အတွက် သူဟာ အချိန်အတော်ကြာ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ပါရမီရင့်သန်တဲ့ သင်္ချာပညာရှင်အများစုဟာ ဂျီသြမေတြီပညာရပ်ကို ယူကလစ်ရဲ့ ဒီကျမ်ကြီးကနေတစ်ဆင့် စတင်လေ့လာကြရတာပါ။

မွတ်စလင်ပညာရှင်တွေဟာ ဂျီသြမေတြီပညာရပ်ကို ဂရိတွေဖော်ထုတ်ခဲ့တဲ့ ရင်းမြစ် ၃ ခုကနေ လေ့လာသိရှိခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံး ရင်းမြစ်က ယူကလစ်ရဲ့ Elements ဆိုတဲ့ ကျမ်းဖြစ်ပြီး ၈ ရာစု ဘဂ္ဂဒတ်မြို့ရဲ့ ပညာ့ရိပ်မြုံ (House of Wisdom) မှာ ဘာသာပြန်ဆိုခဲ့ပါတယ်။ ဒုတိယရင်းမြစ်ကတော့ အာခီမီဒီးစ် (Archimedes) ရဲ့ ကျမ်း ၂ အုပ်ဖြစ်တဲ့ On the Sphere and Cylinder (စက်လုံးနှင့် ဒုလုံးရှည်ဆိုင်ရာကျမ်း) နဲ့ The Heptagon in th Circle  (စက်ဝိုင်းအတွင်းရှိ သတ္တဂံဆိုင်ရာကျမ်း) တွေ ဖြစ်ပါတယ်။ ဒုတိယစာအုပ်ကို အခုအချိန်မှာ ဂရိစာပေနဲ့ မရနိုင်တော့ဘဲ သာဘစ် အစ်ဗနေ့ ကွာရာ (Thabit Ibn Qurra) ဘာသာပြန်ဆိုထားတဲ့ အာရဘီမူရင်းသာ ရှိပါတော့တယ်။ တတိယမြောက်နဲ့ နောက်ဆုံး ရင်းမြစ်ကတော့ အပိုလိုနီယော့စ် အော့ဖ် ပါရ်ဂါ (Appolonios of Perga) ရဲ့ နက်နဲလှတဲ့ The Conis (ကတော့ချွန်ဆိုင်ရာကျမ်း) ဆိုတဲ့ ကျမ်းဖြစ်ပါတယ်။ အဲဒီကျမ်းဟာ ၈ တွဲရှိပြီး ဘီစီ ၂၀၀ လောက်က ရေးသားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ၄ အုပ်သာ ဂရိစာပေနဲ့ ရှိတော့ပြီး၊ ခေတ်ပေါ် ပညာရှင်တွေဆီ ရောက်ရှိခဲ့တဲ့ ၇ အုပ်ကတော့ အာရဘီဘာသာပြန်တွေ ဖြစ်ပါတယ်။

လက်တွေ့တည်ဆောက်မှုအစ

al kuhi

ဂျီသြမေတြီနယ်ပယ်ကို တစ်ခေတ်ဆန်းစေခဲ့သူ အလ်-ကူဟီ

ဂရိတွေနဲ့ အစ္စလမ်ကမ္ဘာက ပညာရှင်တွေရဲ့ ဂျီသြမေတြီဆိုင်ရာ လေ့လာတည်ဆောက်မှုတွေက အများစုဟာ conic section (ကတော့ချွန်အခြေပြု ဂျီသြမေတြီ ပညာရပ်) ဆိုတဲ့ သီအိုရီအောက်မှာ ရှိပါတယ်။ ဥပမာအားဖြင့် အလင်းနဲ့ပတ်သက်ပြီး လေ့လာဖို့အတွက် ကြည့်မှန်တွေဖန်တီးတာ၊ အချိန်သိရဖို့အတွက် နေနာရီတွေဖန်တီးရာမှာ ဒီ ကတော့ချွန်အခြေပြု ဂျီသြမေတြီပညာရပ်ကို အသုံးပြုခဲ့ကြပါတယ်။

အဘူ ဆာဟ်လ် အလ်-ကူဟီ (Abu Sahl al-Kuhi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဟာ အဲဒီ conic section သီအိုရီကိုအသုံးပြုပြီး သတ္တဂံ (heptagon) လို့ခေါ်တဲ့ အနား ၇ နားပါတဲ့ ဗဟုဂံ (polygon) တစ်ခု တည်ဆောက်ရေး ထူးခြားတဲ့နည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဘူ ဆာဟ်လ် အလ်-ကူဟီဟာ ဘဂ္ဂဒတ်မြို့မှာ သြဇာကြီးမားတဲ့ ဘူယစ်မိသားစု (Buyid family) ရဲ့ အရေးပါသူတွေက မွတ်စလင်ကမ္ဘာအရှေ့ခြမ်းကနေ စုဆောင်းခဲ့တဲ့ ပါရမီရင့်သန်တဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ကက်စပီယန်ပင်လယ်တောင်ဘက် တောင်တန်းဒေသဇာတိ အလ်-ကူဟီက အရင်က ဘဂ္ဂဒတ်မြို့ဈေးမှာ ဖန်ပုလင်းတွေကို ပစ်မြှောက်ကစားပြရတဲ့ လက်လှည့်ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ သိပ္ပံပညာရပ်တွေဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ အာခီမီဒီးစ်ရဲ့ ရေးသားဖော်ထုတ်မှုတွေကို စိတ်ဝင်စားခဲ့တဲ့ အလ်-ကူဟီဟာ Book II of On the Sphere and Cylinder (စက်လုံးနှင့် ဒုလုံးရှည်ဆိုင်ရာ ဒုတိယမြောက်ကျမ်း) နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်ကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်မှာ အလ်-ကူဟီ အဓိကထား ဖော်ပြခဲ့တာကတော့ ကတော့ချွန်အခြေပြု ဂျီသြမေတြီပညာရပ် (conic section)နဲ့ ရှုပ်ထွေးတဲ့ ဂျီသြမေတြီဆိုင်ရာ ပစ္စည်းတွေကို ဖန်တီးတည်ဆောက်မှုနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အဲဒီပညာရပ်ကို အသုံးချရေး ဖြစ်ပါတယ်။

ဥပမာအားဖြင့် အလ်-ကူဟီဟာ conic section ပညာရပ်ကို အသုံးပြုပြီး စက်လုံးအမျိုးမျိုးကို တည်ဆောက်ပြခဲ့ပါတယ်။ နောက်ပြီး သူဟာ conic secton ပညာရပ်ဆိုင်ရာ ပုံတွေဆွဲရာမှာ အသုံးပြုတဲ့ ‘complete compass’ ဆိုတဲ့ ကိရိယာတစ်ခုကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဘူ ဆာဟ်လ် အလ်-ကူဟီဟာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့သူတစ်ယောက်လည်းဖြစ်ပြီး ဂျီသြမေတြီပညာရပ်မှာ အရေးပါတဲ့ သတ္တဂံတစ်ခု တည်ဆောက်နိုင်ရေးကို အသေးစိတ် ဖော်ထုတ်ရေးသားနိုင်ခဲ့ပါတယ်။ အာခီမီဒီးစ်ဟာ သတ္တဂံတစ်ခု တည်ဆောက်နိုင်တယ်ဆိုတဲ့ ရှုထောင့်ကို စက်ဝိုင်းအတွင်း ရေးဆွဲသက်သေပြနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့တည်ဆောက်မှုနည်းလမ်းကိုတော့ မဖေါ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါဟာ သင်္ချာနယ်ပယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့သော သင်္ချာဆိုင်ရာ ပစ္စည်းတွေကို ရေးဆွဲတည်ဆောက်ရာမှာ နည်းလမ်းတွေကို တစ်ဆင့်ချင်းစီရှင်းပြဖို့ အခက်ကြုံရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် သင်္ချာပညာရှင်တွေဟာ သောကရောက်တတ်ကြပြီး အနည်းဆုံး ဒီလို နည်းလမ်းတစ်ခု တည်ရှိတယ်ဆိုတာကို အခိုင်အမာ ပြောကြားခဲ့ကာ အသေးစိတ်တဲ့နည်းလမ်းတွေကို နောက်ပိုင်းပညာရှင်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ကြပါတယ်။

အာခီမီဒီးစ်ဟာ သတ္တဂံတည်ဆောက်ရေး နည်းလမ်းတစ်ခုရှိနေတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့် လက်တွေ့တည်ဆောက်မှုကိုတော့ ဂရိနဲ့ မွတ်စလင်သင်္ချာပညာရှင်ကြီးတွေဟာ ရာစုနှစ်များစွာကြာ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။ ၁၀ ရာစုလောက်မှာ မွတ်စလင်ပညာရှင်တစ်ဦးဖြစ်တဲ့ အဘူ အလ်-ဂျက်ဒ် (Abu al-Jud) က “ဒါကိုအဆုံးသတ်ဖို့ဟာ ပိုမိုခက်ခဲပြီး၊ သီအိုရီတစ်ခုအဖြစ် ရောက်ရှိဖို့အတွက် သက်သေပြနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဘူ ဆာဟ်လ် အလ်-ကူဟီကတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ပြီး သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကနေတစ်ဆင့် သတ္တဂံတည်ဆောက်ရေးပြဿနာကို ပြေလည်စေခဲ့ပါတယ်။ သူဟာ ဒီအခက်အခဲကို ပြဿနာ ၃ ခုအဖြစ် လျှော့ချခဲ့ပြီး သတ္တဂံလက်တွေ့တည်ဆောက်နိုင်မှုဆီ ဦးတည်နိုင်ခဲ့ပါတယ်။ သတ္တံဂံအနားရဲ့ အလျားတွေကို အခြေခံပြီး ကတော့ချွန်အခြေပြု ဂျီသြမေတြီပညာရပ်ကို စတင်ဖော်ထုတ်ရမယ်လို့လည်း အလ်-ကူဟီက ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အချိုးအစား သတ်မှတ်ထားတဲ့ မျဉ်းဖြတ်တွေကို ဖော်ထုတ်ခဲ့ပြီး၊ အဲဒီမျဉ်းဖြတ်တွေကမှတစ်ဆင့် တြိဂံတွေတည်ဆောက်ကာ နောက်ဆုံးမှာ အဲဒီတြိဂံတွေကို ပေါင်းစပ်ပြီး သတ္တဂံတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။

အလ်-ကူဟီရဲ့ တြိဂံတစ်ခုကိုသုံးပိုင်းပိုင်းတဲ့နည်းလမ်း တွေ့ရှိမှုကလည်း ထင်ရှားကျော်ကြားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အလ်-ကူဟီထက် ငယ်ရွယ်ပြီး ခေတ်ပြိုင် မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ အဘ်ဒူလ် ဂျာလီလ် အလ်-ဆစ်ဂ်ျဇီ (Abdul-Jalil al-Sijzi) ကတော့ အလ်-ကူဟီရဲ့ ဒီတွေ့ရှချက်ကို “အလ်-ကူဟီ နိယာမ” လို့ ရည်ညွှန်းသုံးနှုန်းခဲ့ပြီး nonagon လို့ခေါ်တဲ့ အနား ၉ နားပါ ဗဟုဂံတည်ဆောက်ရေးမှာ အသုံးချခဲ့ပါတယ်။

နေနာရီမျက်နှာပြင်တွေမှာ နံပါတ်တွေထွင်းထုဖို့ကြိုးစားတဲ့ လက်မှုပညာရှင်တွေအတွက် ကတော့ချွန်အခြေပြု ဂျီသြမေတြီပညာဟာ အရေးပါခဲ့ပါတယ်။ နေ့ဖက်မှာ နေရဲ့ စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်သွားလာမှုကြောင့် မြေပြင်ပေါ်မှာ စိုက်ထားတဲ့ တုတ်ချောင်းရဲ့ အရိပ်ဟာ ကတော့ချွန် ၂ ခု ဖြစ်စေတယ်ဆိုတာကို ဂရိတွေက သိခဲ့ကြပါတယ်။ အဲဒီကတော့ချွန်နှစ်ခုကို မိုးကုပ်စက်ဝိုင်းရဲ့ ပြင်ညီဖြစ်မှုက ပိုင်းဖြတ်လိုက်တဲ့အခါမှာတော့ hyperbola နှစ်ခုကို ရရှိပါတယ်။ သာဘစ် အစ်ဗနေ့ကွာရာရဲ့ မြေးဖြစ်တဲ့ အီဘရာဟင် အစ်ဗနေ့ ဆီနန် (Ibrahim ibn Sinan) ရဲ့ ဂျီသြမေတြီဆိုင်ရာ တွေ့ရှိချက်တွေမှာ ဂရိတွေရဲ့ ဒီအယူအဆက တော်တော်လေး တွန်းအားဖြစ်စေခဲ့ပါတယ်။ အစ်ဗနေ့ ဆီနန်ဟာ အသည်းရောဂါကြောင့် သက်ဆိုးမရှည်ခဲ့ဘဲ သက္ကရာဇ် ၉၄၆ ခုနှစ်၊ အသက် ၃၇ နှစ်မှာပဲ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင် စာရေးစရာဖြစ်သူ ဂျေ အလ် ဘာ့ဂ်ဂရင်း (J. L. Berggren) ကတော့ “အစ်ဗနေ့ ဆီနန်ရဲ့ တည်တံ့ဆဲ ဖော်ထုတ်တွေ့ရှိချက်တွေဟာ သင်္ချာသမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ဂုဏ်သိမ်ကို ဖော်ညွှန်းနေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

နောက်ပြီး အီဗရာဟင် အစ်ဗနေ့ ဆီနန်ရဲ့ အောင်မြင်မှုတွေကိုလည်း ဘာ့ဂ်ဂရင်းက အခုလို ဖော်ကျူးခဲ့ပါတယ်။

“ပါရာဘိုလာ အစိတ်အပိုင်းနဲ့ပတ်သက်တဲ့နယ်ပယ်မှာ သူ့ရဲ့ ဖော်ထုတ်မှုဟာ အရိုးရှင်းဆုံးဖြစ်ပြီး အနောက်တိုင်းမှာ သိပ္ပံပညာစတင်ထွန်းကားခဲ့တဲ့ ရီနေဆန်း (Renaissance) ကာလ မတိုင်ခင်ကတည်းက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးခဲ့ပါတယ်။ နေနာရီနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာလည်း နည်းလမ်းတစ်ခု၊ ဒါမှမဟုတ် ပေါင်းစပ်ထားတဲ့ နည်းလမ်းတွေနဲ့ လုပ်လို့ရနိုင်သမျှ နေနာရီပုံသဏ္ဍာန်မျိုးစုံကို ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ပါတယ်။ ဒီဖော်ထုတ်မှုတွေက သူ့အရင်ပညာရှင်တွေ မစွမ်းသာခဲ့တဲ့ ပြဿနာတွေကို အောင်မြင်ဆန်းသစ်စွာ ဖြေရှင်းဖော်ထုတ်နိုင်ခဲ့တယ်ဆိုတာကို ဖော်ကျူးနေတာလည်း ဖြစ်ပါတယ်”

 လက်တွေ့အသုံးချပြီ

ဗလီဝတ်ကျောင်းတော်တွေ၊ နန်းတော်တွေနဲ့ စာကြည့်တိုက်တွေလို အများပြည်သူသုံး အဆောက်အဦးတွေကို အလှဆင်ရာမှာ အသုံးပြုနိုင်မယ့် လက်တွေ့အသုံးချ ဂျီသြမေတြီလက်ရာ ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မွတ်စလင်ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပြီး လက်မှုပညာသည်တွေရဲ့ လက်ရာတွေကို ချဲ့ထွင်တာ၊ အဲဒီအနုပညာလက်ရာတွေရဲ့ အဆုံးစွန်ဆုံးအထိ ရှာဖွေဖော်ထုတ်တာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

သက္ကရာဇ် ၉၅၀ မှာ ကွယ်လွန်ခဲ့ပြီး ဂီတနဲ့ ဒဿနိကဗေဒတွေဆိုင်ရာ ကျမ်းတွေပြုစုတာ၊ အရစ္စတိုတယ်ရဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ရေးတာတွေနဲ့ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်ပညာရှင်ကြီး အဘူ နာဆာရ် အလ်-ဖာရာဘီ (Abu Nasr Al-Farabi) ဟာ ပစ္စည်းကိရိယာ အကန့်အသတ်ရှိနေတဲ့ အဲဒီခေတ်ကာလမှာ ရနိုင်သမျှ ကိရိယာတွေကို အသုံးပြုပြီး ဂျီသြမေတြီဆိုင်ရာ တည်ဆောက်မှုနဲ့ပတ်သက်တဲ့ ကျမ်းကြီးတစ်စောင် ရေးသားနိုင်ခဲ့တဲ့အတွက် ချီးကျူးခံခဲ့ရပါတယ်။ လက်တွေ့အသုံးချ ဂျီသြမေတြီပညာရပ်နဲ့ပတ်သက်တဲ့ သူရဲ့ ဖော်ထုတ်တွေ့ရှိချက်တွေကို A Book of Spiritual Crafts and Natural Secrets in The Details of Geometrical Figures (ဂျီသြမေတြီ ပုံသဏ္ဍာန်များတွင် တည်ရှိနေသော ဆန်းကြယ်သည့် လက်မှုပညာနှင့် သဘာဝတရား၏ လျှို့ဝှက်ချက်ဆိုင်ရာကျမ်း) ဆိုတဲ့ ကျမ်းထဲမှာ အသေးစိတ်ဖော်ပြထားပြီး ဒီကျမ်းကြီးဟာ သင်္ချာနယ်ပယ်မှာတော့ ရှားပါးပြီး တစ်မူထူးခြားတဲ့ ကျမ်းကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အလ်-ဖာရာဘီရဲ့ ဒီဖော်ထုတ်တွေ့ရှိချက်တွေကို နောက်ပိုင်းမှာ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ အဘူ အလ်-၀ါဖာ (Abu Al-Wafa) က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ အလ်-ဖာရာဘီကွယ်လွန်စဉ်မှာ လူငယ်သာရှိသေးတဲ့ အလ်-၀ါဖာဟာ သူ့ရဲ့ On Those Parts of Geometry Needed By Craftsmen (လက်မှုပညာရှင်များ နားလည်ထားရမည့် ဂြီသြမေတြီသဘောတရားများဆိုင်ရာကျမ်း) ဆိုတဲ့ စာအုပ်မှာ အဆောက်အဦးဆောက်လုပ်မှုတွေမှာ အသုံးချနိုင်တဲ့ ဂြီသြမေတြီသဘောတရားတွေကို အပြည့်အစုံ ဖော်ပြထားပါတယ်။

al farabi

ဂျီအိုမေတြီနယ်ပယ်တွင် ပြိုင်ဘက်ကင်း A Book of Spiritual Crafts and Natural Secrets in The Details of Geometrical Figures ကျမ်းကို ရေးသားခဲ့သည့် အလ်-ဖာရာဘီ

အဘူ-အလ်ဝါဖာ အဓိကထား ဖြေရှင်းခဲ့တဲ့ ဂျီသြမေတြီဆိုင်ရာ ပြဿနာတွေထဲမှာ ပေးထားတဲ့ စက်ဝိုင်းစိတ်တစ်ခုရဲ့ အဆုံးမှတ်နဲ့ ထောင့်မှန်ကျအောင် ချိန်ညှိမှု ၊ စက်ဝိုင်းတစ်ခုနဲ့  အနား ၃ နားကနေ ၁၀ နားအထိပါဝင်တဲ့ ဗဟုဂံတွေအတွင်း အချိုးကျတဲ့ စတုရန်းတွေ တည်ဆောက်မှုလည်း ပါဝင်ခဲ့ပါတယ်။

ဂြီသြမေတြီဟာ မွတ်စလင် အနုပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေနဲ့ လက်ရေးလက်သားအလှ ပညာရှင်တွေရဲ့ ထူးထူးခြားခြား အလေးပေးအာရုံစိုက်မှုကိုလည်း ခံခဲ့ရပါတယ်။ အဲဒီ ပညာရှင်ကြီးတွေဟာ သဘာဝတရားမှာရှိနေတဲ့ အတိုင်းအတာအချိုးအစားတွေနဲ့ သင်္ချာဆိုင်ရာ ဖော်ပြချက်တွေအကြား နီးစပ်မှုတွေကို သတိမူမိခဲ့ကြသလို၊ အဲဒီ နက်ရှိုင်းတဲ့ဆက်သွယ်မှုက သူတို့ရဲ့ အသိပညာပိုင်းဆိုင်ရာမှာ ဉာဏ်ကွန့်မြူးဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

အဲဒီ အတိုင်းအတာ အချိုးအစားတွေထဲမှာ ခရုခွံနဲ့ သစ်ရွက်တွေလို သဘာဝလောကကြီးမှာ တွေ့ရများလေ့ရှိပြီး မျက်စိပသာဒရှိတဲ့ အတိုင်းအတာ “Golden Ratio” လည်း ပါဝင်ပါတယ်။ သာမန်လူနားလည်လွယ်အောင် ပြောရရင် Golden Ratio ဆိုတာဟာ အရာဝတ္တုတစ်ခုရဲ့ ဗျက်က သူ့အမြင့်ထက် ၃ ပုံ ၂ ပုံရှိနေတဲ့ ပုံသဏ္ဍာန်မျိုးဖြစ်ပါတယ်။ ဒါကို Golden Section ဒါမှမဟုတ် Golden Line လို့လည်း ခေါ်ပါသေးတယ်။ ဒဿမကိန်းအရ ၁.၆၁၈ ဖြစ်ပြီး၊ အချိုးအရ ၈ အချိုး ၁၃ (၈း၁၃) ဖြစ်တဲ့ အဲဒီ Golden Ratio ကို အနုပညာနဲ့ ဗိသုကာလက်ရာ တော်တော်များများမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

အတိုင်းအဆနဲ့ အချိုးချမှု

အနုပညာရှင်တွေဟာ ဒီအသုံးဝင်လှတဲ့ ဂြီသြမေတြီဆိုင်ရာ တွေ့ရှိချက်အတွက် ရင်သပ်ရှုမောခဲ့ရပြီးတဲ့နောက်မှာတော့ “အတိုင်းအဆနဲ့ အချိုးချမှု” ဆိုတဲ့ နယ်ပယ်သစ်ဆီ အာရုံစိုက်ခဲ့ကြပါတယ်။

“စင်ကြယ်သော ညီအစ်ကိုများ” လို့ အဓိပ္ပါယ်ရပြီး ၁၀ ရာစု မွတ်စလင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစ်ခ်ဝမ် အလ်-ဆာဖာ (Ikhwan al-Safa) အဖွဲ့ဟာ Rasail (စာလွှာများ) ဆိုတဲ့ ကျမ်းမှာ “အတိုင်းအဆနဲ့ အချိုးချမှု” နဲ့ပတ်သက်လို့ သူ့တို့ရဲ့ အယူအဆတွေကို ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ သူတို့ဟာ အေဒီ ၁ ရာစုက ဗိသုကာပညာရှင်နဲ့ စာရေးဆရာဖြစ်ပြီး လူခန္ဓာကိုယ်ကို အတိုင်းအဆနဲ့ အချိုး စံစနစ်အဖြစ် တိုင်းတာမှတ်ယူခဲ့သူ ဗီထရူဗီးယက်စ် (Vitruvius) ရဲ့ ကျမ်းကြီးကို ဖတ်ရှုလေ့လာခဲ့ပြီး အဲဒီအယူအဆဟာ မပြည့်စုံဘူးလို့ မှတ်ယူခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူရဲ့ အချိုးချမှု အယူအဆမှာ အလယ်ဗဟိုကို လူရဲ့ ချက်မှာမထားဘဲ ပေါင်ခြံနဲ့ မြီးညှောင့်ရိုးမှာ ထားလို့ပါပဲ။

ဗီထရူးဗီးယက်စ်ရဲ့ အယူအဆကလည်း ရှေးခေတ်အီဂျစ်တွေရဲ့ အချိုးသီအိုရီတွေကို အုတ်မြစ်အဖြစ်ယူထားတဲ့ ဂရိတွေရဲ့ စံအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အီဂျစ်တွေရဲ့ အဲဒီ အချိုးသီအိုရီဟာ သူတို့ နတ်ဘုရား အိုဆီရစ် (Osiris) ရဲ့ ကျောရိုးမကြီးနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

အစ်ခ်ဝမ် အလ်-ဆာဖာအဖွဲ့ဟာ ဒီကိစ္စအပေါ် အပတ်တကုတ် လေ့လာအားထုတ်ခဲ့ပြီးတဲ့နောက်မှာတော့ နောက်ဆုံး ကောက်ချက်တစ်ခု ချမှတ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ အချိုးချမှု အယူအဆမှာ လူ့ခန္ဓာကိုယ်ရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို ဆန့်တန်းစေကာ လက်ရဲ့ ထိပ်ဖျားနဲ့ ခြေထောက်ရဲ့ ထိပ်ဖျားတွေဟာ စက်ဝိုင်းတစ်ခုရဲ့ စက်ဝန်းကို သွားထိတယ်လို့ မှတ်ယူခဲ့ပါတယ်။ တစ်ကယ်လို့ အဲဒီလူဟာ အသက် ၇ နှစ်အောက်ဖြစ်မယ်ဆိုရင် အလယ်ဗဟိုဟာ ‘ချက်’ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒီ အလယ်ဗဟိုသတ်မှတ်ချက်ဟာ ပြည့်စုံပေမယ့် အသက် ၇ နှစ်ကျော်သွားတဲ့ လူ့ခန္ဓာကိုယ်နဲ့တော့ သင့်လျော်ခြင်း မရှိခဲ့ပါဘူး။ မွေးကင်းစမှာ လူ့ခန္ဓာကိုယ်ရဲ့ အလယ်ဗဟိုဟာ ချက်ဖြစ်ပြီး ကြီးလာတဲ့အခါမှာတော့ ပေါင်ခြံ၊ ဒါမှမဟုတ် မြီးညှောင့်ရိုးဆီကို ပြောင်းသွားခဲ့ပါတယ်။

ikhwan

အစ်ခ်ဝမ် အလ်-ဆာဖာ အဖွဲ့

အနံ ၈-ဆ အလျား ၁၀-ဆဖြစ်ပြီး အလယ်ဗဟိုက ချက်ဖြစ်တယ်ဆိုတဲ့ အစ်ခ်ဝမ် အလ်-ဆာဖာအဖွဲ့ရဲ့ ဒီအချိုးသတ်မှတ်ချက်ဟာ ဘာသာရေးဆိုင်ရာ ပန်းချီရေးဆွဲမှုတွေအတွက် အရေးပါတဲ့ အတိုင်းအတာတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိုးသတ်မှတ်ချက် အပြည့်အစုံကတော့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဦးခေါင်းအရှည်ပမာဏရဲ့  ၈-ဆ၊ ခြေဖ၀ါးတစ်ခုနဲ့ မျက်နှာဟာ ခန္ဓာကိုယ်တစ်ခုလုံးအရှည်ရဲ့ ၈-ပုံ ၁-ပုံ၊ နဖူးက မျက်နှာရဲ့ ၃-ပုံ ၁-ပုံ၊ မျက်နှာက နှာခေါင်းနဲ့ နားရွက်တို့ရဲ့ ၄-ဆ စသဖြင့် ဖြစ်ပါတယ်။

အသက်ရှင်ရပ်တည်မှုနဲ့ အဟာရရှိရာကို ကိုယ်စားပြုတဲ့ ချက်ကို စက်ဝိုင်းရဲ့ အလယ်ဗဟိုချက်မအဖြစ် ထားရှိခြင်းဟာ အံ့သြဖွယ်ရာကောင်းတဲ့ သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပြီး သဘာဝရဲ့ သရုပ်သကန်လည်း ဖြစ်ပါတယ်။ အစ်ခ်ဝမ် အလ်-ဆာဖာ အဖွဲ့က ဖော်ထုတ်ခဲ့တဲ့ ဒီအချိုးချမှု သီအိုရီဟာ ၁၀ ရာစု စကြာဝဠာဗေဒ၊ ဂီတဖန်တီးမှု၊ လက်ရေးလှအတတ်ပညာနဲ့ အနုပညာနယ်ပယ်အားလုံးမှာ ရောင်ပြန်ဟပ်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ဂြီသြမေတြီပညာရပ်က လျှို့ဝှက်နက်နဲမှုတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် အရေးပါတဲ့ သော့ချက်တစ်ခုအဖြစ်လည်း မှတ်ယူခံခဲ့ရပါတယ်။

ဥပမာအားဖြင့် မွတ်စလင်ပညာရှင်တွေက အချိုးချမှုပညာရပ်မှာ အခြေခံလို့ သတ်မှတ်ခဲ့တဲ့ ၈ ချိုး အခြေပြု အချိုးချမှုရဲ့ သဘာဝအလျောက်ညီညွတ်မှုဟာ ဂီတ၊ ကဗျာစပ်ဆိုသီကုံးမှု၊ လက်ရေးလှအတတ်ပညာနဲ့ အနုပညာဆိုင်ရာ ပုံဖော်မှုတွေမှာ အသုံးချဖို့အတွက် တွန်းအားလည်း ဖြစ်စေခဲ့ပါတယ်။

မွတ်စလင်ပညာရှင်တွေဟာ ဂျီသြမေတြီရဲ့ အခြေခံအုတ်မြစ်ကို ချပေးခဲ့ရုံသာမကဘဲ အိုမာရ် အလ်-ခေယမ် (Umar al-Khayyam) နဲ့ အလ်-တူဆီ (Al-Tusi) တို့လို့ ပညာရှင်ကြီးတွေဟာလည်း အလ်ဂျီဘရာအခြေပြု ဂျီသြမေတြီ၊ မှန်ဘီလူးတွေရဲ့ ဂျီသြမေတြီဆိုင်ရာ သီအိုရီတွေ စတဲ့ ဂျီသြမေတြီပညာရပ်ရဲ့ နယ်ပယ်အသစ်တွေကို ဖော်ထုတ်ချဲ့ထွင်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Leave a Reply