2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)

ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ရက်တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင်သည်။ မောင်မောင်ကြီး ဟူ သော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။

မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန် ယောကျာ်းလေး ကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai Meah)ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါး ရေးသား ပေးပို့ခဲ့ရာပထမတန်း ဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့် Blue အဆင့်ရရှိသည်။ ဘောလုံးတွင် College First Eleven Player တစ်ဦးဖြစ်သည်။

၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းကျောင်းသား ဆရာကြီးသည် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၂၁-ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာသင်ကြား ပို့ချသောဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ဆရာကြီးသည် မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏စာကြည့်တိုက် အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

၁၉၂၁-ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေစာမေးပွဲကို ၀င်ရောက်ဖြေဆို အောင်မြင်သည်။ ဆရာကြီးသည် ဗဟိုအမျိုးသားကျောင်း၌ ၁၉၂၃-ခုနှစ်မှစ၍ ကျောင်းဆရာကြီး အဖြစ်လည်းကောင်း၊ ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဗဟိုအမျိုးသား ကျောင်းတံဆိပ်နှင့် ကြွေးကြော်သံကို ဆရာကြီးလက်ထက်တွင် ရွေးချယ်သတ်မှတ် ပြုလုပ်ခဲ့သည်။ တံဆိပ်မှာဆောင့်ကြောင့်ထိုင်နေသော ကေသရာခြင်္သေ့မင်းဖြစ်ပြီး ကြွေးကြော်သံမှာ “အတ္တာဟိအတ္တ္တနော နာထော” ဖြစ်သည်။မန္တလေးဗဟို အမျိုးသားကျောင်းကြီးတွင် (က)အမျိုးသားအပျော်တမ်းရဲတပ် (ခ) အမျိုးသားအပျော်တမ်းရဲဘင်ခရာတပ် (ဂ) အမျိုးသားရဲညွန့်တပ်များ ဖွဲ့စည်းခဲ့သည်။ ဆရာကြီးသည် အပျော်တမ်းရဲတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။

ဆရာကြီးသည် အင်္ဂလိပ်စာအရေးကောင်း၍ အသနားခံစာ စသည်တို့ကို တစ်ပါးသူတို့အတွက် ရေးသား ပေးလေ့ရှိသည်။ အကြောင်းသိမိတ်ဆွေများက စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီးဟု ချစ်စနိုး ကျီစယ်တတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ်စာသာမက အမိဘာသာစကားဖြစ်သည့် မြန်မာဘာသာလည်း ကျွမ်းကျင်နှံ့စပ်သည်။ အဟုတ်အဟတ် တတ်မြောက်သည်။ ဆယ်တန်းကတည်းက ပါဠိဘာသာကိုလည်း ယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် မန္တလေးမြို့နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိ ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံသို့သွားကာ မြန်မာနှင့်ပါဠိကို မပြတ် လေ့လာဆည်းပူးသည်။

ဆရာကြီးသည် ရဟန်းလူရှင်များနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်လည်း ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးကဲ့သို့မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီး အနေနှင့် ကျောင်းအုပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီးသည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ်ကိုပါ သွတ်သွင်းပေသည်။ အမျိုးသားကျောင်းမှ ကျောင်းသားများ အကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးပြီး ရန်ကုန်မှရောက်လာကြသော ကျောင်းသားခေါင်းဆောင် ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် စသူတို့နှင့် မိမိကျောင်းမှ ကျောင်းသားများကို တွေ့ဆုံမိတ်ဆက်ဆွေးနွေးစေခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် ကိုအောင်ဆန်း ဦးဆောင်သော ကျောင်းသား ခေါင်းဆောင်များမန္တလေးသို့ ဒုတိယအကြိမ် ရောက်ရှိလာသောအခါ ဆရာကြီး ဦးရာဇတ်အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခဲ့သည်။

အပျော်တမ်းရဲတပ် တပ်မှူး ဆရာကြီးဦးရာဇတ်

ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ မန္တလေးမြို့ရှိ ဥရောပတိုက်သားပညာဝန်နှင့် အရေးပိုင်တို့သည် အမျိုးသားကျောင်းသို့ ရောက်ရှိလာကြသည်။ ကျောင်းသားများ သပိတ်မှောက်ခြင်းရှိမရှိ မေးမြန်းရာဆရာကြီးက မိမိကျောင်းသားများ ဘယ်တော့မှသပိတ်မမှောက်ဟု ဖြေလိုက်ရာ ၀မ်းသာအားရပြန်သွားကြသည်။ နာရီဝက်ခန့်အကြာကျောင်းသားများ လူစုသပိတ်မှောက်သွားကြသည်။ ထိုအခါ အရာရှိကြီးနှစ်ဦးပြန်လည်ရောက်ရှိလာပြီး ဆရာကြီး လိမ်သည် ညာသည်ဟု စွပ်စွဲသည်။ ဆရာကြီးက မည်သို့မျှမဖြေဘဲ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုခေါ်ပြီး ထိုအရာရှိကြီး နှစ်ဦးရှေ့တွင်မေးမြန်းသည်။ ဥက္ကဋ္ဌကမိမိတို့သည် ဆရာကြီးကျောင်းကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်ခြင်းဖြစ်ပါသည်ဟု ဖြေသည်။ အရာရှိကြီး နှစ်ဦး သဘောပေါက်ကာပြန်သွားကြရသည်။

၁၉၃၈ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့ရှိ ဗမာမွတ်စလင်လူငယ်များက လူငယ်များ နိုးကြားရေးအဖွဲ့ ကိုဖွဲ့သည်။ ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့များသည် တို့ဗမာအစည်းအရုံးသခင်များနှင့် နီးစပ်သော အဖွဲ့များဖြစ်သည်။ သခင်များက အထူးအားပေးခဲ့သည်။ သခင်များက တို့ဗမာဟု သုံးစွဲသည့်အတွက် မြန်မာမွတ်စလင်ဟု ခေါ်နေသူတို့ကဗမာမွတ်စလင်ဟု ပြောင်း၍ ခေါ်တွင်သုံးစွဲခဲ့ကြသည်။

ဆရာကြီးဦးရာဇတ် နှင့် ဇနီးဒေါ်ခင်ခင်

၁၉၄၀-ခု မေလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာမွတ်စလင်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ကွန်ဖရင့်ကို စတင်ကျင်းပသည်။ ထိုမျက်နှာစုံညီ အစည်းအဝေးမှ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်အဖွဲ့ကြီး တစ်ခုကို ဆရာကြီး ဦးရာဇတ်ကိုဥက္ကဋ္ဌ၊ ဦးကိုကိုလေးကို အတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်သည်။ ၁၉၄၁-ခု မေလ ၃ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီး၌ကျင်းပခဲ့သော ညီလာခံကြီးက ဦးရာဇတ်ဦးဆောင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်းဆိုသည်။ ၁၉၃၀-ခုနှစ်တွင် နန်းရင်းဝန်ဖြစ်လာသောဂဠုန်ဦးစောက နိုးကြားရေးအဖွဲ့၏ တောင်းဆိုချက်အတိုင်း တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ သန်းခေါင်စာရင်းတွင်လည်း အဆိုပါအမည်တစ်မျိုးတည်းသာ ထည့်သွင်းရန် အမိန့်ထုတ်ပေးခဲ့သည်။

၁၉၄၅-ခု ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မျက်နှာစုံညီ အစည်းအဝေးကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပျဉ်းမနားညီလာခံကြီးသို့ ဖဆပလအဖွဲ့ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အကြောင်းမညီညွတ်၍ မတက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ်က ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ကြသည်။ ညီလာခံသဘာပတိမှာ အက်စ်အေရာမန်ဖြစ်ပြီး အတွင်းရေးမှူးမှာ မန္တလေးနိုးကြားရေး ဦးသန်းရွှေဖြစ်သည်။ ညီလာခံတွင် ဗိုလ်မှူးဘရှင်နှင့် ဦးသန်းရွှေတို့ ရေးသားတင်ပြသော ”ကျွန်ုပ်တို့ဖြစ်စေ လိုသော ဗမာမွတ်စလင်များ” စာမူကြမ်းကို အတည်ပြုလိုက်သည်။ ဆရာကြီးတင်ပြသည့် ‘ဗမာမွတ်စလင်ကွန်ဂရက်’ အမည်ကို ရွေးချယ်ခဲ့ကြသည်။ ထို ပြည်လုံးကျွတ်ညီလာခံကြီးမှပင် အဆို(၄)ခုကို တင်သွင်းအတည်ပြုပေးခဲ့သည်။ ညီညွတ်ရေးအဆို၊ ပူးပေါင်းရေးအဆို ၊ သာသနာရေးအဆို ၊ လုပ်ငန်းအဆို ဟူသည့် အဆိုများဖြစ်သည။် ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ပေါ်ထွက်လာသည်။ ထိုညီလာခံကြီးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဦးရာဇတ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်လတ်တို့ကို ရွေးချယ်တင်မြှောက်ကြသည်။ ညီလာခံတွင် ဖဆပလဌာနချုပ်သို့ဗမက ကိုယ်စားလှယ်များအဖြစ် ဦးဘစိန်၊ ဦးခင်မောင်လတ်နှင့် ဦးဖေခင်တို့ကို ရွေးချယ်လိုက်ကြသည်။

၁၉၄၆-ခု ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင်ဗမက ကိုယ်စားလှယ်များသည် တက်တက်ကြွကြွပါဝင်ခဲ့သည်။

ထိုညီလာခံကြီးတွင် ညီလာခံသဘာဝပတိ ဗိုလ်ချုပ်အောင်ဆန်းက –

‘အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာညီညွတ်ခြင်းကိုမဆိုလို။ လူမျိုးဘာသာ ယောကျာ်း၊ မိန်းမဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထု တစ်ခုလုံး၊ အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်’ ဟု လူထု အင်အားအရေးကြီးကြောင်း ညွှန်ပြမိန့်ကြားသည်။

ညီလာခံကြီးတွင် စီစဉ်ထားသော အဆိုများအနက် အဆိုအမှတ်(၁) နိုင်ငံတကာရေးရာအဆိုကို ဗမာမွတ်စလင်အဖွဲ့ချုပ်မှ ဦးကြွယ်ဝကလည်းကောင်း၊ အဆိုအမှတ်(၂) လုံးဝလွတ်လပ်ရေးသို့ အဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဦးအောင်စိန်ကလည်းကောင်း၊ အဆိုအမှတ် (၃)ဘိလပ်သွားရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ကိုညီညီကလည်းကောင်း ပါဝင်ထောက်ခံသည်။ အဆိုအမှတ်(၇) ပယ်ထားသောနယ်များ ပူးပေါင်းရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌကိုဖေခင်က တင်သွင်းသည်။ အဆိုအမှတ်(၁၈) ညီညွတ်ရေးအဆိုကို ဖဆပလအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ညီလာခံကြီး၏သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းရာတွင် –

‘ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစား အစည်းအရုံးများ တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစု ပေါင်းစုံရာဖြစ်သော ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း’ဟု ပါရှိသည်။

ညီလာခံကြီးသို့ တက်ရောက်လာသော ဗမကကိုယ်စားလှယ်များအပါအ၀င် လူထုကြီးက တစ်ခဲနက်ထောက်ခံ အတည်ပြုလိုက်သည်။ (သံတော်ဆင့်သတင်းစာ ၂၂၊ ၁၊ ၄၆၊ ဒီးဒုတ်ဂျာနယ် အတွဲ ၁၉၊ နံပါတ် ၂၅၊ ၂၆၊ ၂၇ )

ဆရာကြီးသည် ၁၉၄၆-ခု စက်တင်ဘာ ၂၃ ရက်နေ့ သာစည်မြို့တွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့တက်ရောက်သည်။ တိုင်းပြည် လွတ်လပ်ရေး အတွက် ညီညွတ်ရေး တည်ဆောက်စဉ် နေ့မအားညမအား ဆောင်ရွက်နေချိန်တွင် အလေးထား အချိန်ပေးခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည်တိုင်းရင်းမွတ်စလင်တို့အား ကျမ်းစာများ၏ အမိ ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပာယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။

၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင်တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက်သဘောကွဲလွဲနေသည်။ ဆရာကြီးမစ္စတာရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ်ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဗမာမွတ်စလင် လူများစုအဖြစ်နေရန် ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။

ဆရာကြီးဦးရာဇတ်သည် ၁၉၄၅-ခုမှစတင်၍ တည်ထောင်ခဲ့သော မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလအဖွဲ့)တွင် ပထမဦးစွာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခုနှစ် ဧပြီလတွင် ကျင်းပသောအခါ ဦးရာဇတ်သည် မန္တလေးမြို့မအရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သာ အစိုး ရအဖွဲ့ တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီးအဖြစ် ထမ်း ဆောင် ခဲ့ သည။် ပြည် လမ်းရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင်ကျင်းပသော အမျိုးသားစီမံကိန်း အစည်းအဝေးများ၌ ဦးဆောင်ခဲ့သည်။

ဆရာကြီး ဦးရာဇတ်သည် ၁၉၄၇-ခုနှစ် ဧပြီလတွင် ဦးကိုလေးအားရန်ကုန်သို့ခေါ်ကာ မန္တလေး ဥပစာကောလိပ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးပြီး လိုအပ်သော အကူအညီအားလုံးကို ပေးခဲ့သည်။

မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုလေးတို့နှစ်ဦး ပူးပေါင်းအား ထုတ်မှု၏ရလဒ်ဖြစ်ပါသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ ဆရာမကြီး ပါမောက္ခအမ်အေ ဒေါ်အုန်းကပြောပြဖူးသည်မှာ-

‘မန္တလေးတက္ကသိုလ်ကြီး တည်ထောင်ရာမှာ ဘိုးတော်သိကြားမင်းနှင့် အလားတူတဲ့ ဆရာကြီးဦးရာဇတ်က အမိန့်ပေးလို့ ၀ိသကြုံနတ်သားနဲ့တူတဲ့ ဦးကိုလေးက တာဝန်ယူတည်ဆောက်ခဲ့ရတယ်။ ငါတို့ သူငါ (တည်ထောင်သူ ဆရာကြီးဆရာမကြီး)ကတော့ ၀ိသကြုံ ဦးကိုလေးရဲ့အခြွေအရံတွေပဲ’

ဟူ၍ ဆရာဇေယျာအောင်၏ မန္တလေးတက္ကသိုလ် ရွှေရတုမဂ္ဂဇင်း (၁၉၅၈-၂၀၀၈) မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။ထို့ကြောင့်မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး ဆောက်လုပ်ခဲ့သော အဆောင်ကို နောင်အခါ ဆရာကြီး ဦးရာဇတ်ကို ဂုဏ်ပြုသောအားဖြင့် ရာဇတ် ခန်းမဆောင် (Razak Hall) ဟု အမည်ပေးခဲ့သည်။

ဆရာကြီးဦးရာဇတ်အား ဂုဏ်ပြု အမည်မှည့်ခေါ်ထားသော ရာဇက်ခန်းမဆောင် (မန္တလေးတက္ကသိုလ် စာကြည့်တိုက်)

ဆရာကြီးသည် ၁၉၄၇-ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့၌ ကျင်းပသောအရှေ့တောင်အာရှ ကျောင်းသားများ ညီလာခံသို့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ခုကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ပြုစေလျက် ပို့လွှတ်ခဲ့သည်။ ဆရာကြီးကိုယ်တိုင်လည်း ထိုအစည်းအဝေးကြီးသို့ မြန်မာနိုင်ငံမှပညာရေးဝန်ကြီးအနေဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

မန္တလေးတက္ကသိုလ်ကျောင်း တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန် ဆရာကြီးဦးရာဇတ် ကြိုးပမ်းခဲ့ပါသည်။ ယနေ့မြင်တွေ့ကြရသော နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး/ရန်ကုန်)တို့၏ရှေ့ပြေးဟု ခေါ်ဆိုနိုင်ပါသည်။

ဆရာကြီးသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အခြားခေါင်းဆောင်များ နှင့်အတူ လုပ်ကြံခြင်းခံရသည်။ ထိုအခါ ဆရာကြီးအား သွေးအိုင်တွင်းမှပွေ့ပိုက်၍ ထူမပေးသောအခါ မိမိကအရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရသည်။သူတို့ကိုသာ ဂရုစိုက်ကြပါ ဟု ပြောကြားခဲ့သည်။၁၉၄၇ ခု ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင် ကြီးများ၏ အလောင်းများကို ဂျူဗလီဟောသို့သယ်ဆောင်သွားသည်။

ထိုအခါ ဆရာကြီးရာဇတ်နှင့် ရဲဘော်မောင်ထွေးတို့၏ အလောင်းများလည်း ပါဝင်သည်။ ဂျူဗလီမှ ဆရာကြီးတို့၏အလောင်းကို ၂ မိုင်လောက်ဝေးသော တာမွေမွတ်စလင်သင်္ချိုင်းအရောက်တစ်ယောက်တစ်လက် အဆင့်ဆင့်ထမ်းသယ်သည်။ တာမွေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး မွတ်ဖ်တီ မာမွတ်ဒါဝတ်ယူစွတ်က ရှေ့ဆောင်ပြီး ဂျနာဇာနမာဇ်ဖတ်ပေးခဲ့သည်။

ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်

 

ဆရာကြီးသည် အမိမြေကို တန်ဖိုးထားသည်။ ချစ်မြတ်နိုးသည်။ဘာသာသာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုမှာ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ဒကာကြီး ရာဇတ်ခံယူရရှိခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆိုကြပါသည်။

ဆရာကြီး၏မျိုးချစ်ပြည်ချစ်စိတ်ဓာတ်ခံက တိုက်တွန်းနှိုးဆော်သည့်အတွက် စာများရေးဖြစ်ခဲ့ပုံကိုလည်း လေ့လာတင်ပြပါမည်။

၁၉၃၆-ခုနှစ်တွင် ဆရာကြီး ဦးရာဇတ်သည် အင်္ဂလန်၌ ပညာသင်တက်ရောက်နေကြသော တက္ကသိုလ်ကျောင်းနေဘက် ပညာတော်သင်များကို အကူအညီတောင်း၍ ရရှိလာသော အင်္ဂလိပ် မြန်မာနှစ်နိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ အထောက်အထားပေါင်း ၁၂၀ကျော်ကို မြန်မာဘာသာပြန်ခဲ့သည်။ ထိုစာမူများကို ရွှေနန်းတွင်း အတ္ထုပ္ပတ္တိ ခေါ်လက်ထက်တော်တွင်းအဖြစ်အပျက် စာတမ်းအမည်ဖြင့် မန္တလေးသူရိယတိုက်မှ ၁၉၃၆-ခု တွင် ရေးသူအမည်မပါဘဲ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို မန္တလေးမြို့တည် နန်းတည်နှစ်တစ်ရာပြည့်အထိမ်း အမှတ် နှင့် ကြုံချိန် ၁၉၅၉ ခုနှစ် တွင် ရွှေနန်းတွင်း အရေးတော်ပုံအမည်ဖြင့် ဒုတိယအကြိမ်ထုတ်ဝေပါသည်။ အမှာစာတွင်  မန္တလေးသူရိယ သတင်းစာ အယ်ဒီတာချုပ် ဦးသန်းမောင်က-‘မူလပထမစာအုပ်တွင် ရေးသားပြုစုသူအမည်နာမ လုံးဝမပါရှိခဲ့ပါ။ အမှန်စင်စစ် ၎င်းစာအုပ်ကို ရေးသားပြုစုသူမှာကျွန်တော်၏ဆရာ အမျိုးသားခေါင်းဆောင်ကြီး (ကွယ်လွန်သူ) ဆရာကြီးရာဇတ်ပင်ဖြစ်ပါသည်။’ ဟု ရေးသားဖော်ပြလိုက်ပါသည်။ ဤသို့သစ္စာရှိစွာ ဖော်ထုတ်လိုက်မှသာ ရွှေနန်းတွင်းအရေးတော်ပုံမှာ ဆရာကြီးဦးရာဇတ်၏ ဘာသာပြန်လက်ရာဟုအများသိခွင့်ရကြပါသည်။ ဒုတိယအကြိမ်ပုံနှိပ်ခြင်းတွင် အမှာစာရေးသူရွှေကိုင်းသားက မိမိအမှာစာတွင်-

‘ရွှေနန်းတွင်းအရေးတော်ပုံ စာအုပ်သည် ရာဇ၀င် အမြင်ကျယ်မှုအတွက် အထောက်အပံ့ပေးမည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပါသည်။’ ဟု သုံးသပ်ပြပါသည်။ ဆရာကြီးသည် တစ်သက်မှာတစ်အုပ်ကိုသာရေးခဲ့သော်လည်း ထိုစာအုပ်သည် တစ်အုပ်ဆိုတစ်အုပ် တိုင်းပြည်ကိုအကျိုးပြုနိုင်ခဲ့သော စာအုပ်ဖြစ်သည်ဟု သတ်မှတ်ကြရပါသည်။

ဆရာကြီးသည် အင်္ဂလိပ်ဘာသာနှင့်ရေးသောစာအုပ်များ အဖတ်များသဖြင့် မြန်မာတို့အတွက် အကျိုးရှိမည့်စာအုပ်များတွေ့လျှင် တပည့်များအားလည်း ဘာသာပြန်ရန် တိုက်တွန်းလေ့ရှိပါသည်။ ဆရာကြီးသည်မြန်မာပြည်တွင် အရေးပိုင်လုပ်ဖူးသွားသော မစ္စတာမောရစ်ကောလစ်ရေးသားသည့်  Trials in Burma ထရိုင်အင်ဘားမားစာအုပ်ကို ဘာသာပြန်ပြီး မန္တလေးသူရိယသတင်းစာတွင် ထည့်သွင်းဖော်ပြသည်။ သို့သော်ဘာသာပြန်သူ နာမည် မခံပါ။ အခန်း တစ် ခန်း အပြီး တပညြ့်ဖစ်သူ လူထုဒေါ်အမာအား နာမည်ခြံပီး ဆက်၍ ဘာသာပြန် ရန် တိုက် တွန်း ပါသည။်တပည့်ဖြစ်သူက ဆရာကြီး ဘာသာပြန်ပြီးသွားသည့် အပိုင်းကိုချန်၍ အခန်း၂ ကိုစပြန်ပြီး မန္တလေးသူရိယတွင် ထည့်သွင်းသည်။ ပထမတွဲကို ၁၉၃၈-ခု စက်တင်ဘာတွင် ပုံနှိပ်ထုတ်ဝေပြီး ဒုတိယတွဲကို ၁၉၃၉-ခု ဇန်န၀ါရီလတွင် ကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသည်။ နှစ်တွဲပေါင်းကို ၁၉၉၉-ခု စက်တင်ဘာလတွင် ရန်ကုန်ခရမ်းရောင်စာစဉ်က ထုတ်ဝေ သည်။

ဆရာကြီးသည် မန္တလေးသူရိယသတင်းစာတတိယအကြိမ်နှစ်လည်အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ခေါင်းစဉ်ဖြင့်ဆောင်းပါးရေးသားသည်။ အဗ္ဗဒွလ်ရာဇတ်(ဘီအေ)အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် ထိုစဉ်က မန္တလေးမြို့ အပျော်ထမ်း ရဲတပ်မတော်ကြီး၏ ဗိုလ်ကြီးအဖြစ် ဆောင်ရွက်နေစဉ်ဖြစ်သည်။ အမျိုးသားကျောင်းမှ ရဲတပ်ဖွဲ့များသည် နောင်အခါ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် တပ်များတွင် တပ်မှူး၊ အရာရှိအရာခံ အကြပ်တပ်သားများဖြစ်လာခဲ့သည်။ထို့ကြောင့် ပင် ဆရာကြီးကို စစ်မှုမထမ်းဘဲ စစ်သားကောင်းများမွေးထုတ်ခဲ့သည့်် ဘာဘူကြီး ဟု မှတ်တမ်း ပြုကြခြင်း ဖြစ် သည်။

ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ဆောင်းပါးတွင် လူတို့၏ဥာဏ်၊ လောကဓာတ်ပညာ၏အစွမ်းဖြင့် ဖန်တီးသည့်  သေမင်း၊ လက်နက်အမျိုးမျိုး၊ ၎င်းသေမင်းများကို ရောင်းဝယ်ဖောက်ကားကြသည့် မရဏ၀ါဏိဇ္ဇတို့ အကြောင်း အသိပေးတင်ပြထားသည်။ နိုင်ငံတကာမှ အချက်အလက်များရယူစုဆောင်းပြီး စာရင်းဇယား ခိုင်လုံစွာတင်ပြထားသည်။ အံ့သြဖွယ်၊တုန်လှုပ်ဖွယ်၊ ဆင်ခြင်ဖွယ် ဖြစ်ပါသည်။ လက်နက်အားကိုး နယ်ချဲ့သူတို့ အပေါ် စာရေးသူ မျိုးချစ်ပုဂ္ဂိုလ်ကြီးသည် မည်မျှစက်ဆုပ်သည်ကို သိရှိနိုင်ပါသည်။

ဆရာကြီးသည် မွတ်စလင်ကျောင်းသားအသင်းက ထုတ်ဝေသော The Cry ဂျာနယ်တွင် The Burman Muslim Organization ( On Account of the Formation of All Burma, Burman Muslim Congress at Pyinmana ) by A. Razak B. A. ဟု ဖော်ပြသည်။ ပျဉ်းမနားတွင်ကျင်းပသည့် ဗမာမွတ်စလင် ညီလာခံကြီးအကြောင်းရေးသားတင်ပြခြင်းဖြစ်သည်။ ဆရာကြီးက ဆောင်းပါးတွင် တင်ပြသည်မှာ-

‘၁၉၄၅-ခု ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ဗမာမွတ်စလင်ညီလာခံကျင်းပခဲ့သည်။ ညီလာခံတွင် အရေးကြီးသော ဆုံးဖြတ်ချက် ၂-ရပ် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်မှာ ဗမာမွတ်စလင်နိုင်ငံရေး အသင်းအဖွဲ့ အားလုံးသည်တစ်ခုတည်းသော အသင်းအဖွဲ့အဖြစ် ပူးပေါင်းရမည်ဟူသည့်ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားဆုံးဖြတ်ချက်တစ်ရပ်မှာ ယခုဖွဲ့စည်းသော ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ညီညွတ်ရေးနှင့် လွတ်လပ်ရေးအုတ်မြစ်ကို ပျဉ်းမနားညီလာခံကြီးက ချမှတ်ပေးသည်ဟု ဆရာကြီးက ဖော်ညွှန်းသည်။ နိဂုံးတွင် ယခု ကျွန်ုပ်တို့သည် အတိတ်၏ အောင်မြင်မှုများနှင့် လျော်ညီစွာ အနာဂတ်၏တိုးတက်ကြီးပွားမှု အဆောက်အဦကြီး ဆက်လက်၍ ဆောက်လုပ်တည်ထောင်ရန်သာ ကျန်တော့သည်’ဟု ယုံကြည်ချက်အပြည့်နှင့် မျှော်လင့်ချက်ကို ဖော်ပြထားသည်။

ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ၀ါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်းတွင်းစားသူဌေးသား ကုန်စည်ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာရတုပိုဒ်စုံ ရေးသားပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာလက်ထပ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာအခမ်းအနားသို့ မသွားနိုင်သည့်အတွက် မင်္ဂလာရတု ပိုဒ်စုံကိုဖွဲ့သီပို့လိုက်သည်။ ဤရတုပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာအခမ်းအနားတွင် ဖတ်ကြားပြသည့်အခါ ကြွရောက်လာသော မင်းပရိသတ်များကအထူးသဘောကျ ချီးကျူးသြဘာပေးကြသည်။ ကာယကံရှင်များကလည်းရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာလက်ဖွဲ့အဖြစ် တမြတ်တနိုးသိမ်းဆည်းခဲ့ကြသည်။

(Please follow the link to see that ဆရာကြီး ဦးရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ http://www.m-mediagroup.com/news/1330 )

စာရေးဝါသနာပါသူ ဆရာကြီးသည် မိမိတပည့်များကိုလည်းစာရေးရန်တိုက်တွန်းသည်။ စာရေးသူများကိုလည်း အားပေး အားမြှောက်ပြုသည်။ အမှာစာ ရေးသားချီးမြှင့်သည်။

အစ္စလာမ်ပေါင်းချုပ် ကျမ်းပြုဆရာ ဦးထွန်းကြွယ်သည် မြန်မာပြည်လွတ်လပ်ရေး ရလုရဆဲအချိန်တွင် မြန်မာမွတ်စလင်တို့အတွက် အစ္စလာမ့်အဓိကကျင့်စဉ် ‘အာရကနွလ်အစ္စလာမ်ကျမ်း’ကို ပြုစုသည်။ ထိုစာအုပ် အတွက် ထိုစဉ်က ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဆရာကြီးရာဇတ်၏ ထောက်ခံချီးကျူးချက်ကို ကျမ်း၏ ကျောဖုံးအတွင်းဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ၁၅ ရက် ရက်စွဲတပ်ပြီး စာကြောင်းတစ်ဆယ့်တစ်ကြောင်း ပါဝင်သည်။

အာဇာနည်ခေါင်းဆောင်ကြီး၏ သဘောထားအမြင်ကို သိနိုင်ရန်မူရင်းစာခြောက်ကြောင်းမျှ ကောက်နုတ်တင်ပြပါသည်။

“His service to the Community in particular and to the growth of amity between the Muslims and the Non-muslims in general is commendable and I have no hesitation to say that he deserves our whole hearted support and cooperation in the venture.”

ဤတွင် ပြည်ထောင်စုအတွင်းရှိ မှီတင်းနေထိုင်ကြသူတို့ အချင်းချင်း နားလည်ကြစေချင်သည့်၊ ရင်းနှီးချစ်ကြည် ကြစေချင်သည့် သဘောကိုလေ့လာမိပါသည်။

ဆရာကြီးသည် မြန်မာစာ အစီအကုံး အဖွဲ့အနွဲ့ ထူးချွန်သကဲ့သို့အင်္ဂလိပ်လိုရေးသည့် ဆောင်းပါးများသည်လည်း အဆင့်မြင့်လှပါသည်။

ဆရာကြီးသည် ပါဠိဘာသာ ဂုဏ်ထူးရသူဖြစ်၍ ပါဠိတော်သူဖြစ်ကြောင်းလည်း သိသာလှပါသည်။

ဆရာကြီးဦးရာဇတ်ပုံတူပန်းချီ- ဟန်လေး

သနပ်ဖက်ဆေးလိပ်ကို ပါးစောင်တွင် ခဲလျက်၊ လက်တစ်ဖက်တွင်လက်ညှိုးပိတ်ထားသော ဖတ်ရှုနေဆဲ အင်္ဂလိပ်ဘာသာစာအုပ်နှင့် တပည့်တပန်း မိတ်ဆွေသင်္ဂဟများနှင့် တွေ့သောအခါ ပြုံးပြလေ့ရှိသည်။ ပြုံးတစ်ဝက် မဲ့တစ်ဝက် အဓိပ္ပာယ်ပါသော မဲ့ပြုံးကလေးသည် မသမာသူတို့လက်ချက်ဖြင့် ယမ်းငွေ့ဖုံးခဲ့ရပါ၏။ သို့သော် ပြည်သူတို့ကို ထာဝစဥ်ညှို့ငင် ဖမ်းစားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ။

Credit : ပါမောက္ခ ဒေါက်တာအောင်ဇော် ၏ တိုင်းရင်း မွတ်စလင်မ် စာပြုစာဆိုပုဂ်္ဂိုလ်ကျော်များ -၂

ကိုကျော်မိုးအောင် FB စာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။

Leave a Reply