2 days ago
ဘာအတွက် သွေးလှူကြတာလဲ (ရုပ်သံ)
2 days ago
တိုင်းပြည်အား အကျိုးပြုစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့သားကောင်း မွတ်စလင်များအား ဂုဏ်ပြုပွဲပြုလုပ်မည်။
2 days ago
ဦးဝီရသူ တရားဆက်ဟောနေရင် ထောင်ချခံရနိုင်တယ်လို့ ဗန်းမော်ဆရာတော်ကြီးမိန့်
1 week ago
ဆယ်တန်းအောင်ပြီးသူတွေ လျောက်ထားနိုင်တဲ့ တူရကီနှင့် မလေးရှားနိုင်ငံမှ ပညာတော်သင်ဆုများ
2 weeks ago
အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ
2 weeks ago
ဦးကိုနီ လုပ်ကြံမှု ယနေ့ရုံးထုတ်၊ အောင်ဝင်းထွန်းဆိုသူ ထပ်မံပါဝင်လာ
2 weeks ago
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ အပြည့်အစုံ
3 weeks ago
ဦးဝီရသူအား အရေးယူဆောင်ရွက်ထားမှု သာသနာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်
3 weeks ago
ဦးဝီရသူအား တရားဟောခွင့် တနှစ်ပိတ်ပင်
3 weeks ago
Time မဂ္ဂဇင်း နိုင်ငံတကာ အနာဂတ် လူငယ်ခေါင်းဆောင်၁ဝ ဦးထဲ မဝေဝေနု ပါဝင်

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”ဆိုတဲ့ စာတမ်းလေးကို အိမ်တွေ ဆိုင်တွေမှာ ချိတ်ဆွဲထားတာ မကြာခဏ တွေ့ရတတ်ပါတယ်။ အဆိုးကို အဆိုးနဲ့ တုံ့ပြန်မယ် ဆိုတဲ့ သဘောထားပါပဲ။ အမှန်ဆို “သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ” လို့သာ ဖြစ်သင့်ပါတယ်။ အဆိုးကို အကောင်းနဲ့ ရင်ဆိုင်ခြင်းဟာ မြင့်မြတ်သူတို့ရဲ့ နှလုံးရည်ပါ။

တမန်တော်မြတ်မုဟမ္မဒ် (ဆွ)က အဲဒီနှလုံးရည်မျိုးနဲ့ ရန်သူကိုတောင် မိတ်ဆွေဖြစ် စေခဲ့တယ်။ ကိုယ်တော့် အပေါ်တစ်ချိန်က အမုန်းဆုံးပါလို့ ကြွေးကြော်ခဲ့တဲ့သူတွေဟာ နောက်ဆုံးတော့ အချစ်ဆုံးပါလို့ လှိုက်လှိုက် လှဲလှဲ ရင်ဖွင့်လာကြတဲ့ အထိပါပဲ။ မက္ကာဟ်မှာ အစ္စလာမ်ကို အစဦးဟောကြားစဉ်ကာလမှာ မိစ္ဆာဝါဒီတွေက ကိုယ်တော့်ကို အနှောင့်အယှက်အတားအဆီး အမျိုးမျိုးပေးကြတယ်။ ကိုယ်တော်သွားရာလမ်းမှာ အိမ်ပေါ်ကနေ ဆူးညှောင့်ခလုတ်တွေ အညစ်အကြေးတွေ ပစ်ချတယ်။ တချို့ဆို ဇွဲကောင်းကောင်းနဲ့ကို နေ့စဉ်လုပ်နေတာ။ တစ်နေ့ အဲဒီလူတစ်ယောက်ရဲ့ အိမ်ဘေးက ကိုယ်တော်ဖြတ်လျှောက်တဲ့အခါ ဘာမှ ပစ်ချတာမတွေ့ရလို့ ကိုယ်တော်က အံ့သြသွားတယ်။ တစ်ဆက်တည်းမှာပဲ ဒီလူကျန်းမာရေးမှ ကောင်းရဲ့လားလို့ သူ့အတွက် စိုးရိမ်မိတယ်။ ဒါကြောင့် သတင်းသွားမေးသတဲ့။ ကိုယ်တော့်ကိုတွေ့တော့ အဲဒီလူက အံ့သြသွားတယ်။ ကိုယ့်ကို နေ့စဉ်ရက်ဆက်ဒုက္ခပေးနေတဲ့ လူကိုတောင် စိတ်မနာဘဲ တစ်နေ့မတွေ့ရတာနဲ့ စိုးရိမ်ပြီး သတင်းလာမေးတယ်ဆိုတဲ့ မေတ္တာရှင်မျိုးကို မတွေ့စဖူးမို့ အထူး တဆန်းဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ မေတ္တာ တရားရဲ့ ရောင်ပြန်ဟပ်မှု၊ အဆိုးကို အကောင်းနဲ့ တုံ့ပြန်မှုကြောင့် အဲဒီသူဟာ ကိုယ်တော့်လမ်းစဉ်ကို သက်ဝင်ယုံကြည်သူ ဖြစ်လာခဲ့တယ်။

တစ်ရက် ကိုယ်တော်ဟာ လမ်းမှာတွေ့တဲ့ အဖွားအိုတစ်ယောက် မနိုင်မနင်းသယ်နေတဲ့ အထုပ်အပိုးတွေကို ကူညီသယ်ပိုးပေးခဲ့တယ်။ “အမေကြီး ဘယ်သွားမှာလဲ”မေးတော့ အဖွားအိုက ဒီမြို့ကနေခွာပြီး တခြားဒေသကို အပြီး ပြောင်းဖို့ ထွက်လာတဲ့အကြောင်း၊ ဒီလို ပြောင်းဖို့လုပ်ရတာကလည်း ဒီမြို့မှာ မုဟမ္မဒ်ဆိုတဲ့ ပုဂ်္ဂိုလ်တစ်ဦး ပေါ်လာတဲ့အတွက်ဖြစ်ကြောင်း၊ သူက တို့အစဉ်အလာ ကိုးကွယ်နေတဲ့ နတ်ဘုရားတွေကို မကိုးကွယ်ဖို့နဲ့ အလ္လာဟ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဖို့ ပြောကြောင်း၊ သူ့ကြောင့် ဒီမြို့မှာ မငြိမ်မသက်ဖြစ်ရကြောင်း၊ သူ့တရားတွေကြောင့် လူတွေ စိတ်ဒုက္ခရောက်နေရကြောင်းစသဖြင့် အဆိုးမြင် ရှုထောင့်ကနေ ၀ါဒဖြန့်ထားတဲ့ စကားတွေကို သူကြားထားသမျှ ပြန်ပြောပြရင်း ခရီးအတော် ရောက်လာခဲ့တယ်။ ကိုယ်တော်ကတော့ တစ်လမ်းလုံး ဘာမှမပြောဘဲ ပြုံးပြီး လိုက်လာခဲ့တယ်။ အဖွားအိုလည်း သွားလိုရာကို ရောက်ပြီဆိုတော့ ကိုယ်တော်က နှုတ်ဆက်စကားဆိုတယ်။ အဖွားအိုကလည်း “အေးကွယ်၊ ကျေးဇူးပါပဲ၊ ဒါနဲ့ မောင်ရင့်နာမည်လေး တဆိတ်လောက်ပြောခဲ့ပါဦး”လို့ မေးတယ်။ ဒီတော့မှ “အမေတစ်လမ်းလုံး အပြစ်တင်ပြောဆိုလာတဲ့ မုဟမ္မဒ်ဆိုတာ ကျွန်တော်ပါပဲ”လို့ ရယ်ရယ်ပြုံးပြုံးနဲ့ ဖြေလိုက်သတဲ့။ အဖွားအိုဟာ မထင်မှတ်ထားတဲ့စကားကြောင့် အံ့သြခြင်းကြီးစွာဖြစ်ခဲ့ရတယ်။ ဒီလောက်ဖော်ရွေရည်မွန်ပြီး စိတ်ကောင်းရှိတဲ့ သူငယ်ဟာ ငါမုန်းတယ်ဆိုတဲ့ မုဟမ္မဒ်တဲ့လား။ အဖွားအိုဟာ သူမမြင်မတွေ့ဖူးဘဲ တစ်ဆင့်ကြား ကောလဟလစကားတွေနဲ့ အထင်မှားပြီး အပြစ်ဖွဲ့မိခဲ့တာတွေကို ချက်ချင်း နောင်တရသွားရှာတယ်။ ပြီးတော့ ကိုယ်တော့်လမ်းစဉ်ကို သက်ဝင်ယုံကြည်သူ တစ်ဦး ဖြစ်လာခဲ့တယ်။

မက္ကာဟ်မှာ မိစ္ဆာဝါဒီတွေက ကိုယ်တော့်ရဲ့နောက်လိုက် သူတော်စင်တွေကို ဒုက္ခအမျိုးမျိုးပေး၊ နေအိမ်တွေကနေ နှင်ထုတ်၊ မနေနိုင်အောင် အမျိုးမျိုးလုပ်ကြ တော့ အမှန်တရားကို အနှောင့်အယှက်ကင်းကင်း ကျင့်သုံးဖို့ လွတ်မြောက် နယ်မြေကို စွန့်ခွာကြရတယ်။ နောက်လိုက်တွေကို အရင်စေလွှတ်ပြီးမှ မိမိက အဘူဗကရ် သခင်နဲ့အတူ စွန့်ခွာတယ်။ ဖြစ်ချင်တော့ အဲဒီညက မိစ္ဆာဝါဒီတွေဟာ ကိုယ်တော့် ရဲ့အိမ်ကို ၀ိုင်းပြီး ကိုယ်တော့်ကို သတ်ဖြတ်လုပ်ကြံဖို့ စီစဉ်ထားတယ်။ တစ်ညလုံး ၀ိုင်းရံထားပေမယ့် ကိုယ်တော်ထွက်သွားတဲ့အချိန်မှာ သူတို့ ငိုက်မျည်း နေကြပြီ။ ဘယ်သူမှ မတွေ့လိုက်ကြဘူး။ ဒါကလည်း အလ္လာဟ်အရှင်ရဲ့ အကူအညီ တော်ကြောင့်ပါ။

ကိုယ်တော်ထွက်သွားပေမယ့် ညီတော်အလီကို အိမ်မှာထားခဲ့တယ်။ ထားခဲ့ရတဲ့ အကြောင်းကလည်း ရှိတယ်။ ကိုယ်တော့်ကို မုန်းပါတယ်၊ သတ်ချင်ပါ တယ်ဆိုတဲ့ လူတွေအတွက် သူတို့ရဲ့ ဥစ္စာပစ္စည်းကို အပ်နှံဖို့ ယုံကြည်ရတဲ့သူက လည်း တစ်မြို့လုံးမှာ ကိုယ်တော်တစ်ဦးတည်းသာ ရှိတယ်။ ဒါကြောင့် သူတို့အပ်နှံထားတဲ့ ပစ္စည်းတွေကို စာရင်းအင်းနဲ့တကွ ပြန်အပ်ဖို့ ညီတော်အလီကို ကိုယ်စား ထားခဲ့တာတဲ့။ ဘယ်လောက်အံ့သြစရာကောင်းလိုက်ပါသလဲ။ ကိုယ့်ကိုသတ်မယ့် ရန်သူရဲ့ ပစ္စည်းကိုတောင် အသက်လုပြီး ပြေးရတဲ့အချိန်မှာ မျက်နှာလွဲခဲပစ် မထားခဲ့ဘူး။ တစ်ဖက်က အဆိုးပြုနေပေမဲ့ ကိုယ်တော်ကတော့ အကောင်းနဲ့သာ တုံ့ပြန်ခဲ့တယ်။

ကိုယ်တော်ထွက်သွားပြီလို့ ကြားတဲ့အခါမှာ မိစ္ဆာတွေဟာ ဒေါသပုန် ထပြီး ဘယ်သူမဆို ကိုယ်တော့်ကို ဖမ်းဆီးသတ်ဖြတ် ပေးနိုင်ရင် တန်ဖိုးကြီး ကုလားအုတ်အနီတစ်ရာ ဆုချမယ်လို့ မောင်းကြေးနင်းခတ်လိုက်တယ်။ အဲဒီအခါ မှာ ဆုဒကာဆိုတဲ့ လောဘသား ငနဲတစ်ယောက်က မှန်တာမှားတာ ဘေးချိတ် ထား ကုလားအုတ်တစ်ရာကနည်းသလားဆိုတဲ့အတွေးနဲ့ ဆုကြီးမျှော်ပြီး ငတေ မာရင်ပြီးရောဇာတ်ကို ဘီလူးဆိုင်းနဲ့ ကားလိပ်ဖွင့်လိုက်တယ်။

ဆုဒကာဟာ ကိုယ်တော့်နောက်ကို လောဘအဆိပ် တရိပ်ရိပ်တက်ပြီး လိုက်နေတုန်း လမ်းခုလတ်တစ်နေရာမှာ သူ့မြင်းက ခြေချော်ပြီးလဲကျခဲ့တယ်။ ဒါဟာ ကံမကောင်းခြင်း နိမိတ်ပဲလို့ သူတွေးမိတယ်။ အရဗ်တို့ရဲ့ ထုံးဓလေ့အတိုင်း ဆက်လိုက်သင့် မလိုက်သင့် ကို မြားမဲနှိုက်ပြီး အဆုံးအဖြတ်ခံကြည့်တယ်။ “မလိုက်နဲ့”ဆိုတဲ့ အဖြေရတယ်။

တစ်ဖက်မှာလည်း ကုလားအုတ်တစ်ရာ ဆုမဟာက လက်မလွှတ် ချင်စရာ။ မထူးပါဘူးဆက်သာလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ကြိတ်မှိတ်အားပေးပြီး လိုက်ပြန်တယ်။ မြင်းက နောက်တစ်ကြိမ် ခြေချော်ကျပြန်တယ်။ မြားမဲက “မလိုက်နဲ့”ပဲ အဖြေထုတ်တယ်။ လောဘကလည်း အတောသတ်မရ။

ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ဆက်လိုက်ပြန်တော့ နောက်ဆုံးတစ်ခေါက်မှာ ကိုယ်တော်နဲ့ အဘူဘကရ်သခင် နှစ်ဦးသားရဲ့အနီး နီးနီးကပ်ကပ်ရောက်သွားကာမှ မြင်းခြေချော်ချက်က တော်တော်ကြီးကို အထိနာတယ်။ အရှိန်နဲ့ပြုတ်ကျတာ ကိုယ်တော့်ရဲ့ ခြေတော်ရင်းနား ပြားပြားဝပ်အနေအထားပါပဲ။

ရန်သူမှန်း ရိပ်စားမိတဲ့ အဘူဗကရ်သခင်က ဆောင်ဓားကို အသင့်ရွယ် ထားလိုက်ပြီ။ ဒီအခါမှာ ငမိုက်သား ဆုဒကာက ပျာပျာသလဲ တောင်းပန်ရှာတယ်။ အခုတော့လည်း သနားစရာပဲလေ။ သူဟာ လောဘတက်မိပြီး ကိုယ်တော့်ကို သတ်ဖို့လိုက်လာခဲ့မိ ကြောင်းကိုလည်း ၀န်ခံရှာတယ်။ ခွင့်လွှတ်ဖို့လည်း အသနားခံတယ်။ ကိုယ်တော်ကလည်း ခွင့်လွှတ်လွယ်သူလေ။ ခွင့်လွှတ်ပါတယ်။ စိတ်အေးအေးပြန်တော့ပေါ့။ ဒါပေမဲ့ ဆုဒကာက အမြော်အမြင်တော့ရှိတယ်။ စိတ်မအေးနိုင်ရှာဘူး။ နောင်တစ်ချိန် ကိုယ်တော် မရှိတဲ့နောက်မှာ ကိုယ်တော့်ရဲ့ အသက်ကို သူရန်ရှာဖူးတာ တခြားမွတ်စလင်တွေ သိသွားရင် သူ့ကို အသက် အန္တရာယ်ပြု လာကြလေမလားလို့ သူတွေးပူနေမိတယ်။

အဲဒီအတွက် ကိုယ်တော်က ခွင့်လွှတ်ခဲ့ပြီးသားပါဆိုတဲ့ ထောက်ခံချက် လက်မှတ်လေး ရေးပေးထားဖို့ တောင်းဆိုပြန်တယ်။ ဒါကိုလည်း ကိုယ်တော်က ကြည်ကြည်ဖြူဖြူပဲ ဆောင်ရွက်ပေးလိုက်တယ်။ အဲဒီလို ရှာမှရှားတဲ့ အနှိုင်းမဲ့ မေတ္တာတော်ရှင်ရဲ့ အဆိုးကို အကောင်းနဲ့တုံ့ပြန်မှုကြောင့် ဆုဒကာဟာ ကိုယ်တော့်ကို ချစ်မြတ်နိုးတဲ့ ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့ပြန်ပါတယ်။

နောက်တစ်ခု သာဓကပြချင်ပါသေးတယ်။ တမန်တော်မြတ်က ဟစ်ဂျရီ ၈ ခုနှစ်မှာ မက္ကာဟ်ကို ပြန်လည်အောင်နိုင်ခဲ့ပါတယ်။ ဒီအခါမှာ မွတ်စလင်တွေဟာ ရှစ်နှစ်လောက်ခွဲခွာခဲ့ရတဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ရောက်ကြရပြီ။ ကိုယ့်အိမ်၊ ကိုယ့်ခြံကို ပြန်တွေ့ကြရပြီ။

ဒါပေမဲ့ အဲဒီနေအိမ်တွေပေါ်မှာ မယုံကြည်သူတွေက မတရားသိမ်းပိုက် ပြီး တက်နေနေကြတာ တော်တော်တောင် အခြေကျနေခဲ့ပါပြီ။ ဒါကြောင့် ကိုယ်တော်က အမိန့်ထုတ်တယ်။ အဲဒီအိမ်တွေကို ငါတို့အိမ်ပဲဆိုပြီး ပြန်သိမ်းယူခြင်း မပြုရဘူးတဲ့။

ဘာကြောင့်လဲဆိုရင် ဒီအိမ်တွေပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေဟာ သူ့မိဘတွေမတရားသိမ်းပိုက်ပြီးတက်နေကြတာကို သိကြမှာ မဟုတ်ဘူး။ သူတို့က ဒီအိမ်ပေါ်မှာ မွေးဖွားကြီးပြင်းလာကြတာဆိုတော့ သူတို့အိမ်ပဲလို့မှတ်နေမှာ။ မွတ်စလင်တွေက ကိုယ့်အိမ်ကိုယ်ပြန်ယူတာကို သူတို့က ငါတို့အိမ်ကို ဒီလူကြီးတွေ သိမ်းပိုက်သွားပါလားလို့ အမှတ်မှားကုန်မယ်။

ဒါကြောင့် အခြေကျပြီးသားအတိုင်း နေမြဲနေပါစေ၊သူတို့လေးတွေရဲ့ နုနယ်တဲ့စိတ်ထဲမှာ စိတ်ဒဏ်ရာမရစေချင်တဲ့ စာနာစိတ်နဲ့ ပြန်မယူဖို့ တားမြစ်ခဲ့ တယ်။ ဒါဟာလည်း အဆိုးကို အကောင်းနဲ့ တုံ့ပြန်လိုက်တဲ့ မြင့်မြတ်တဲ့နှလုံးရည် ပိုင်ရှင်တို့ရဲ့ အပြုအမူပါပဲ။

ကိုယ်တော်ဟာ စံပြတမန်တော်ဖြစ်တယ်။ ကိုယ်တော်ရဲ့သမိုင်းကို လေ့လာ ကြည့်ရင် ကိစ်္စရပ်တိုင်းအတွက် ကျွန်တော်တို့ အတုယူလိုက်နာနိုင်မယ့် စံနမူနာတွေနဲ့ ပြည့်နှက်နေတယ်။ အခု သာဓကပြခဲ့တာတွေက “အဆိုးကို အကောင်းနဲ့တုံ့ပြန်”တဲ့ ကိုယ်တော်ရဲ့ စံနမူနာတချို့ဖြစ်တယ်။ ဒီကျင့်စဉ်က ဘယ်က လာပါသလဲ။ ကိုယ်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော် ကျမ်းမွန်ကုရ်အာန်အတိုင်း တစ်သဝေမတိမ်းလျှောက်လှမ်း ကျင့်မူသူဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန် ၂၃း ၉၆ မှာ-

“အဆိုးကို အကောင်းဖြင့် တုံ့ပြန်လော့”

လို့ အတိအလင်း လမ်းညွှန်ချက်ရှိနေပါတယ်။

အချုပ်ဆိုရရင် “အဆိုးကို အကောင်းနဲ့တုံ့ပြန်ရေး”ဆိုတာ အစ္စလာမ်က သင်ကြားတဲ့ မွတ်စလင့်ကျင့်ဝတ်တရားပါပဲ။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီတရား ပြန့်နှံ့ရင် ဥယျာဉ်ဘုံနန်းတမျှ ငြိမ်းအေးခြင်းသန်္တိသုခအမြိုက်ရသကို ခံစားကြရမှာ သေချာပါတယ်။ ဒီတရားခေါင်းပါးရင်တော့ မင်းဘာလဲ၊ ငါဘာလဲနဲ့ အတ္တတွေ၊ မာနတွေ ကြီးထွားရှင်သန်လာမှာဖြစ်တဲ့အတွက် လောကဟာ ငရဲတမျှပါပဲ။ အွမ္မသ်ညီညွတ်ရေးဆိုတာဟာလည်း အဆိုးကို အကောင်းနဲ့တုံ့ပြန်ပြီးတော့သာ တည်ဆောက်ယူလို့ ရနိုင်မယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်း ဆောင်ထားရမယ့်ဆောင်ပုဒ်က “သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ” ဆိုတာပါပဲ။

သန်းမင်းထိုက်(မြန်မာစာ)

(ဒီရေထဲက ပန်းကလေးများ-အစ္စလာမ့်ဓမ္မရသစာစုများ မှ)

One Comment

  1. PEACE BE UPON YOU, I like Ko Then Min Htike’s features. 🙂 Great Day!

Leave a Reply