6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁ ၊ ၂၀၁၅
M-Media
.15MIGRANTS-WEB1-master675-v2
လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်တခုကို ဒီကနေ့ နေစွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ကြေငြာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
.
လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား
———————————————
ကြေညာချက်အမှတ်-၀၁/၀၆/၂၀၁၅

ပြီးခဲ့သောရက်သတ္တပတ်များတွင် မြန်မာ့ပင်လယ်ပြင်၌လည်းကောင်း၊ အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်၌လည်းကောင်း လှေစီး ဒုက္ခသည်များ ပါသောရေယာဉ်များကို အကြိမ်ကြိမ်ဖမ်းမိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသော အစားဆင်းရဲခြင်းဒုက္ခနှင့် အနေဆင်းရဲခြင်းဒုက္ခများ အပြင် ကျန်းမာရေးချို့တဲ့မှု ဖြစ်ရပ်များကိုပါ ကြားသိခဲ့ရပါသည်။ အဆိုးရွားဆုံး အချက်မှာ အချို့သော ဒုက္ခသည်များသည် အသက်ပင်ဆုံးရှုံးခဲ့သည်အထိ အတိဒုက္ခရောက်ခဲ့ရပါသည်။
.
ဒုက္ခသည်များပါဝင်သော ရေယာဉ်များ ဆက်တိုက်ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းလူဦးရေမှာ သောင်းဂဏန်းကျော်မည်ဟု ခန့်မှန်းရပါသည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရပါသည်။ ပထမဦးစွာ လှေစီး ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်တောင့် သက်သာနေနိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတကာ အကူအညီများ ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို ကူညီဖြေရှင်း ပေးရပါမည်။ ၎င်းတို့သည် မည်သည့်နိုင်ငံမှဖြစ်သည် ကိုလည်း သေချာစွာ စီစစ်အတည်ပြုရပါမည်။
.
လှေစီးဒုက္ခသည်များကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများ တွင် လွန်ခဲ့သော သုံး၊လေးနှစ်ခန့်မှ စ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည်။ တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသော လူကုန်ကူးခြင်းပြဿနာ (Human Trafficking) ကိုလည်း ထိရောက်စွာ ကိုင်တွယ်ရပါမည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ၀ိုင်းဝန်းကူညီဖြေရှင်း သင့်ပါသည်။ အချိန်ဆွဲလေ ပြဿနာကြီးလေဖြစ်မည်ကို အထူးသတိပြုကြစေလိုပါသည်။
.
ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေး တို့ကို အခြေခံအလေးထားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် လည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌအနေနှင့်လည်းကောင်း မကြာခဏ ထုတ်ဖေါ်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာရပ်တိုင်းကို ဖြေရှင်းရာတွင် အကြမ်းမဖက်သော နိုင်ငံရေး လမ်းစဉ်ကို တစိုက်မတ်မတ် ခိုင်မာစွာ ဆွဲကိုင်ထားပါသည်။ ရေရှည်အမြင်ဖြင့် အခြေအနေကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်။
.
ရခိုင်ပြည်နယ်ရှိ ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်ခဲ့ကြသော်လည်း ထိုမျှနှင့် မလုံလောက်ပါ။ ထိရောက်သောလုပ်ငန်းရပ်များကို ဘက်စုံအမြင်ဖြင့် ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရပါမည်။
.
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ပြေငြိမ်းစေရန် လည်းကောင်း၊ လှေစီး ဒုက္ခသည်များ ထပ်မံမပေါ်ပေါက်လာစေရန် လည်းကောင်း အောက်ပါတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
.
– တရားဥပဒေစိုးမိုးရေး၊
– နယ်စပ်လုံခြုံရေး၊
– နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး၊
– လူသားချင်းစာနာသော အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊
– ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊
– ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊
– နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေး။
.
လူကုန်ကူးမှုပြဿနာများ ပပျောက်သွားစေရန်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများ ငြိမ်းအေးစေရန် လည်းကောင်း ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ရေရှည် လိုအပ်ချက် ဖြစ်သော ငြိမ်းချမ်းစွာ အားလုံးနေထိုင်နိုင်ရေး ရည်မှန်းချက်များကို အစဉ်တစိုက် သတိပြုသွားရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
.
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 

NLD 1

NLD 2

ref: National League for Democracy FB

Leave a Reply