2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျွန်တော့်နာမည်က လာဝီ အလီ ဝီရောပါ။ ပါပူအာ နယူးဂီနီ အလယ်ပိုင်း ပါပူအာ အရှေ့တောင်ပင်လယ်ကမ်းရိုးတန်းရှိ ဝိုင်အိုရီ ရွာကပါ။ အသက်၂၅ နှစ်ရှိပြီး အိမ်ထောင်နဲ့ပါ။ ဂျလာလွတ်ဒင် ဆိုပြီး သားတစ်ယောက်ရှိပါတယ်။

ကျွန်တော်က ၁၉၈၆ ခုနှစ် ဇန်နဝါရီလမှာ အစ္စလာမ်ကို လက်ခံခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီတစ်နေ့တည်းမှာပဲ ဘာသာတူ ညီနောင်တစ်ဦးလို့ဆိုရမယ့် ပါပူအာနယူဂီနီသားလဲဖြစ်တဲ့ ကျွန်တော်နဲ့ တော်တော်လှမ်းလှမ်းကရွာမှာနေတဲ့ ဘီလာလ်ဒဝိုင်း ( Bilal Dawai) ကလည်း အစ္စလာမ်ကို လက်ခံခဲ့ပါတယ်။

First two Papua New Guineans to embrace Islam in January 1986
R – L: Brother Bilal (Alexander) Dawia, Brother Lavi-Ali

နောက်ပြီး နှစ်ဦးစလုံး သောကြာနေ့မှာပဲ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာပါ။ သူက ဆစ်ဒနီမှာ ကျွန်တော်က ပို့ဒ်မိုရက်စဗီးမှာပါ။ တစ်နေ့ထဲမှာ ကလီမာ အတူဖတ်ခဲ့ကြတာကို တစ်ဦးနဲ့တစ်ဦး မသိခဲ့ကြပါဘူး။ ဒါ့ကြောင့် ပါပူအာ နယူးဂီနီမှာ ပထမဆုံး ပူးတွဲမွတ်စလင်မ်ဖြစ်လာသူများလို့ ဆိုရမှာပေါ့ဗျာ။

အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်ရဲ့ဇနီးသည်ကလည်း အလ္လာဟ်ရှင်နဲ့ အရှင်ရဲ့တမန်တော်ကြီးအပေါ်မှာ သက်သေခံခဲ့ပါတယ်။

သြစတြေးလျန်းတွေ သိမ်းပိုက်ထားစဉ်ကတည်းက အခြေချနေနေကြတဲ့ မွတ်စလင်မ်တွေရှိနေပေမယ့်လည်း လွန်ခဲ့တဲ့လေးငါးနှစ်အလျင်ကဆိုရင် ပါပူအာ နယူးဂီနီသားတွေအနေနဲ့ အစ္စလာမ်နဲ့ မွတ်စလင်မ်ဆိုတာ ဘာလဲလို့ လုံးဝကြားဖူးကြခြင်းမရှိပါဘူး။ တမန်တော်မုဟမ္မဒ် (ဆွ) ဆိုတာတော့ ဝေလာဝေးပေါ့ဗျာ။ ဒီမွတ်စလင်မ်တွေက အစ္စလာမ့်ပြန့်ပွါးရေးကို နည်းနည်းလေးမဆိုထားနဲ့ လုံးဝကိုမလုပ်ကြတာပါ။ ဒါကလည်းသူတို့ကိုယ်တိုင်က အစ္စလာမ်ကို ကောင်းကောင်းနားမလည်ကြလို့နေမှာပါ။

လွန်ခဲ့တဲ့ ၁ဝနှစ်တာအတွင်း အဲ လွန်ခဲ့တဲ့ရာစုနှစ်ကစပြီး ဥရောပသားတွေက ဒီနိုင်ငံကို ရောက်လာကြတယ်။ ဒေသခံတွေကတော့ မြေစောင့်နတ်နဲ့ ရေငံပိုင်နတ်ဆိုတာကိုပဲ သိကြတာပါ။ ရှေးရှေးက ကွယ်လွန်ခဲ့တဲ့လူတွေရဲ့ ဝိညာဉ်တွေထဲမှာ အကောင်းပြုတဲ့ အဆိုးပြုတဲ့ နာနာဘာဝဝိဥာဉ်တွေရှိနေတယ်လို့ပဲ ယုံကြည်ထားကြတာပါ။

ခရစ်ယာန်တွေရောက်လာတော့ စာရေးစာဖတ်အကြောင်းနဲ့ တစ်ဆူတည်းဖြစ်တဲ့ အဘဘုရားသခင်လို့ သူတို့ကခေါ်ဆိုကြတဲ့ ထာဝရဘုရားရှင် မဟာဝိဥာဉ်တော်ရဲ့ကျမ်းဂန်ဆိုတဲ့အကြောင်းကို ပြောပြကြပါတယ်။ ဒီကျမ်းမှာ အလုံးစုံသော အသိပညာတွေပါဝင်ပါသတဲ့ တဲ့။ ဒီမဟာဝိဥာဉ်တော်က မိမိရဲ့သားတော်ကို ဥရောပသားတွေကို ကူညီဖို့ရာ စေလွှတ်တော်မူခဲ့ကြောင်းနဲ့ ဒီသားတော်က ငြိမ်းချမ်းရာမြေကို ပြန်ကြွသွားခဲ့ပြီလို့လည်း ဟောပြောခဲ့ကြပါတယ်။

အခု ဒီသားတော်ရဲ့နေရာမှာ ဥရောပသားတွေက အစားဝင်လာပြီး ဘုရားရှင်ရဲ့ဗျာဒိတ်တော်တွေကို ပို့ချပေးဖို့ ကျုပ်တို့ဆီရောက်လာကြတယ်ပေါ့ဗျာ။ သူတို့က စာရေးစာဖတ်ကိုလည်း သင်ပေးကြမယ်။ ဒီတော့မှ သူတို့သိသလို ကျုပ်တို့လည်း အသိပညာတွေရအောင်လို့တဲ့။ ခရစ်တော်က ရောဂါဝေဒနာရှင်တွေကို ကုသပေးသလို သေသူကိုရှင်အောင် လိုအပ်ရင်လုပ်ပေးခဲ့သလိုမျိုးလေ။ သူတို့ကလည်း ကျုပ်တို့ကို ဆေးဝါးကုသပေးမယ်။ ရောဂါဝေဒနာဘေးက ကယ်တင်ပေးကြမယ့်သဘောပေါ့။ ခရစ်တော်က ဘယ်ပုံဘယ်နည်းနဲ့ စွမ်းဆောင်ပေးခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ သူတို့က မတင်ပြခဲ့ကြပါဘူး။

လုလင်ပျိုအရွယ်ရောက်လို့ ကျုပ်ဖခင်ကိုယ်တိုင်က ယူနိုက်တက် ခရစ်ယာန်ဘုရားကျောင်းရဲ့ ဝတ်ပြုရှေ့ဆောင်ဆရာတော်ကြီးဖြစ်နေဆဲတိုင် ကျုပ်ကတော့ ဘာသာရေးကိုရော ဘုရားကျောင်းကန်ကိုရော သိပ်ပြီးစိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ဘုရားကျောင်းကို မလွှဲမကင်းသာသွားတတ်ပါတယ်။ ကျွန်တော်သိနေတာက ကျွန်တော်တို့က ယူနိုက်တက်ဝတ်ကျောင်းတော်ကို ဝတ်ကြီးဝတ်ငယ်ပြုကြသလို  ခရစ်ယာန်ဘာသာဝင်ချင်းအတူတူဖြစ်တဲ့ သတ္တမနေ့အသင်းတော်ဝင်တွေ ဟိုးတစ်ဖက်ရွာက ဂွန်းဆားနွယ်တွေကလည်း ဝတ်ပြုမှုရှိကြတယ်။ ဒါပေမယ့် ဘာသာချင်းတော့တူပြီး ဝတ်ပြုပုံက ကွဲနေတယ်လေ။ ခံယူချက်ချင်းက အနည်းနဲ့အများ တူနေလျှက်က ကွဲလွဲနေကြပါတယ်။

ကျွန်တော်ကျောင်းကထွ့်ပြီး ပို့ဒ် မော်ရက်စဗီးမြို့မှာ ဈေးဆိုင်အကူဝင်လုပ်တော့မှ ယူနိုက်တက်ဝင် သတ္တမနေ့ဝင်အပြင် တခြားခရစ်ယာန်ဂိုဏ်းကွဲတွေ အများကြီးပဲရှိပါသေးလားဆိုတာကို သိခဲ့ရပါတယ်။ သီးခြားဘုရားကျောင်း သီးခြားဓမ္မတေးတွေ ရှိနေကြခဲ့လို့ တင်ပြပုံခြင်းကလည်း ကွဲနေတာကိုတွေ့ရပါတယ်။

လက်ပစ်ဘောကစားတဲ့ရာသီကိုရောက်လာချိန်ကျတော့ အချိန်လည်းမရတာနဲ့ ဘုရားကျောင်းကို မသွားနိုင်တော့ဘူးလေ။ ဒါက ပြသနာလဲမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလု့းက ကိုယ်တိုင်ဝင်မကစားကြပေမယ့်လည်း ကျုပ်တို့က ကစားကြတာကို ရွာလုံးကျွတ်လာကြည့်ကြလို့ပါပဲ။ ဒါအပြီးမှာ အားလုံးက ကိုယ့်နေရာကိုယ်သွားကြပြီး ဘီယာနည်းနည်းပါးပါးသောက်ကြ၊ ပြီးရင် ရုပ်ရှင်သွားကြည့်ရင် ကြည့်ကြပေါ့ဗျာ။ ပျော်စရာကြီးပေါ့။

သာယာချိုမြလှတဲ့ ဘဝရယ်ပါ

အဲဒီနောက်တော့ အင်ဒိုနီးရှားနိုင်ငံကို ရက်သတ္တပတ်တော်တော်ကြာရောက်ခဲ့ရတယ်။ အဲဒီရောက်တော့မှ ကမ္ဘာမှာ သြော် ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူတွေလည်းရှိပါသေးလားဆိုတာကို သိခဲ့ရပါတယ်။ အရင်ကဆို လူမှန်ရင် ခရစ်ယာန်ဘာသာဝင်တစ်မျိုးမျိုးထဲကလို့ပဲ ထင်မိတယ်လေ။ အဲဒီမှာက လူတွေ ဒီလောက်အများကြီးပဲရှိပေမယ့်လည်း ဆက်ဆံကြပုံချင်းက ရည်မွန်နေကြတာကို တွေ့ရတယ်။ ငြင်းခုံပြောကြဆိုကြရင်လည်း ဘယ်တော့မှခိုက်ရန်မဖြစ်ပွားဘဲ ပြီးပြီးရောသွားကြတာကို တွေ့ခဲ့ရပါတယ်။ လူတွေဟာ သည်းခံစိတ်ကြီးမားသလိုပဲ။ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ချိုသာတဲ့အပြုံးကိုယ်စီနဲ့ပဲ ရှိကြပါတယ်။

ဒီတော့မှ တခြားလူမျိုးတွေအကြောင်းရယ် ကောင်းတာကဘာ ဆိုတာကဘာ မကောင်းတာကဘာဆိုတာကို ကျုပ်ကစပြီး စဉ်းစားကြည့်မိခဲ့ပါတယ်။

ဟိုးအရင်နှစ်တော်တော်ကြာတုန်းက ကျွန်တော့ကို ဥရောပသားတစ်ဦးက မွေးစားခဲ့ပါတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းစာဖတ်နေတာကိုပဲ တွေ့ရတယ်။ ခရစ်ယာန်ဝတ်ပြုကျောင်းတက်တာလဲ လုံးဝမတွေ့ရပါဘူး။ ဒါပေမယ့် စာဖတ်နေရာက ခေတ္တရပ်နားပြီး ဦးညွတ်ဝပ်တွားမှုပြုပြီး တစ်စုံတစ်ရာသောကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်နေတာမျိုးတော့ရှိပါတယ်။ သူက တခြားဥရောကသားတွေနဲ့လည်း လုံးဝမတူပါဘူး။ တော်တော်တော့ထူးတဲ့လူပဲလို့ ကျုပ်တို့လည်း တွေးမိထင်မိခဲ့ရပါတယ်။ သူက အစဉ်သဖြင့် ဒါကိုတော့လုပ် ဒါကကောင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ဒါကိုတော့မလုပ်နဲ့ ဒါကတော့ မကောင်းတဲ့လုပ်ရပ်ပဲလို့ ဆိုဆုံးမတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ အလိမ္မာတရားဝင်ခဲ့ရတာပေါ့ဗျာ။

အဲ သူက ရုပ်ရှင်တွေ ဘာတွေလဲကြည့်ခဲသားဗျ။ တစ်ညတော့ သူက ကျုပ်ကို ရုပ်ရှင်ကားကောင်းတစ်ခုသွားကြည့်ကြစို့ဆိုပြီး ခေါ်သွားခဲ့တယ်လေ။ သဲထိတ်ရင်ဖိုတိုက်ပွဲတွေ အများကြီးပါတယ်တဲ့။ ရုပ်ရှင်ကားနာမည်ကတော့ The Massage (သဝဏ်) ပါ။ ရုပ်ရှင်အပြီးမှာ မွတ်စလင်မ်တွေဝတ်ပြုဖို့နှိုးဆော်တဲ့ အာဇာန်သံကိုကြွေးကျော်ပြီး သူဝတ်ပြုသလိုပဲ စုပေါင်းဦးညွတ်ဝပ်တွား ဝတ်ပြုကြပါတယ်။ ကျုပ်က အမှတ်တမဲ့ မသိလိုက် မသိဖာသာနေပေမယ့် စိတ်ထဲကတော့ သူဘာကြောင့်ဝတ်ပြုရင်းက ငိုကြွေးနေတယ်ဆိုတာကို နားမလည်မိခဲ့ပါဘူး။

မွတ်စလင်မ်ဖြစ်တဲ့ ဒီဦးလေးကြီးကျတော့ ကျုပ်ကို ကောင်းတာလုပ်ဆိုပြီး ဘာကြောင့် အမြဲလိုလို ဆုံးမနေရတာလဲပေါ့။ တခြားမွတ်စလင်မ်တွေကိုကြည့်စမ်းပါဦး။ ရစရာမရှိအောင် ကမ်းကုန်အောင် ဆိုးနေကြတယ်မဟုတ်လား။ နောက်ပြီး သူကကျတော့ စစ်သားတစ်ယောက်၊ ဒဏ်ရာလဲရထားတယ်။ အဲလူတွေကိုလည်း သတ်ခဲ့သေးတာပဲ။ အင်း ဒါပေမယ့် သူက ကျုပ်တို့ဘက်ကချည်း အမြဲတိုက်ပွဲဝင်ပေးခဲ့တာပါ။ သူ့ကိုရော ဘယ်လိုမြင်ရမှာလဲ။ အဲ ဒါကိုတော့ ကျုပ်လဲဆက်ပြီး မတွေးတတ်တော့ပါဘူး။

ဒီ့နောက်မှာ ကျုပ်သိပ်ပြီး  သဘောကျတဲ့ အင်ဒိုနီးရှန်းအမျိုးသားတွေအကြောင်းကို စဉ်းစားကြည့်ခဲ့ပြန်ပါတယ်။ သူတို့တွေကလည်း မွတ်စလင်တွေပဲ။ တကယ်တိုက်ပွဲဝင်သမားတွေတဲ့။ သူတို့တွေဟာ သူတို့နိုင်ငံလွတ်လပ်ရေးရအောင် ဒတ်ခ်ျတွေကို ဘယ်လိုတိုက်ခဲ့တယ်ဆိုတာကို ကျုပ်တို့သိနေတာပဲ။

နောက်ပိုင်းမှာ ပင်လယ်ရီးထွက်ရင်းက စင်္ကာပူကနေ မလေးရှားနိုင်ငံတို့အထိရောက်ခဲ့ပါတယ်။ စင်္ကာပူမှာ မိတ်ဆွေများစွာရှိခဲ့တာ သူတို့တွေကလည်း မွတ်စလင်တွေပါပဲ။ သူတို့က ကျုပ်ကို ဘာကြောင့် မွတ်စလင်မဖြစ်သေးတာလဲလို့ မေးလာကြတယ်။ တစ်ဆက်တည်းမှာ မွတ်စလင်တွေဟာ ဖြောင့်မတ်မှန်ကန်တဲ့လမ်းကို ဘယ်ပုံလျှောက်ကြပုံကိုရှင်းပြခဲ့ကြသလို ခရစ်ယာန်နဲ့ ဂျူးတွေကလည်း လမ်းမှန်မှာ ဘယ်ပုံရှိခဲ့ရာက ဘယ်ပုံသွေဖီရာရောက်သွားခဲ့ကြပုံကို ရှင်းပြခဲ့ပါတယ်။ ကျုပ်တို့ ဆူလတန်မတ်စဂျီဒ် ဝတ်ကျောင်းတော်ကိုသွားရောက်ကာ မွတ်စလင်တွေရဲ့ဝတ်ပြုပုံကိုကြည့်ခဲ့တုန်းကဆိုရင် ဒီနေရာမှာ ဘယ်လိုကောင်းချီးမင်္ဂလာတွေရှိနေတယ်ဆိုတာရယ် ဒီလိုကောင်းချီးမင်္ဂလာမျိုးကို ခရစ်ယာန်ဝတ်ကျောင်းတော်တွေထဲမှာ မရခဲ့ဖူးဆိုတာရယ် ကျွန်တော်ခံစားသိရှိခဲ့ရပါတယ်။ မလေးရှားနိုင်ငံကိုရောက်တော့ အင်ဒိုနီးရှားမှာ ခံစားမိတာထက် ပိုပြီးခံစားမိခဲ့ပါတယ်။ မလေးရှားအမျိုးသားတွေဟာ မိတ်ဆွေရင်းချာလို တကယ့်သားချင်းတွေလို ခင်မင်စရာကောင်းလှပါတယ်။

တစ်နေ့ ကျွန်တော်တို့ဟာ ကွာလာလမ်ပူမြို့ရှိ ဘတ်စ်ကားမှတ်တိုင်ကနေ တက္ကစီတစ်စီးငှားဖို့ စောင့်နေကြတုန်းကပေါ့။ တက္ကစီခေါ်ပေးမယ့်သူကလည်း အနားမှာရစ်ဝဲနေပြီ။ ကျုပ်ရဲ့ဒီဦးလေးကြီးက ဘယ်နေရာသွားရမယ်ဆိုတဲ့လိပ်စာကို သတိမရဖြစ်နေရှာတယ်။ ဒါနဲ့သူက သူ့လက်ဆွဲအိတ်ကိုဖွင့်ပြီး လိပ်စာကိုရှာဖို့လုပ်တော့ အိတ်ထိပ်ဆုံးမှာထားထားတဲ့ ကုရ်အာန်စာအုပ်ကို အထင်းသားတွေ့ရပါတယ်။ ဒီတော့ စောစောကလူက “အလို၊ ဒါကုရ်အာန်ပဲ။ ခင်ဗျားက မွတ်စလင်မ်လားလို့ ဝမ်းသာအယ်လဲ မေးလာတော့ ဦးလေးက ဟုတ်ောကာင်းဖြေလိုက်တာနဲ့ တစ်ဦးနဲ့တစ်ဦး တကယ့်ညီအစ်ကိုရင်းချာတွေလို ပွေ့ဖက်လိုက်ကြတယ်လေ။”

အဲဒီလူက ကျုပ်ဘက်ကိုလည်းလှည့်ပြီး “ခင်ဗျားကရော၊ ခင်ဗျားက အာဖရိက ကလား” လို့မေးလာတာနဲ့ ကျုပ်ကလည်း မဟုတ်တစ်ဝက် ဟုတ်တစ်ဝက် လို့ဖြေလိုက်တယ်။ ဒီတော့သူက ကျုပ်လက်ကိုဆွဲပြီး ကျုပ်ကို ပွေ့ဖက်ရင်းကနေ “အင်း၊ ခင်ဗျားလည်း မကြာခင် မွတ်စလင်မ်ဖြစ်လာတော့မယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါဆို ကျုပ်တို့ညီအစ်ကိုတွေပေါ့။ အဲ ဘယ်သူကမှ တစ်ခြမ်းပဲ တစ်ဝက်ပဲ မွတ်စလင်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမှန်တရားဆိုတာကိုလည်း တစ်ခြမ်းပဲတစ်ဝက်ပဲကန့်ပြီး ဘယ်သူကမှ ယူလို့မရဘူး။ အလ္လာဟ်အရှင်မြတ်က ခင်ဗျားကို ခေါ်ဆိုနေပါပြီ” လို့ပြောလာပါတယ်။ ပြီးတော့မှ သူက တက္ကဆီကို ခေါ်ပေးတာပေါ့ဗျာ။ ကျုပ်ကလည်း သူ့နာမည်ကိုတောင်မှ မမေးလိုက်မိပါဘူး။ ဒါပေမယ့် ကျုပ်သိလိုက်တာက သူက ကျုပ်ရဲ့ နှလုံးသားထဲထိအောင် ထွင်းဖောက်မြင်တဲ့လူဆိုတာကိုပါပဲ။

အဲဒီနောက်မှာ မတ်စဂျီဒ် နေဂါရာကို ကျုပ်တို့သွားခဲ့ပါတယ်။ နေ့လည်ခင်းမှာ လူထောင်ပေါင်းများစွာက နေ့ခင်းဝတ်ပြုမှုအတွက် ရောက်လာကြတာဟာ စံယူအပ်စရာပါပဲ။ ငြိမ်ငြိမ်သက်သက်နဲ့ ဝတ်ပြုကြတာကြောင့် တကယ့်ဝတ်ပြုမှုအသွင်အထင်းသား ဆောင်ထားပါတယ်။ သူတို့တွေဟာ မိမိတို့ရဲ့ နှလုံးသားတွေကတစ်ဆင့် အလ္လာဟ်ရှင်နဲ့ စကားဆိုနေကြတာလေများလားဗျာ။

ဒီလိုနဲ့ “သြော် လောကကြီးမှာ အလ္လာဟ်ရှင်ရဲ့ နယ်ပယ်တော်ကို ရှာကြံချင်ကြတယ်ဆိုရင်တော့ ဒီနယ်မြေရှိရာကို အစ္စလာမ်ကညွှန်ပြခေါ်ယူပေးသွားမယ်ဆိုတာကို အထင်အရှားသိခဲ့ရတာပါပဲ။”

ရည်ညွှန်း။     ။ Yaqeen International ၁၉၈၇ ခု၊ သြဂုတ် ၇ ရက် မှ The First Muslim of Papua New Guinea by Lavi Ali Verau

ဆရာဝါးခယ်မ မောင်မင်းနိုင် ဘာသာပြန်သော အစ္စလာမ့်အေးရိပ် ဆာယာသို့ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

Leave a Reply