10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၉၊ ၂၀၁၆

M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကနဲ့စာရင် ဒီနေ့ခေတ် လူသားတွေဟာ အစားအသောက်ရင်းမြစ်တွေကို ကိုယ်တိုင်ထုတ်ယူရတာမျိုး သိပ်မရှိတော့ပါဘူး။ လူဦးရေပမာဏတစ်ခုသာ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို လုပ်ကြပါတော့တယ်။ ကျွန်တော်တို့ စူပါမားကတ်ကို သွားလိုက်ရုံနဲ့ပဲ အသား၊ ငါး၊ အသီးအနှံ စတာတွေကို ရာသီမရွေး ၀ယ်ယူစားသုံးလို့ ရနေပါပြီ။ သရက်သီးစားဖို့ မိုးရာသီကို စောင့်စရာ မလိုတော့သလို၊ နွေမှာစားဖို့ အချဉ်သိပ်စရာလည်း မလိုတော့ပါဘူး။ ကမ္ဘာတစ်ဝှမ်းက ရာသီပေါ် အစားအသောက်တွေကို အချိန်မရွေး၊ နေရာမရွေး ၀ယ်ယူ စားသောက်နိုင်တာဟာ အခုအချိန်မှာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလို နေရာမရွေး၊ အချိန်မရွေး စားသုံးနိုင်အောင် စိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ အစကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၉ ရာစုလောက်မှာ မွတ်စလင်လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကောက်ပဲသီးနှံတွေကို ရယူစိုက်ပျိုးတာ၊ ရေသွင်းစိုက်ပျိုးမှု နည်းလမ်းတွေကို ဖော်ထုတ်အသုံးပြုတာ၊ တစ်ခြားဒေသတွေက စိုက်ပျိုးရေးနည်းလမ်းတွေကို သူတို့ဒေသနဲ့ အံဝင်အောင် သိပ္ပံနည်းကျ ပြောင်းလဲအသုံးပြုတာ၊ တစ်ဦးချင်း လယ်ယာပိုင်ဆိုင်မှု ရရှိရေးဆိုတဲ့ လက်တွေ့အကျိုးပြု လယ်ယာလုပ်ငန်းတွေ ဖော်ဆောင်တာတွေပဲ ဖြစ်ပါတယ်။ ဒီလို တီထွင်ကြံဆမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေက အရင်က မရှိခဲ့ဖူးတဲ့ ကောက်ပဲသီးနှံမျိုးစုံ ရာသီမရွေး စိုက်ပျိုးနိုင်မှု နည်းစနစ်ဆီကို ဦးတည်ခဲ့ပါတယ်။

ပညာအတွက် ကမ္ဘာအနှံ့ ခရီးဆန့်

ခရီးသွားလာရတာကိုနှစ်သက်တဲ့ လူ့အဖွဲ့အစည်းကနေ ဖြစ်တည်လာတဲ့ မွတ်စလင်တွေဟာ အာရှတိုက်ရဲ့ မြက်ခင်းပြင်ကြီးတွေကနေ၊ ဥရောပတောင်တန်းကြီးတွေအထိ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ကာ အသိပညာတွေ၊ သတင်းအချက်အလက်တွေကို ရှာဖွေစုဆောင်းဖို့အတွက် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ကြပါတယ်။ အဲဒီလို လှည့်ပတ်သွားလာမှုအတွင်းမှာ သူတို့တွေ့ရှိခဲ့တဲ့ အရာတိုင်းကို မှတ်တမ်းတင်ရင်းကနေပဲ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းလမ်းတွေ တစ်ပုံတစ်ပင်ကိုလည်း ရရှိခဲ့ကြပါတယ်။ ၁၉၀၄ ခုနှစ်မှာ အမေရိကန်သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့  အက်စ် ပီ စကော့ (S.P.Scott) က “ဒီလိုစုဆောင်းမှုဟာ အရှေ့ပိုင်း၊ တူနီးရှားနဲ့ အန်ဒါလူစီယာတို့က ယခင်ရှိခဲ့တဲ့၊ ပစ္စုပ္ပန်မှာ ရှိနေတဲ့ လောကဓာတ်ပညာရပ် အမြောက်အများကို ပေါင်းစည်းစေတဲ့ လက်ဖျားခါလောက်တဲ့ အခြေအနေတစ်ခုကို ဖြစ်ထွန်းစေခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ အန်ဒရူး ၀ပ်ဆန် (Andrew Watson) က မွတ်စလင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။

“ရာစုနှစ် သုံးလေးခုလောက် စုစည်းညီညွတ်ခဲ့တဲ့ မွတ်စလင်ကမ္ဘာဟာ အသစ်အဆန်းမှန်သမျှကို လက်ခံ အသုံးပြုခဲ့ကြပါတယ်။ ပြီးတော့ ကိုယ်ကျင့်အပြုအမူ၊ လူမှုဘ၀တည်ဆောက်ပုံ၊ အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အခြေခံအဆောက်အဦး၊ သိပ္ပံဆိုင်ရာတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု စတဲ့ နည်းသစ်လမ်းသစ်တွေကိုလည်း တစ်မူထူးခြားစွာ ပြန့်နှံစေခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းမဟုတ်ဘဲ စီးပွားရေးအပြင်ဘက်မှာရှိနေတဲ့ အသက်ရှင်ရပ်တည်မှုနယ်ပယ်တွေအပါအ၀င် အခြားသော စီးပွားရေး ကဏ္ဍတွေမှာလည်း ဒီဆန်းသစ်မှုတွေ ထိတွေ့ကာ စိမ့်ဝင်ပြန်နှံ့ခဲ့ပါတယ်”

မတူကွဲပြားတဲ့ ဒေသတွေကနေ ဒီလို အသိပညာတစ်ပုံတစ်ပင် ပေါ်ထွက်လာမှုနဲ့အတူ မွတ်စလင်တွေဟာ အကောင်းဆုံး မြင်းတွေ၊ သိုးတွေကို မွေးမြူနိုင်သူတွေ၊ အကောင်းဆုံး သစ်သီးခြံတွေ၊ ဟင်းသီးဟင်းရွက်ခြံတွေကို စိုက်ပျိုးနိုင်သူတွေလည်း ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အပင်ဖျက်ပိုးမွှားတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲဆိုတာကို သိရှိခဲ့သလို၊ ဓာတ်မြေသြဇာကိုလည်း စတင် အသုံးပြုခဲ့ကြပါတယ်။ ပြီးတော့ ကိုင်းကူးကိုင်းဆက်စိုက်ပျိုးမှု၊ အပင်များကို မျိုးစပ်ကာ မျိုးစိတ်အသစ်တွေ ဖော်ထုတ်စိုက်ပျိုးမှု စတဲ့ နယ်ပယ်တွေမှာလည်း မွတ်စလင်တွေဟာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့ကြပါတယ်။

ကောက်ပဲသီးနှံအသစ်များ

ရှေးခေတ်ဥရောပမှာ ဆောင်းရာသီသီးနှံတွေကိုသာ အဓိကထားစိုက်ပျိုးကြပြီး ၂ နှစ်နေမှ တစ်ကြိမ် ရိတ်သိမ်းရလ့ရှိပါတယ်။ အလှည့်ကျစိုက်ပျိုးမှုနည်းစနစ်နဲ့ ကောက်ပဲသီးနှံ မျိုးစိတ်အသစ်တွေကို အန်ဒါလူစီယာ မွတ်စလင်တွေက ယူဆာင်လာခဲ့ပြီးတဲ့နောက်မှာတော့ ဒီအခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနည်းစနစ်တွေနဲ့ မျိုးစိတ်အသစ်တွေအများစုဟာ အိန္ဒိယနိုင်ငံကဖြစ်ပြီး မိုးနည်း၊ နေ့တာရှည်ကာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလိုရာသီမျိုးအတွက် အသုံးဝင်မယ့် နည်းလမ်းတွေ၊ မျိုးစိတ်တွေ ဖြစ်ပါတယ်။ မွတ်စလင်တွေ စတင်ဖော်ထုတ်ခဲ့တဲ့ ရေသွင်းစိုက်ပျိုးမှု နည်းလမ်းနဲ့အတူ နောက်ပိုင်းမှာတော့ ဥရောပမှာ တစ်နှစ်ကို လေးသီးစားစိုက်ပျိုးမှုစနစ် ထွန်းကားလာခဲ့ပြီး ကောက်ပဲသီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလာနိုင်ခဲ့ပါတယ်။

ငှက်ပျောသီးလို အပူပိုင်းထွက်သီးနှံတွေကို တိုင်းပြည်ရဲ့ ကမ်းရိုးတမ်းတွေမှာ စိုက်လာနိုင်ခဲ့ပြီး မွတ်စလင်တွေ ယူဆောင်လာခဲ့တဲ့ ကောက်ပဲသီးနှံအသစ်တွေထဲမှာ စပါး၊ အရည်ရွှမ်းတဲ့အသီးတွေ၊ မက်မွန်၊ အုန်း၊ ပိုး၊ ဇီးချို၊ ၀ါ၊ ဂေါ်ဖီ၊ ခရမ်းသီး၊ ကုံကုမံနဲ့ ကြံ စတာတွေ ပါဝင်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ မွတ်စလင်တွေက ကြံစိုက်ပျိုးမှုကို စတင်မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် ကြံဟာ စပိန်ရဲ့ စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့ပါတယ်။ စပိန်ထွက်ကြံတွေကို မွတ်စလင်တွေကပဲ အီသီယိုးပီးယား၊ ဇန်ဇီဘာရ် စတဲ့ နိုင်ငံတွေဆီ ယူဆောင်သွားခဲ့ပြီး အရည်အသွေးမြင့်သကြားထွက်တဲ့ အဲဒီကြံတွေဟာ နာမည်ကြီးခဲ့ပါတယ်။

ပိုးလုပ်ငန်းဟာ စပိန်မှာ အခြေတည်လာခဲ့ပြီး၊ ဂုန်လျှော်ပင်တွေကိုလည်း စိုက်ပျိုးလာနိုင်ခဲ့ကာ၊ စားပွဲခင်း၊ အိပ်ရာခင်းတွေကိုလည်း ပြည်ပကို တင်ပို့လာနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ခြောက်သွေ့တဲ့ဒေသတွေမှာ အလေ့ကျပေါက်တဲ့ ‘အက်စပါတိုမြက်’ (Esparto grass) ကနေ ခြင်းတောင်းတွေ၊ ဖျာတွေ ရက်လုပ်လာနိုင်ခဲ့ပါတယ်။

၁၀ ရာစု မွတ်စလင်ခရီးသွားနဲ့ သမိုင်းပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က လိမ္မော်သီးနဲ့ ရှောက်သီးစိုက်ပျိုးမှုအတွေအကြောင်းကို အခုလို ရေးသားခဲ့ပါတယ်။

“လိမ္မော်ပင် (ရှာဂျာရ် အလ်-နာရန့်ဂ်ျ – Shajar al-naranj) နဲ့ ရှောက်ပင် (အလ်-အသ်ွရုဂ်ျ အလ်-မူဒေါင်ဝါရ် – al-utrujj al-mudawwar) တို့ကို ဟစ်ဂ်ျရီကသက္ကရာဇ် ၃၀၀ (ခရစ်သက္ကရာဇ် ၉၁၂) လောက်မှာ အိန္ဒိယကနေ ယူဆောင်လာခဲ့ပြီး အိုမန်မှာ ပထမဆုံး စိုက်ပျိုးခဲ့ပါတယ်။ အဲဒီကနေပဲ အလ်-ဘာဆရာ (al-Basra) ဆိုသူက အီရတ်နဲ့ ဆီးရီးယားတို့ကို ယူဆောင်သွားခဲ့ပါတယ်။ အချိန်တိုတိုအတွင်းမှာပဲ တာတက်စ် (Tartus) ဒေသအပါအ၀င် ဆီးရီးယားက အခြားသော ကုန်းမြင့်ဒေသနဲ့ ကမ်းရိုးတမ်းဒေသက အိမ်တွေတိုင်းမှာ စိုက်ပျိုးတဲ့ အပင်တွေ ဖြစ်လာပါတော့တယ်။ နောက်ပိုင်းမှာ ဒီအပင်တွေအကြောင်း မသိသေးတဲ့ တူရကီ၊ ပါလက်စတိုင်းနဲ့ အီဂျစ်တို့ကိုလည်း ဒီစိုက်ပျိုးမှုဟာ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားခဲ့ပါတယ် ”

ဒီလိုကောက်ပဲသီးနှံတွေ ဥရောပဆီ ရောက်ရှိလာမှုဟာ တစ်ခါတစ်ရံမှာ အဘ်ဒ် အလ်-ရဟ်မန် ၁ (Abd al-Rahman) လို အိမ်လွမ်းတတ်တဲ့ မွတ်စလင်ဘုရင်တွေလို တစ်ဦးကောင်းတစ်ယောက်ကောင်းရဲ့ ဆောင်ရွက်မှုတွေကြောင့်လည်း ပါပါတယ်။ ဆီးရီးယားက သူ့ရဲ့ရိပ်မြုံလေးကို လွမ်းဆွတ်တဲ့ အလ်-ရဟ်မန်ဟာ စပိန်က အန်ဒါလူစီယာကို အုပ်စိုးတဲ့အခါမှာ ဆီးရီးယားက သူစံစားခဲ့တဲ့ နန်းတော်ပုံစံအတိုင်း ဖြစ်ဖို့အတွက် စွန်ပလွံအပါအ၀င် ကောက်ပဲသီးနှံမျိုးစိတ်တော်တော်များများကို ယူဆောင်ကာ စိုက်ပျိုးခဲ့ပါတယ်။ ကော်ဒိုဘာကို ရောက်လာခဲ့တဲ့ သလဲသီး မျိုးစိတ်တွေကိုတော့ ကော်ဒိုဘာ တရားသူကြီးချုပ် မူအာဝေယာ အစ်ဗနေ့ ဆာလေ့ဟ် (Muawiya ibn Salih) က ဒမတ်စကတ်ကနေ ယူဆောင်လာခဲ့တာဖြစ်ပြီး၊ ဆာဖာရ် (Safar) လို့ခေါ်တဲ့ ဂျော်ဒန်စစ်သား တစ်ဦးကလည်း သဖန်းပင်ကို မာလာဂါမြို့က သူ့ရဲ့ ခြံထဲမှာ စတင် စိုက်ပျိုးခဲ့ပါတယ်။ ဒီစစ်သားလေးရဲ့အမည်ကို အစွဲပြုပြီး ဆာဖရီ (Safri) လို့ခေါ်တဲ့ ဒီအပင်ဟာ နောက်ပိုင်းမှ စပိန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။

ရေသွင်းစိုက်ပျိုးခြင်း

2002_04-00-Naurra

ဆီးရီးယားတွင် ရှေးခေတ်မွတ်စလင်များ တည်ဆောက်ခဲ့သည့် ရေပေးဝေမှုစနစ် အစိတ်အပိုင်းတစ်ခု

အဲဒီကောက်ပဲသီးနှံတွေထဲမှာ တစ်ချို့တွေဟာ ပူပြင်းတဲ့နွေရာသီမှာ ပေါက်ရောက်ကြီးထွားကြတာဖြစ်ပြီး ၄ ရက်ကနေ ၈ ရက်အထိ ရေလောင်းပေးရတဲ့ ကြံတို့လို ကောက်ပဲသီးနှံအသစ်တွေကတော့ ရေကို ပိုလိုအပ်ပါတယ်။ စပါးပင်ဟာလည်း ရေကို အဆက်မပြတ်သွင်းပေးရတဲ့အပင် ဖြစ်ပါတယ်။ ဥရောပမှာ ၀ါကို ၁၁ ရာစု အဆုံးပိုင်းလောက်ကမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး အလယ်ခေတ် သမိုင်းပညာရှင် အစ်ဗနေ့ ဘာဆာလ် (Ibn Bassal) ကတော့ သြဂုတ်လမှာ အညှောင့်ထွက်လာဖို့အတွက် ၀ါပင်ကို ၂ ပတ်တစ်ကြိမ် ရေသွင်းပေးရတယ်လို့ ရေးသားခဲ့ပါတယ်။ အန်ဒါလူစီယာဒေသဟာ ၀ါပင်ကို ပြည်တွင်းမှာအသုံးပြုဖို့ ဖူလုံယုံသာမက စီဂျီလ်မာဆာ (မော်ရိုကို) နဲ့ တောင်ဘက် အာဖရိကဒေသ အစ်ဖ်ရီကီယာ (Ifriqiya) တွေကိုပါ တင်ပို့နိုင်ခဲ့ပါတယ်။ လိမ္မော်သီးနဲ့ အခြား အရည်ရွှမ်းအပင်တွေဟာလည်း အခြားသော သီးပင်စားပင်တွေ၊ ခြောက်သွေ့တဲ့ဒေသမှာ စိုက်ပျိုးရတဲ့ အပင်တွေလို ရေသွင်းစိုက်ပျိုးဖို့ လိုပါတယ်။

ဒါဆိုရင် ဒီရေလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပါသလဲ။ မွတ်စလင်တွေဟာ ရေပေးဝေရေးစနစ်ကို တီထွင်ဖော်ထုတ်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေဖြစ်ကြပြီး အဆက်မပြတ်စီးဆင်းနေတဲ့ ရေပေးဝေရေးကို ရေအားသုံး ရေစုပ်စက်တွေ၊ နိုရီယက်စ် (Norias) လို့ခေါ်တဲ့ ရေဘီးတွေကိုအသုံးပြုပြီး စီမံဆောင်ရွက်ခဲ့ပါတယ်။ စပိန်ကို မွတ်စလင်တွေ အုပ်စိုးစဉ်က စပါးစိုက်ခင်းတွေကို ရေပေးဖို့အတွက် ဗလင်စီယာမြို့တစ်ခုတည်းမှာပဲ နိုရီယက်စ် ၈၀၀၀ လောက် တည်ဆောက်ခဲ့ပါတယ်။

မွတ်စလင်တွေဟာ စက်ကိရိယာတွေကို တိရစ္ဆာန်အားသုံးပြီး လည်ပတ်တဲ့စနစ်ကိုလည်း သုံးစွဲခဲ့ပြီး ခေတ်မီတဲ့ ဂီယာနည်းစနစ်တွေကိုလည်း ဒီထွင်ခဲ့ကြပါတယ်။ ဆဟာရဒေသလို ကြမ်းတမ်းပြီး၊ ဘာမှ စိုက်လို့မရတဲ့ ဒေသတွေမှာလည်း မြေအောက်မြောင်းအသုံးပြု ရေပေးဝေရေးစနစ်ကို သုံးကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။

အဲဒီရေတွေ စိုက်ခင်းထဲကိုရောက်ဖို့အတွက် ရေပေးဝေရေးစနစ်နဲ့ အနိမ့်အမြင့်ကို မှန်ကန်စွာ တွက်ချက်တတ်ဖို့လည်း လိုအပ်ပါတယ်။ သင်္ချာပညာမှာ ထူးချွန်တဲ့ မွတ်စလင်တွေဟာ ဒီအတွက်လည်း အခက်ခဲမရှိခဲ့ပါဘူး။ Triangulation နည်းစနစ်ကိုသုံးပြီး အနိမ့်အမြင့်စနစ်တွေကို မှန်ကန်စွာ တိုင်းတာ တွက်ချက်နိုင်ခဲ့ကြပါတယ်။

စိုက်ပျိုးရေးမှာ အကူအညီဖြစ်စေခဲ့တာက သင်္ချာပညာရပ်တစ်ခုတည်းသာ မဟုတ်ပါဘူး။ ၁၁ ရာစု စပိန်နိုင်ငံ တော်လေဒိုမြို့မှာ ထွန်းကားခဲ့တဲ့ ခေတ်မီ နက္ခတဗေဒပညာရပ်တွေကလည်း လယ်ယာကဏ္ဍကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ သတင်းထောက် ရာဂျီဟ် အိုမာရ် (Rageh Omar) ရဲ့ An Islamic History of Europe (ဥရောပအစ္စလာမ့်သမိုင်း) ဆိုတဲ့ ဆောင်ပါးမှာ “နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုဇယားကို စိုက်ပျိုးရေးကဏ္ဍမှာ အသုံးပြုခဲ့ကြပြီး အဲဒီဇယားမှာ စိုက်ရပျိုးရမယ့် ကာလရာသီကို ဖော်ပြထားပါတယ်” လို့ ရေးသားခဲ့ပါတယ်။

မြေယာခွဲဝေပိုင်ဆိုင်မှု နည်းလမ်းသစ်

မွတ်စလင်တွေရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်အောင်မြင်မှုအတွက် အဓိက အရေးပါတဲ့ အကြောင်းအရင်းတစ်ရပ်ကတော့ စနစ်ကျတဲ့ လယ်မြေပိုင်ဆိုင်မှုစနစ် ထွန်းကားလာတာကြောင့် ဖြစ်ပါတယ်။ အဲဒါကတော့ မြေပိုင်ရှင်ကြီးတွေ၊ လယ်ပိုင်ရှင်ကြီးတွေဆီကနေ လယ်မြေ ငှားရမ်းလုပ်ကိုင်ရပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတဲ့ စနစ်ကနေ လယ်သမားတွေဟာ သူတို့အတွက်နဲ့ လူ့အဖွဲ့အစည်းအတွက် ပိုမိုအလုပ်လုပ်နိုင်မယ့် လယ်ယာခွဲဝေပိုင်ဆိုင်မှုစနစ်ကို မွတ်စလင်တွေက ပြောင်းလဲလိုက်တာပါပဲ။ ဒါဟာ လယ်ယာပိုင်ဆိုင်မှုကဏ္ဍနဲ့ပတ်သက်လို့ လူမှုတော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပြီး အလုပ်သမားအခွင့်အရေးတွေပါ တစ်ပါတည်း တွဲပါလာခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ဒီစနစ်သစ်ကြောင့် လူတိုင်းဟာ လယ်ယာမြေတွေကို ရောင်းနိုင်၊ ၀ယ်နိုင်၊ ပေါင်နှံနိုင်၊ အမွေဆက်ခံလာနိုင်ခဲ့သလို လယ်သမားတွေဟာ ကြိုက်ရာ သီးနှံတွေကိုလည်း စိုက်ပျိုး လာနိုင်ခဲ့ပါတယ်။

ဒီစနစ်မှာ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်မှု၊ ၀န်ထမ်း အလုပ်ခန့်အပ်မှု စတာတွေနဲ့ပတ်သက်တဲ့ အရေးပါတဲ့ အကြောင်းအရာအားလုံးကို စာချုပ်နဲ့ဆောင်ရွက်ရပြီး စာချုပ်ကိုတော့ သက်ဆိုင်သူ ၂ ဦးစလုံးစီမှာ အသီးသီး သိမ်းဆည်းထားရပါတယ်။ လယ်ယာကဏ္ဍမှာ အင်အားသုံး အလုပ်လုပ်ရတဲ့ သူတွေကတော့ ထွက်ရှိတဲ့ ကောက်ပဲသီးနှံတွေထဲက သင့်လျော်တဲ့ဝေစုကို လုပ်ခအဖြစ် ရရှိပါတယ်။ မြေရှင်နဲ့ တောင်သူဦးကြီးတွေအကြားမှာလည်း စာချုပ်ကို အသေးစိတ်ချုပ်ဆိုရပြီး ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံကို မြေပိုင်ရှင်က အများဆုံး တစ်ဝက်သာ ရယူပိုင်ဆိုင်ခွင့် ရှိပါတယ်။

လယ်ယာကဏ္ဍမှာ မွတ်စလင်တွေရဲ့ ဒီလို တီထွင်ဖန်တီးမှုတွေနဲ့အတူ အဲဒီ ခေတ်ကာလက လူနေမှုအဆင့်အတန်းဟာလည်း မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့ပြီး တစ်နှစ်ပတ်လုံးမှာ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အရွက်တွေ ရရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုဓလေ့ ထွန်းကားလာခဲ့ပါတော့တယ်။ ဒီအချိန်မှာတော့ ဥရောပဟာ ဆောင်းတွင်းကိုစောင့်ပြီး စိုက်ပျိုးစရာ မလိုတော့ပါဘူး။

အရည်ရွှမ်းအသီးတွေနဲ့ သံလွင်ပင်တွေ စိုက်ပျိုးမှုဟာ ဥရောပမှာ ပုံမှန်လို ဖြစ်လာခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ၊ သစ်သီးခြံကြီးတွေဟာလည်း ဥရောပရဲ့ မြို့ကြီးတိုင်းမှာ အလျှိုလျှို ပေါ်ထွက်လာပါတော့တယ်။ ဒီလို ကောက်ပဲသီးနှံတွေကို အဆက်မပြတ်စိုက်ပျိုးတာက မြေဆီသြဇာဓာတ် ကျဆင်းမှုဆီ ဦးတည်ခဲ့ပေမယ့် ကောင်းမွန်တဲ့ရေပေးဝေမှုစနစ်နဲ့ ခိုရဲ့မစင်ကို အဓိကအသုံးပြုပြီး ထုတ်လုပ်တဲ့ ဓာတ်မြေသြဇာ နည်းစနစ်တွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြေဆီသြဇာအားနည်းမှု ပြဿနာလည်း ပြေလည်သွားပါတော့တယ်။

တိရစ္ဆာန်မွေးမြူရေး၊ ဒေသအသီးသီးက တိရစ္ဆာန်တွေကို အသုံးပြုပြီး သားဖောက်တဲ့လုပ်ငန်းတွေက သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ မြင်းကောင်ရေနဲ့ ဆဟာရ ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ပေးမယ့် တောင့်တင်းတဲ့ ကုလားအုတ်ကောင်ရေတွေကို တိုးတက်စေခဲ့ပါတယ်။

အသား၊ သိုးမွှေးတို့လို တိရစ္ဆာန်ထွက် ပစ္စည်းတွေကလည်း အလျှံပယ်ဖြစ်လာခဲ့ပြီး၊ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းကထွက်တဲ့ ဓာတ်မြေသြဇာဟာလည်း အသုံးတည့်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ တူနီးရှားက မဟ်ရဘ်ဒေသ၊ အလ်ဂျီးရီးယား၊ မော်ရိုကိုက အရည်အသွေးကောင်းတဲ့ ဒီ တိရစ္ဆာန်ထွက် ပစ္စည်းတွေဟာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

သိုးမွှေးတင်မကဘဲ ပိုးနဲ့ ၀ါဂွမ်းတို့ကိုလည်း မွတ်စလင်တွေက ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ အစပြုတဲ့ သိုးမွှေးဟာ မွတ်စလင်တွေရဲ့ ကျေးဇူးကြောင့် ဥရောပက စစ္စလီနဲ့ အလ်-အန်ဒါလုစ်တို့မှာ အဓိက သီးနှံတွေ ဖြစ်လာခဲ့ပြီး အရင်က ရှားပါးခဲ့တဲ့ ဒီထွက်ကုန်တွေကို ဖောဖောသီသီ သုံးစွဲလာခဲ့ရပါတယ်။ နောက်ပိုင်း သိပ်မကြာခင်ကာလမှာပဲ လူတွေဟာ အ၀တ်အထည်တွက် ချည်မျှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ပြီး အရောင်အသွေးစုံစွာ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

ဥရောပကို ကြံ ဘယ်သူယူလာလဲ

sugar cane

ကြံစိုက်ပျိုးမှုဟာ ပါရှားပြည် ခူရ်ဇစ္စတန်ဒေသ (Khurzistan) ဒေသကနေ အနောက်နိုင်ငံတွေဆီ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။ အလယ်ခေတ်တစ်လျှောက်လုံးမှာ ပါရှားပြည်က ‘ရှက်စတာဒေသ’ (Shuster)  (ရှေးဟောင်း ဆူဆာ (Susa)) ဟာ ကြံအကြီးအကျယ်စိုက်ပျိုးမှုကြောင့် ထင်ရှားပါတယ်။ ကြံကနေ သကြားထုတ်လုပ်မှု နည်းလမ်းကို အာရပ်တွေက ဖော်ထုတ်ကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ကြပါတယ်။ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအောင်မှာ ကြံစိုက်ပျိုးမှုဟာ အိန္ဒိယကနေ၊ မော်ရိုကိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ စပိန်နဲ့ စစ္စလီ ကျွန်းတို့ကို မွတ်စလင်တွေ လွှမ်းမိုးတဲ့အချိန်မှာလည်း ဒီကြံစိုက်ပျိုးမှုဟာ ဥရောပတောင်ပိုင်းအထိ ရောက်ရှိခဲ့ပါတယ်

(၂၀ ရာစု အရှေ့တိုင်းပညာရှင် ဂိုင်း လီ စထရိန်းဂ်ျ (Guy Lee Strange))

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Leave a Reply