6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေလ-၂၀၊ ၂၀၁၃
M-Media
အမ်တူးအေ

ရန်ကုန် ။      ။        မြန်မာနိုင်ငံတ၀ှမ်းမှ မီဒီယာနှင့်ဆက်နွယ်သူများ ပါဝင်သည့် မီဒီယာဖွံ့ဖြိုးရေးညီလာခံကို မေလ (၁၉၊ ၂၀)ရက်များတွင် ရန်ကုန်မြို့၌ ပြုလုပ်ကြောင်း သိရပါသည်။ ယင်းညီလာခံတွင်  ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်ပါတယ်။

Aung Kyi U

ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဓါတ်ပုံ-VOA

“ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေးညီလာခံ”တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ပြောကြားသည့် မိန့်ခွန်း (၂၀.၅.၂၀၁၃)

ဂုဏ်သရေရှိလူကြီးမင်းများ၊ ပြည်သူ့လွှတ်တော် ကော်မတီဝင်များ၊ ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းပြည်ပရှိ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်ကြီးများ၊ အထူးဖိတ်ကြားထားသူများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျား –

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေးညီလာခံဖွင့်ပွဲအခမ်းအနားမှာ ယခုလို စုံစုံညီညီနဲ့ ပါဝင်တက်ရောက်လာကြတာကို တွေ့မြင်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဘက်စုံ ကဏ္ဍစုံကနေ ပါဝင်ဆွေးနွေးကြမယ့်သူတွေ များစွာပါဝင်ကြတာဖြစ်တဲ့အတွက်လည်း အထူးပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

မနှစ်က ပထမအကြိမ်ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ မီဒီယာဖွံ့ဖြိုးရေးညီလာခံကို ကျွန်တော်တို့က များစွာအသိအမှတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ ညီလာခံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မီဒီယာဆိုင်ရာ ညီလာခံတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မီဒီယာကဏ္ဍအရွေ့ကို အားပေးကူညီခဲ့တာကြောင့် ယခုအချိန်မှာ ကျွန်တော်တို့အားလုံးဟာ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်မှာ အတူတကွ တက်လှမ်းနေနိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အဲဒီ ညီလာခံက အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားလိုပါတယ်။

“မီဒီယာဗဟုဝါဒ” (ရွေးချယ်ပိုင်ခွင့်)သာ မရှိခဲ့လျှင် “လွတ်လပ်စွာထုတ်ဖော်ပြောကြားခြင်း” (ပြောဆိုပိုင်ခွင့်)နဲ့ “လွတ်လပ်စွာ သတင်းအချက်အလက်ရယူခြင်း” (သိရှိပိုင်ခွင့်)တို့ဟာလည်း မှန်မှန်ကန်ကန် ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ “မီဒီယာ ဗဟုဝါဒ”ဟာ နိုင်ငံရေးနဲ့ စီးပွားရေးသြဇာကင်းလွတ်တဲ့ မီဒီယာပြိုင်ဖက်များ ရှိနေမှသာလျှင် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရရဲ့ အဓိကတာဝန်ရှိမှုကတော့ “မီဒီယာ ဗဟုဝါဒ”နဲ့ “လူမှုတာဝန်သိသော မီဒီယာပုံစံ”တို့အကြား ဆက်နွယ်နေမှုကို ချောမွေ့အဆင်ပြေစေရန်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မီဒီယာ အခင်းအကျင်းဟာ ကျား/မ၊ အသက်အရွယ်၊ လူမျိုးစုများနဲ့ စွမ်းအားမတူညီကြသူများ အစရှိတဲ့ အမျိုးအစား ကွဲပြားခြားနားကြတဲ့ ပရိသတ်များအတွက် ရှေ့ရှုသော တင်ဆက်မှုအပိုင်းများသာမက ပိုင်ဆိုင်မှုအပိုင်းတွေမှာပါ ကွဲပြားခြားနားမှုများ ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

ပြီးခဲ့တဲ့ ညီလာခံမှာ မူဝါဒ ဖော်ဆောင်မှုအပိုင်းနဲ့ပတ်သက်လို့ အဓိက လိုအပ်ချက်များနဲ့ တွေ့ကြုံရမယ့် ပြဿနာများအပြင် အနာဂတ်အလားအလာနဲ့ အကန့်အသတ်တို့ကိုလည်း ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးခဲ့ကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ မူဝါဒ ဖော်ဆောင်ရေးဆိုင်ရာ မဟာဗျူဟာများနဲ့ လုပ်ငန်းစီမံကိန်းများကို လွှတ်တော်ကော်မတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့မှုနဲ့အတူ ပုံနှိပ်ထုတ်ဝေခွင့်ကို အွန်လိုင်းမှတဆင့် လွယ်ကူလျင်မြန်စွာ လုပ်နိုင်ကြခြင်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေး ပထမအဆင့် ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပြန်လည် ပေါ်ထွက်လာမှုနဲ့အတူ တည်ဆဲတင်းကြပ်တဲ့ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေးသည် မီဒီယာပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းနိုင်ရေးနဲ့ပတ်သက်၍ စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ကြပြီဖြစ်တဲ့အပြင် ဒီဥပဒေများကို ရုပ်သိမ်းနိုင်မယ့် ဥပဒေကိုလည်း မကြာမီကာလအတွင်း လွှတ်တော်မှာ ဆွေးနွေးသွားရန် ရှိနိုင်ပါကြောင်း တင်ပြလိုပါတယ်။

ယခုအချိန်မှာတော့ မီဒီယာဗဟုဝါဒနဲ့ ကျွန်တော်တို့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ဖို့အတွက် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်မယ့်ကိစ္စအပေါ် အာရုံစူးစိုက်လျက်ရှိနေကြပါတယ်။ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားအတွက် မဟုတ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာဟာ ကွဲပြားခြားနားတဲ့ အသံများ နားထောင်ပြီး လူတိုင်းကို တန်းတူညီမျှ ထုတ်ဖော်ပြောကြားခွင့်ရရှိစေမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေရဲ့ မီဒီယာအခင်းအကျင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုတောင်းသော ကာလတစ်ခု အတွင်းမှာပဲ ယခုလို ခရီးပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ အာရှတိုက်မှာ အောင်မြင်တဲ့ မီဒီယာပြုပြင်ပြောင်းလဲမှုများထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ တစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာလေး အတွင်းမှာ ကျွန်တော်တို့ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်လာမှုကို ကြည့်လိုက်မယ်ဆိုရင် ယူနက်စကို၊ နိုင်ငံတော်အစိုးရ၊ IMS၊ ယာယီစာနယ်ဇင်းကောင်စီ၊ ပြည်တွင်း မီဒီယာလုပ်ငန်းများနဲ့ အရပ်ဖက် အဖွဲ့အစည်းများရဲ့ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ဘယ်လောက် အထိ အရေးပါကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးမှာ ခင်ဗျားတို့အားလုံးရဲ့ အခန်းကဏ္ဍတွေ မပါဝင်ဘဲ ဘက်စုံထောင့်စုံကနေ ပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မီဒီယာပြောင်းလဲရေးမှာ ပါဝင်ခဲ့ကြတဲ့ သက်ဆိုင်သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်တလျှောက်လုံးမှာလည်း ယခုကဲ့သို့ပဲ ဆက်လက်ပါဝင် ကူညီဆောင်ရွက်ပေးသွားနိုင်ကြမယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်။

ယနေ့အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Leave a Reply