6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁ ၊ ၂၀၁၂
M-Media
ရဲရင့်သစ္စာ

၂၀.၁၁.၂၀၁၂ issue News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ  ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း” https://www.facebook.com/NewsWatchJournal/posts/448696681834805 ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက် အတော်များများ လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့ ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ “အစ္စလာမ်” ဘာသာ[ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။

၇။ သရဝဏ် (ပြည်) –  ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခဲ့သော ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလ ဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။

ရဲရင့်သစ္စာ – သရဝဏ် (ပြည်) က  Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံမျက်စိမှိတ် ယုံကြည်ထား ပုံရပါတယ်။ အဲဒီ ဆောင်းပါးမှာ Balka လို့ရေးထားတိုင်း သရဝဏ် (ပြည်) က  ဘော်လ်ကာဒေသ လို့ လိုက်ရေးထားပါတယ်။ အာဖဂန်နစ္စတန် က အဲဒီဒေသကို Balka လို့ မခေါ်ပါဘူး။ Balkh (ဗလ်ခ်) လို့ခေါ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပေါ်ထွန်းခဲ့ တဲ့ အလွန်ကြီးကျယ်တဲ့ သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ (polymaths) ထဲက အထင်ကရ တစ်ပါးဖြစ်တဲ့  ကုရ်အာန်ကျမ်း အာဂုံဆောင်အစ္စလာမ်ဘာသာဝင်  ပညာရှင်ကြီး အိဗ်နုစီနာ (လက်တင်အမည်-Avicenna) ရဲ့ဖခင် ဟာ Balkh မြို့သားပါ။ Balkh မြို့ကို ဂရိလို Bactra လို့လည်းခေါ်ပါတယ်။ (ကိုးကား-Avicenna His Life and Work, Soheil M. Afnan Ph.D, George Allen and Unwin Ltd. London, 1958) ဇိုရိုအက်စတာဝါဒဟာ “ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက် သုတ်သင်ရေးဝါဒ” ဖြစ်ကြောင်း သရဝဏ် (ပြည်) ဘယ်က လေ့လာ သိရှိထားပါသလဲ မေးချင်ပါတယ်။ “Zoroaster” ဆိုတာ “Zarathustra” ဆိုတဲ့ အမည်ကို ဥရောပ က အသစ်တီထွင်ခေါ်ဝေါ်ထားတဲ့ အမည်ပါဘဲ။ “Zoroaster” ဘာသာ ကိုယ်တိုင်ကလည်း သူတို့ဘာသာကို “ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ” လို့အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ထားတာမရှိပါ။

(ကိုးကား- The Oxford Dictionary of the World Religions, Oxford University Press, 1997)

၈။ သရဝဏ် (ပြည်) –  တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခဲ့သည်။

ရဲရင့်သစ္စာ – အာရပ် တွေ ပါရှားကို အောင်နိုင်ခဲ့တာ အေဒီ ၆၀၀ မဟုတ်ပါဘူး။ တမန်တော်မုဟမ္မဒ် ကွယ်လွန်ခဲ့တာ အေဒီ (၆၃၂) ဖြစ်ပါတယ်။ အာရပ်တွေ ပါရှား အင်ပါယာကို အောင်နိုင်ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၆၅၁ ဖြစ်ပါတယ်။ (ကိုးကား-The Oxford History of Islam, Oxford University Press, 1999)။ သရဝဏ် (ပြည်) အနေနဲ့စိတ်တွေးထင်ရာတွေ မရေးသင့်ပါ။

၉။ သရဝဏ် (ပြည်) – ၎င်းတို့ အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော်ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။ ကဘူးရှိ ဘုန်းတော် ကြီးကျောင်းများကိုဝင်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ်ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှလုံးဝပျောက်ကွယ်သွားရတော့သည်။

ရဲရင့်သစ္စာ – အာရပ်တွေ (အုမ်မေယာဒ် မင်းဆက်) ဟာ Bactra (Balkh) ဒေသကို အုပ်စိုးပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် တွေကို သာမက၊ အစ္စလာမ် မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးကို ဂျိဇ်ယာ (Jizya) လို့ခေါ်တဲ့ တာဝန်ခံအခွန် (သို့) ကာကွယ်ရေး အခွန် ကောက်ခံ ခဲ့ပါတယ်။ အဲဒီ Jizya ဟာ ဘာသာခြားတိုင်းအပေါ် ကောက်ခံတဲ့ အခွန်မဟုတ်ပါဘူး။ ဘာသာခြားတွေထဲမှာမှ သန်သန်မာမာ စစ်မှုထမ်းနိုင်တဲ့ အရွယ်ရောက်ပြီးသား ယောက်ျား တွေအပေါ်မှာသာကောက်ခံတာပါ။ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ် တွေ မစွမ်းသူတွေ နဲ့ ဘုန်းကြီး ရဟန်းတွေ အပေါ်လုံးဝကောက်ခံခြင်းမရှိပါ။ မွတ်စ်လင်မ်တွေဟာ ဇကားသ် လို့ ခေါတဲ့ အလှု ကို မဖြစ်မနေပေးရသလို၊ ဘာသာခြားတွေ ကတော့(Jizya) ကို မဖြစ်မနေပေးရပါတယ်။ အကယ်၍ ဘာသာခြား ဟာ စစ်မှုထမ်းမယ်ဆိုရင် အဲဒီ Jizya ကို ပေးစရာမလိုပါ။ ဆင်းရဲလွန်းလို့ Jizya မပေးနိုင်တဲ့ ဘာသာခြား ကို Jizya ကင်း လွတ်ခွင့် ပေးပါတယ်။ (ကိုးကား- The Oxford Dictionary of the World Religions,Oxford University Press, 1997) အာရပ်တွေ Bactria ကို အုပ်စိုးစဉ်မှာ ဗုဒ္ဓဘာသာဝင် အချို့နဲ့ ဗုဒ္ဓဘာသာကျောင်းထိုင်ရဟန်း တစ်ပါး ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်းသက် ဝင် ယုံကြည်ခဲ့ကြကြောင်း၊ Nava Vihara ကျောင်းတိုက်ကြီး ဟာ မွတ်စ်လင်မ်အုပ်ချုပ်မှုအောက်မှာ စည်ပင်စွာ လည်ပတ်လျှက်ရှိကြောင်း ဟန်တရုတ်လူမျိုး ဘုရားဖူး Yijing (I-ching) ကိုယ်တိုင် အေဒီ ၆၈၀ မှာ Nava Vihara ကို ရောက်ရှိခဲ့ပြီး အဲဒီကျောင်းတိုက် ဟာ Sarvastivada (ပါဠှိ-သဗ္ဗတ္ထိဝါဒ) သင်ကြားရာ ဗဟိုဌာနေအဖြစ်စည်ပင်လျှက်ရှိကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်လို့ မဟာယန ဗုဒ္ဓဘာသာပညာရှင်သုတေသီ ဒေါက်တာ Alexander Berzin က Historical Sketch of Buddhism and Islam in Afghanistan http://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.html မှာအတိအလင်း ရေးသားထားပါတယ်။ ဘုရားဖူးတွေ ကို အခွန်ကောက်ခံတာ ကတော့ မဆန်းပါဘူး။ ဒီနေ့ခေတ်မှာလည်း ဆော်ဒီအာရေဗျ ကို ဟဂ်ျခရီးသွားတဲ့ မွတ်စ်လင်မ် တွေ၊ဂယာ အပါအဝင် သံဝေဇနိယလေးဌာန ကို ဘုရားဖူးသွားတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေ က ခေါင်းစဉ်တစ်မျိုးမျိုးနဲ့ ငွေကြေးကောက်ခံတာ ရှိပါတယ်။ အာရပ်တွေ က ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်လုယက်ဖျက်စီးတယ်ဆိုတာတွေ၊  ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲ အထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြတယ်ဆိုတာတွေ၊ အနိုင်ကျင့်တယ် ဆိုတာတွေ ဟာ စာပေမတတ် သမိုင်းမသိရှာသူတွေ (သို့) စာပေတတ် သမိုင်းသိသော်လည်း၊ လိမ်တတ် ညာတတ် ကောက်ကျစ်တတ်တဲ့ သူတွေ ရဲ့ အောက်တန်းကျစွာ မဟုတ်မမှန် ဖြန့် ချီတဲ့ ဝါဒဆိုးရဲ့ အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။

၁၀။ သရဝဏ် (ပြည်) – အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒ ကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည်၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။

ရဲရင့်သစ္စာ – အာရပ်တွေ ဟာ အာဖဂန် ကို တိုက်ခိုက်ခဲ့ တာ အစ္စလာမ်ဝါဒ ကို စစ်ရေးနဲ့ဖြန့် ချီဖို့ဖြစ်ကြောင်း သရဝဏ် (ပြည်) က ရေးသားပြီး အစ္စလာမ်ဘာသာကို ထိုးနှက်ထားပါတယ်။ အာရပ်တွေက အာဖဂန် ကို ဝင်မတိုက်ခင်နှစ်ပေါင်းများစွာ ကတည်း က အဲဒီ ဒေသ ကို ပါရှန်းတွေ ထံ က မစီဒိုနီယားဘုရင်  မဟာအလက်ဇန္ဒား က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဂရိတွေ အုပ်စိုး၊ တာ့ခ်တွေ ဝင်တိုက်၊ ကူရှန် တွေ ဝင်တိုက် မင်းဆက်တွေ တည်ထောင်ခဲ့ပြီး အေဒီ ၅ ရာစု နဲ့ ၆ရာစုတွေ မှာ Hephthalite (ခေါ်) ဟန်ဖြူ (White Huns)  လူမျိုးတွေ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသ ကို တိုက်ခိုက်သိမ်းပိုက်ပြီးကူရှန်မင်းဆက်ကို တည်ထောင်ခဲ့သူ ကူရှန် တွေ ဟာ မဟာယန ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ (ကိုးကား-Encyclopaedia Britannica, entries : Balkh, Hun, Kushan Dynasty ၊ A Brief History of Afghanistan Shaista Wahab and Barry Youngerman, University of Nebraska at Omaha, 2010)

အာဖဂန် နစ္စတန် မှာ အမြစ်တွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာလုံးဝ မဟုတ်ပါဘူး။ ထေရဝါဒီ တွေ က အဓမ္မဝါဒလို့သမုတ်ထားတဲ့ မဟာသံဃိက ဂိုဏ်းသာ အာဖဂန် နစ္စတန် မှာ အမြစ်တွယ် ခဲ့တာ ဖြစ်ကြောင်းဒေါက်တာ Dr. Alexander Berzin က သူ့ရဲ့Historical Sketch of Buddhism and Islam in Afghanistan မှာ ရေးသားထားပါတယ်။ တာလီဘန် တွေ က ၂၀၀၁ မှာ ဖျက်စီးခဲ့တဲ့ ဗာမီယန် ရုပ်ပွါးတော် ဟာ မဟာသံဃိက ဂိုဏ်း ကနေထပ်ပြီး ခွဲထွက်ခဲ့တဲ့ လောကုတ္တရ ဝါဒီ တွေ က ထုလုပ်ကိုးကွယ်ခဲ့တာဖြစ် ကြောင်းလည်းအထက်ပါ သုတေသနစာတမ်း မှာရေးသားထားပါသေးတယ်။ အေဒီ ၅၁၅ မှာ ဟန်ဖြူ (White Huns) လူမျိုး ဘုရင် Mihirakula က ဗုဒ္ဓဘာသာ ကို ဖိနှိပ်ခဲ့ပြီးဘုန်းကြီးကျောင်းတွေ ကို ဖျက်ဆီး၊ ဘုန်းကြီး အမြောက်အများကို သတ်ဖြတ်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။ ဒါတွေ ဟာ အာရပ်တွေ အာဖဂန်ဒေသထဲဝင်မလာခင် အခြေအနေတွေပါ။

မဟာယာန ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Alexander Berzin ရဲ့ အထက်ပါသုတေသန စာတမ်းhttp://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.htm lကို သေချာလေ့လာကြည့်လိုက်ရင် အာရပ် တွေ ဟာ အာဖဂန် နစ္စတန် ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာတာ လုံးဝ မဟုတ်ကြောင်း အလွန်ထင်ရှားလာပါလိမ့်မယ်။ အာရပ်မွတ်စ်လင်မ် တွေ ဟာအာဖဂန်နစ္စတန် မှာ ဗုဒ္ဓဘာသာ ကို တိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း အထောက်အထားတွေ အနေနဲ့ သမိုင်းကျမ်းတွေ ကို ကိုးကားပြနိုင် ပါသေးတယ်။ ဒါပေမယ့် အခု မပြသေးပဲ သိမ်းထားချင်ပါတယ်။ နောက်နောင်လိုအပ်လာတဲ့ အခါ အသုံးပြုဖို့ပါ။ အစ္စလာမ် ဘာသာကို စစ်ရေးနဲ့ဖြန့်ခဲ့တယ်ဆိုတဲ့အရေးအသား က မွတ်စ်လင်မ် တစ်ဦး အတွက်တင် မက အစ္စလာမ် ဘာသာ ကျမ်းစာတွေ ကို အစွဲကင်းကင်း ဖြူဖြူစင်စင်နဲ့ လေ့လာ ဖူးသူပညာရှင်တိုင်းအတွက် ဟာသ သဖွယ်သာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်

ကုရ်အာန်ကျမ်း ၂း၂၅၆ မှာ –

“ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ် သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။”

၁၁။ သရဝဏ် (ပြည်) – အာရပ်များသည် ဒေသခံများကို အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သား များ ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော် လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။

ရဲရင့်သစ္စာ – အထက်ပါ စာသားတွေ ကတော့ Wiki: Islamic conquest of Afghanistan entry ထဲက စာတစ်ကြောင်း ကို သရဝဏ်(ပြည်) က မိမိစိတ်တွေးထင်ရာ စကားလုံးတွေတမင်တကာ ထည့်သွင်းပြီးဘာသာပြန်ထားခြင်းပါဘဲ။ Wiki မှာရေးထားတဲ့ မူရင်းစာသားတွေ က အောက်မှာပါ။

“The Arabs were unable to succeed in converting the population of that area because of constant revolts from the mountain tribes.”

အထက်ပါစာပိုဒ် မှာ “အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ်” ဆိုတဲ့ စကားလုံးတွေ လုံးဝ မပါရှိပါ။ သရဝဏ် (ပြည်) ရဲ့ တမင်တကာလိမ်လည် လုပ်ကြံရေးသားထားမှု ဖြစ်ကြောင်း ပရိသတ်တို့လေ့လာကြပါ။

သရဝဏ် (ပြည်) –  အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော  နေရာတော်တော်များများ ကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။

ရဲရင့်သစ္စာ – အဲဒီ စာပိုဒ်မှာပါတဲ့ Yaʿqūb ibn Layth al-Ṣaffār ဆိုသူဟာ Saffarid မင်းဆက်ကိုတည်ထောင်ခဲ့သူပါ။ အဲဒီလူ ဟာ အာရပ်လုံးဝ မဟုတ်ပါဘူး။ ပါရှန်းလူမျိုးသာဖြစ်ပါတယ်။ အဲဒီ လူ ဟာ ဓားပြ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စစ် တပ် ထူထောင်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ အေဒီ ၈၇၈ မှာ သူဟာ ဘဂ္ဂဒတ် မြို့မှာ နန်းစိုက်တဲ့ မွတ်စ်လင်မ် Caliph ကို စစ်တိုက်ဖို့တောင် စစ်ချီခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း Encyclopaedia Britannica, Yaʿqūb ibn Layth al-Ṣaffār entry မှာ ဖော်ပြထားပါတယ်။ သရဝဏ် (ပြည်) က Wiki: Islamic conquest of Afghanistan entry ထဲက idea ကို ယူပြီး မိမိဘာသာလုပ်ကြံထားတဲ့ စကားလုံးတွေထည့်သွင်းရေးထားတာဖြစ်ပါတယ်။ မူရင်း Wiki ထဲ က စာသားတွေ ကို ကြည့်နိုင်ပါတယ်။

“The fanatic founder of this dynasty, the coppersmith’s apprentice Yaqub ibn Layth Saffari, came forth from his capital at Zaranj in 870 and marched through Bost, Kandahar, Ghazni, Kabul, Bamyan, Balkh and Herat, conquering in the name of Islam”

အဲဒီစာပိုဒ်မှာ ယာကွတ် ကို “The fanatic” လို့သုံးနှုန်းထားပြီး၊ သူ ဟာ အစ္စလာမ် အမည်ကို အသုံးပြုပြီး ဘို့စ်၊ ကန်ဒဟရ်၊ ကဘူးလ်၊ ဗာမ်ယန်၊ ဗလ်ခ်၊ ဟီရတ် နယ်တွေကို သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ရေးထားတာပါ။ အဲဒီ စာပိုဒ်မှာ “အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်”လို့ ဆိုလိုတဲ့ အရေးအသားလုံးဝ မပါရှိပါ။

အာဖဂန် ကို အုပ်ချုပ်ခဲ့တဲ့ မွတ်စ်လင်မ် ဘုရင် အချို့ဟာ အခြားဘာသာဝင်တွေ ကို နှိပ်ကွပ်တာတွေ ၊ အာဏာစက် နဲ့ ဘာသာပြောင်းအောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ် ဘာသာ က အဲဒီလို လုပ်ဖို့ သင်ကြားထားလို့ လုပ်တာမျိုး လုံးဝမဟုတ်ပါ။

သရဝဏ် (ပြည်) – အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်းဆက် စူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန် တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲဝင်ရောက်စေခဲ့သည်။

ရဲရင့်သစ္စာ – အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဟာ စူလ်တန်မဟ်မူဒ်ဂဇ်နီပါ။ စူလ်တန် မိုဟာမက် မဟုတ်ပါ။ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀) ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံမက၊အိန္ဒိယမှာရှိတဲ့ ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မူလ စစ်ဆင်ရေးဟာ အိစ်မာအိလီရှိအိုက် တွေကိုဦး တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေနဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါ တယ်။ သူဟာ ဟိန္ဒူဘုရားကျောင်းတွေကိုလည်း တိုက်ခိုက်လုယက်ဖျက်စီးခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကို ဖျက်စီးခဲ့တာလည်းဟုတ်ပါတယ်။ သို့သော်စူလ်တန်မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာ တန္တရဝါဒဖြန့်ချီရာ ဗဟိုဌာန ဖြစ်ခဲ့ပေမဲ့ စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ မရှိခဲ့ကြောင်း Harvard University က ဒေါက်တာဘွဲ့ရထားတဲ့ မဟာယနဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and IslamicCultures before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ်အောက်မှာ ရေးသားထားပါတယ်။ အဲဒီဘုရင်ဟာ ရှိအိုက် နဲ့ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်းမှာဟိန္ဒူတွေကိုလည်းတိုက်ခိုက်ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ ခေတ်မှာ လူအချို့ကဂေါတမဗုဒ္ဓကို တမန်တော် တစ်ပါးအဖြစ် မှတ်ယူခဲ့ကြကြောင်း၊ ပါရှန်း သမိုင်းပညာရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာဘက်ကို အကောင်းမြင်ရေးသား မှတ်တမ်းတင်ခဲ့ကြောင်း ဗုဒ္ဓဘာသာပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ရဲ့ အထက်ဖော်ပြပါ မှတ်တမ်း မှာရေးသားထားပါသေးတယ်။  ဒါဟာ သမိုင်းအမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်း အမှန်ကို လက်ခံရဲ ရုံမက၊ ကျန်လူသားတွေရှေ့လည်း မှန်မှန်ကန်ကန် ချပြတတ် ရပါတယ်။

အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာသာ အပေါ်ဖိနှိပ်မှု တွေမရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓဘာသာ နံရံ ဆေးရေးပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိတဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေကို လုံးဝထိခိုက်မှုမရှိခဲ့ ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တွေဟာလည်း လှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော် ကြီးကျောင်းတွေနဲ့မွတ်စ်လင်မ် ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာတည်ရှိခဲ့ကြောင်းအထက်ပါ ဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသားထားပါတယ်။

၁၂။ သရဝဏ် (ပြည်) – ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရေးခဲ့သော ဂါသကျမ်း ၌ လည်း ဗုဒ္ဓဘုရားရှင်သည် သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ(မက္ကာ)တွင် ချတော်မူသည်ဟု အထူးအလေးထား ဖော်ပြထားပါသည်။

ရဲရင့်သစ္စာ – ကျွန်တော် အရင်လည်းရေးခဲ့ဖူးပါတယ်။ သရဝဏ် (ပြည်) က Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံမျက်စိမှိတ် ယုံကြည်ထားပုံရပါတယ် လို့။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး က သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူတယ်လို့ ဂါသကျမ်းမှာလည်း ရေးထားတာမတွေ့မိပါဘူးခင်ဗျား။ ဂါသကျမ်း (Gathas) အင်္ဂလိပ်ဘာသာပြန် ကို သွားရောက်ဖတ်ရှုကြည့်ပါ။ http://www.sacred-texts.com/bud/mzb/mzb01.htm Dr. Sripali Vaiamon ဆိုသူက လူတွေလက်လှမ်းမမှီလောက်ပါဘူးလို့ ထင်မြင်ပြီး ကျမ်းတစ်ခုအမည်ကို ဆောင်းပါးထဲမှာထည့်၊ ကိုယ်ရေးချင်တာရေးပြီး လိမ်လည်ထားတာကို သရဝဏ် (ပြည်) က မစူးစမ်း မဆင်ခြင်၊ မလေ့လာမဆန်းစစ်ပဲ ဂါသကျမ်းကို ကိုယ်တိုင်ဖတ်ရှုလေ့လာဖူးသလို ထပ်ဆင့်လိမ်လည်ရေးသားလိုက်တော့ သရဝဏ် (ပြည်) ရဲ့ ဆောင်းပါးလေး က အလွန့်အလွန်ကို တန်ဖိုးမဲ့သွားပြန်ပါတော့တယ်။ သရဝဏ် (ပြည်)ဗဟုသတ ရဖို့ ပြောပြချင်တာ က  ဂါသကျမ်းဆိုတာ ဇိုရိုအက်စတာဘာသာမှာလည်း ရှိပါတယ်။ ဓမ္မတေး ၁၇ ပုဒ် ကို (Gathas) လို့ခေါ်ပါတယ်။  (ကိုးကား-The Hymns of Zoroaster usually called the GATHAS by KENNETH SYLVAN LAUNFAL GUTHRIE, The Platonist Press, U.S.A, 1914) ဟိန္ဒူ ဘာသာမှာလည်း ဂါသကျမ်းတွေ ရှိပါတယ်။ (ကိုးကား-The Oxford Dictionary of the World Religions, Oxford University Press, 1997)

၁၃။ သရဝဏ် (ပြည်) – ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေး အမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကိုတစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။

ရဲရင့်သစ္စာ – ဗုဒ္ဓ ကိုယ်တော်မြတ် ဟာ သက္ကရာဇ် ဘီစီ ၆ ရာစု မှာ ဖွားမြင်တော် မူခဲ့ကြောင်း အထောက်အထားအကိုးအကား အထူးပေးပြီး ဖော်ပြနေစရာ မလိုဘူးလို့ထင်ပါတယ်။ (လိုအပ်ရင်တော့ ပြောပါ)။ တမန်တော် အစ်ဘရာဟင်မ် (Abraham)ဟာ ဘီစီ  ၂၀၀၀ အစောပိုင်း မှာ ရှင်သန်နေထိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင် အများစုကြီး က လက်ခံထားပါတယ်။ (ကိုးကား–Encyclopaedia Britannica, entry:Abraham) ဘီစီ ၂၀၀၀ အစောပိုင်းမှာ နေထိုင်သူ က ဘီစီ ၆၀၀ အနီးအနားမှာ နေထိုင်ခဲ့သူရဲ့ ခြေရာ ကို တွေ့ခဲ့တယ် လို့ ရေးထားတဲ့ ကျမ်းကို ကိုးကားပြီး ဆောင်းပါးထဲ ထည့်ရေးတာဆို တော့ အားနာနာနဲ့ပဲ ပြောချင်ပါတယ်။  Dr. Sripali Vaiamon နဲ့ သရဝဏ် (ပြည်) တို့ စိတ်မှနှံ့သေးရဲ့လားလို့။

၁၄။ သရဝဏ် (ပြည်) –  ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။

ရဲရင့်သစ္စာ – ဘီစီ ၆၀၀ အနီးအနား နေထိုင်ခဲ့သူရဲ့ ခြေရာကို ဘီစီ ၂၀၀၀ အစောပိုင်းနေထိုင်သူ က တွေ့ရှိခဲ့တယ် ဆိုတဲ့ အဆိုကို အသေးစိတ်ဆက်လက်လေ့လာ သုတေသန ပြုဖို့ အတွက် သရဝဏ်(ပြည်) ဦးဆောင်ပြီး မြန်မာ့သမိုင်းကော်မရှင်တို့၊ ကမ္ဘာ့တက္ကသိုလ် ကြီးတွေ က သမိုင်းဌာန ကြီးတို့ကို အကြံပေးကမ်းလှမ်းကြည့်ပါလို့ ပြောချင်ပါတယ် ခင်ဗျာ။ သရဝဏ် (ပြည်) ရဲ့ proposal ကို Oxford လို တက္ကသိုလ် ကြီးက လက်ခံလိုက်ရင်ဖြင့် တိုင်းပြည် ဂုဏ် သိက္ခာ ပိုတက်သွားနိုင်တာပေါ့။ (တမင်တကာဟာသ ရသမြောက်အောင် “ရွဲ့” ပြောနေတာပါ၊ တကယ်သွားမလုပ်ပါနဲ့။ သရဝဏ် (ပြည်) ကြောင့် တိုင်းပြည်ရော၊ မြန်မာပညာရှင်တွေ ရော ဂုဏ် သိက္ခာကျဆင်းသွားပါလိမ့်မယ် တိုင်းပြည် ဂုဏ်မဆောင်နိုင်ရင်နေပါ။ တိုင်းပြည် သိက္ခာ ကိုတော့ မချကြပါနဲ့လို့ တိုင်းပြည်အပေါ် သစ္စာကြီးမားတဲ့ သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်။ )

၁၅။ သရဝဏ် (ပြည်) – အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့်  ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။

ရဲရင့်သစ္စာ – ဗုဒ္ဓဘာသာ အိန္ဒိယ က ဘာလို့ကွယ်ခဲ့ရလဲ တကယ် သိချင်ရင် ကျွန်တော် ရေးထားတဲ့ “သမိုင်းဟူသည် ဤသို့တည်” စာအုပ်ကို ဖတ်ကြည့်ပါ။ http://www.scribd.com/doc/95059107/Thamine-Hu-The

၁၆။ သရဝဏ် (ပြည်)– ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာ ရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။

ရဲရင့်သစ္စာ – ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တို့ဟာ သီရိလင်္ကာ မှာ ဘယ်လိုလဲ မပြောတတ်ပါဘူး။ အိန္ဒိယ ဒေသအများစု မှာ တော့ ရောရောနှောနှော မရှိပါဘူး။ အိန္ဒိယ က  ဟိန္ဒူဘုရားကျောင်းတိုင်းမှာ ဗုဒ္ဓရုပ်ပွားတော် မရှိပါဘူး။ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာ (ဗုဒ္ဓဘာသာ ဘုရားပုထိုးတိုင်းမှာ) လည်း ဟိန္ဒူနတ်ရုပ်များမရှိပါဘူး။

၁၇။ သရဝဏ် (ပြည်)–  ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။

ရဲရင့်သစ္စာ – အစ္စလာမ် ဘာသာဝင် မင်းအချို့ကလွဲလို့ ဘုရင် အများစု က ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့တယ်ဆိုတာ ပေါ်ပေါ်ထင်ထင် အလိမ်အညာ (Plain Lie) ကြီးပါ။

ထပ်မံ သတိပေးချက်။ သရဝဏ် (ပြည်) နဲ့ News Watch (စောင့်ကြည့်) ဂျာနယ်တို့ ဟာ ယနေ့မှ စ၍ တစ်လ အတွင်း (1.1.2013 နောက်ဆုံးထား၍) ကျွန်ုပ် ရဲရင့်သစ္စာ ၏ ထောက်ပြဝေဖန်မှုများသည် မှားယွင်း နေကြောင်း ပြန်လှန် ဆွေးနွေးနိုင်ခြင်း မရှိပါက နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား တစ်ရပ် ဖြစ်သည့် အစ္စလာမ် ဘာသာနှင့်ပတ်သက်၍ အလွဲအမှားရေးသားမှုများ ထိုးနှက်တိုက်ခိုက်မှုများအတွက် တိုင်းသိပြည်သိ ဂျာနယ်တစ်စောင် မှ တစ်ဆင့်တရားဝင်တောင်းပန် ရန် နှင့် အကယ်၍ ထိုသို့ တောင်းပန်ခြင်းမပြုပါက ကျွန်ုပ် ကိုယ်တိုင် တရားလိုပြု၍  တရားဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း လေးစားစွာ သတိပေးအပ်ပါသည်။

ရဲရင့်သစ္စာ (၁.၁၂.၂၀၁၂)

ရဲရင့်သစ္စာ၏ ခွင့်ပြုချက်ဖြင့် M-Media တွင် ဖော်ပြပါသည်။

Leave a Reply