2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ-၂၄
M-Media

မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

myanmar-riot-21-e13642619127821

ယခုလအစောပိုင်း မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ရောက်ရှိနေခိုက် ရာဂဏန်းရှိ ဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်ရွာတစ်ခုကို ၀င်ရောက်စီးနင်းရာ နေအိမ် ၇၀ ကျော် ပြာကျမြေခခဲ့ပြီး အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေပွဲဝင်ခဲ့ရသည်။ နိုင်ငံအ၀ှန်း ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့အကြား တောက်လျှောက်ဖြစ်ပွားလာသည့်ပြဿနာများအနက် ဤဖြစ်ရပ်သည် နောက်ဆုံးတိုက်ခိုက်မှုဖြစ်နေသည်။

လွန်ခဲ့သည့်နှစ်များအထိ အပယ်ခံအာဏာရှင်တိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသည် အနောက်တိုင်းနှင့် နွေးထွေးသည့် ဆက်ဆံရေးကိုထူထောင်ကာ ဒီမိုကရေစီနှင့်စီးပွားရေးပြုပြင်တည်ဆောက်မှုလမ်းကြောင်းသို့ တက်လှမ်းလာလင့်ကစား မွတ်စ်လင်မ်လူထုအပေါ် အကြမ်းဖက်မှုကြီးထွားလာခြင်းက –  မြန်မာပြည်အနေနှင့် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးထံမှ ထိုးထွက်ခဲ့သည့်ပြဿနာတို့အား အပြည့်အ၀မကိုင်တွယ်မဖြေရှင်းနိုင်သေးကြောင်း လှစ်ဟပြဆိုလျက်ရှိပေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအတိုင်း မွတ်စ်လင်မ်များစွာတို့မှာ စစ်အုပ်ချုပ်ရေး၏လောင်းရိပ်ကြောင့် ဒီမိုကရေစီ နှင့် လွတ်လပ်မျှတမှုအကြောင်း ပြောဆိုရန် လက်မဲ့ဖြစ်နေရသည်။ ၄င်းအစား ဗုဒ္ဓဘာသာဝင်လူများစု နှင့် ဗုဒ္ဓဘာသာဝင်များသာ ကြီးစိုးနေသည့် စစ်အစိုးရလက်အောက်ရှိ အစွဲနှင့်ဖိနှိပ်ခြင်းများက အမုန်း သွတ်သွင်းမှု အသွင်ဖြင့် ရှေ့ဆက်စီးဆင်းနေသည်။

ဖိနှိပ်ခြင်းရာဇ၀င်
—————–
၁၉၈၉ ခုနှစ်၌ Burma မှ Myanmar သို့ နိုင်ငံအမည်ပြောင်းလိုက်သလို Arakan မှ Rakhine အဖြစ် အမည်ပြောင်းခဲ့သော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့သည် သမိုင်းနှင့်ချီ၍နေထိုင်လာသူများဖြစ်သည်။ ယင်းပြည်နယ်ကို အရှေ့ပါကစ္စတန်နယ်စပ်နှင့်ပေါင်းစည်းရန် ကနဦးပိုင်းက ဆွေးနွေးမှုရှိခဲ့သော်လည်း ၁၉၄၈ ခုနှစ် ဗြီတိသျှအုပ်ချုပ်မှုမှ လွတ်လပ်ရေးရပြီးနောက်တွင်လည်း မြန်မာနိုင်ငံ၏အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိလာခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းမှ စစ်အာဏာသိမ်းလိုက်ပြီးနောက် လူများစု၏လူမျိုးနှင့်ဘာသာ(ဗမာလူမျိုးနှင့်ဗုဒ္ဓဘာသာ)အပေါ်မူတည်၍ နိုင်ငံသားသတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အစိုးရမှ စတင်ဖော်ဆောင်သည်။ ယင်းလုပ်ရပ်သည် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပေါင်းစည်းရေးအမြင်မှာ ဖယ်ခွာသွားခြင်းဖြစ်၏။ ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် လုပ်ကြံခြင်းမခံရမီက လူနည်းစုဝင်များ၊ ဘာသာရေးအသိုင်းအ၀ိုင်းများကို မိမိ၏ယာယီအစိုးရအဖွဲ့၌ ကိုယ်စားလှယ်များပါဝင်ထည့်သွင်းစေခဲ့သည်။

ဗမာလူမျိုး မဟုတ်သော၊ ဗုဒ္ဓဘာသာဝင်မဟုတ်သောပြည်သူတို့မှာ နိုင်ငံခြားသားများအဖြစ် တံဆိပ်တပ်ခံလိုက်ရပြီး၊ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာလည်း ဗြိတိသျှအုပ်စိုးစဉ် မြန်မာပြည်သို့ တရားမ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂါလီများအဖြစ် စွပ်စွဲခံရသည်။ ၁၉၇၀ နှစ်များစဦးပိုင်းတွင် ဗမာစစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုဖယ်ရှားရှင်းလင်းရေးကို စတင်ပြုလုပ်ခဲ့၏။

ပထမဆုံးလုပ်ရပ်မှာ နဂါးမင်းစစ်ဆင်ရေးဟု ခေါ်ဆိုပြီး ၁၉၇၈ ခုနှစ်တွင် စတင်သည်။ ၄င်းတို့အား တရားမ၀င်ပြောင်းရွှေ့ဝင်ရောက်လာသူများဟု သတ်မှတ်၍ မောင်းထုတ်လိုက်ရန် ရည်ရွယ်ကြသည်။ နဂါးမင်း ဟူသည် ဗုဒ္ဒဘာသာ၏အရေးပါသော သင်္ကေတတစ်ရပ်ဖြစ်သည်။ ၄င်းမှာ မူလက ဗုဒ္ဓရာဇ၀င်ရှိ အိန္ဒိယရိုးရာ ရုပ်လုံးဖော်ချက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နဂါးရုံကျောင်းတိုက်ဟူသည် နဂါးကို အကာအကွယ်အစောင့်အရှောက်ထားရှိခြင်း အတွေးအမြင်ဖြင့် အနီးစပ်ဆုံးခေါ်တွင်ထားသည်။ ယင်းကျောင်းတိုက်တို့တွင် ပါးပျဉ်းထောင်နေသော မြွေဟောက်ကြီး ဖြင့် ဗုဒ္ဓရုပ်ပွားတော်အား အုပ်မိုးကာကွယ်ထားသည့် ပန်းပုရုပ်လုံးများကို တွေ့ရပေမည်။ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားတို့၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် လူမျိုးစုရှင်းလင်းဖယ်ရှားခြင်းကို စစ်တပ်မှ စစ်ဆင်ရေးပြုလျက် ကျယ်ပြန့်စွာလုပ်ဆောင်ရန် ယင်းသတ်မှတ်ချက်အားဖြင့် စတင်ခြေလှမ်းခဲ့သည်။

ဤစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတို့သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊ တစ်ဖက်စောင်းနင်းဖမ်းဆီးမှု၊ မြေယာသိမ်းယူခြင်းများကို အကျယ်တ၀င့် ခံကြရသည်။ ဗလီဝတ်ကျောင်းနှင့်ကျေးရွာများ ဖျက်ဆီးခံရသည်။ ဗလီဝတ်ကျောင်း၏သာသနိကပစ္စည်းများကိုလည်း ဒေသတွင်း စစ်အခြေစိုက်စခန်းများ၌ အမိုးအကာများအဖြစ် ယူငင်သုံးစွဲလေ့ရှိကြသည်။ သုံးလတာအတွင်း ရိုဟင်ဂျာဦးရေ ၂ သိန်းခွဲနီးပါး နယ်နှင်ခံရပြီး တစ်ဖက်ကမ်းအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရသည်။ နောက်တစ်နှစ်တွင် ၄င်းဒုက္ခသည်များအနက် အများအပြားမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသည်။

၁၉၉၁ ခုနှစ်တွင် စစ်တပ်အခြေပြုဒုတိယစစ်ဆင်ရေးဖြစ်သော ပြည်သာယာစစ်ဆင်ရေးကို အလားတူရည်ရွယ်ချက်အတိုင်း ထပ်မံပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာပေါင်း ၂ သိန်းမျှ ဘင်္ဂလားဒေ့ရှ်သို့ နောက်တစ်ကြိမ် ထွက်ပြေးရပြန်သည်။ ယနေ့သော် ယင်းနေရာ၌ ရွှေ့ပြောင်းဒုက္ခသည်စခန်းများအတွင်း ဒုက္ခသည် ၃ သိန်းခန့်မျှ ရှိနေပြီး အများအားဖြင့် အစာရေစာနှင့်ဆေးဝါးကုသမှု ချို့တဲ့လျက်ရှိသည်။ ၄င်းတို့အနက် ၂၈၀၀၀ သာလျှင် UNHCR (United Nations High Commissioner for Refugees) စခန်းမှ တရားဝင်အသိအမှတ်ပြုခြင်းခံရသည်။ မိမိတို့နိုင်ငံ၏ ဒေသ၀န်းကျင်၊ စီးပွားရေး၊ လူဦးရေအနေအထားအရ လက်ခံပေး၍မရကြောင်းဆို၍ ရိုဟင်ဂျာများ ပြည်တွင်းထဲစိမ့်ဝင်လာမှုကို ဘင်္ဂလားဒေ့ရှ်မှလည်း ငြင်းဆန်ထားသည်။

နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာမည်ကိုလည်းကောင်း၊ မြန်မာပြည်မှနယ်စပ်မှတဆင့် ရိုဟင်ဂျာများ ထပ်မံ ကျော်ဖြတ်ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် ဒုက္ခသည်စခန်းများတိုးမြှင့်ရေး၊ လူသားစာနာမှုအထောက်အကူ ပေးရေးတို့ကို လျှော့ချကန့်သတ်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂမှ ပေးပို့သည့် ဒေါ်လာ ၃၃ သန်းတန် ကူညီကယ်ဆယ်ရေးပစ္စည်းထုတ်များကို ဘင်္ဂလားဒေ့ရှ်မှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။

၎င်းတို့မှာ ဒေသတွင်းအခြားနိုင်ငံများ၏ဆက်ဆံမှုကိုလည်း အလားတူ ကြုံတွေ့နေရသည်။ မျှော်လင့်ချက်ကင်းမဲ့သည့် အနေအထားကိုဆက်လက်မကြုံဆုံချင်တော့ဘဲ မိမိကိုယ်ကို အဆုံးစီရင်သည့်အလား လှေငယ်လေးများဖြင့် ပင်လယ်ဖြတ်ကျော်ကြသည့် ရိုဟင်ဂျာတို့၏ မီဒီယာသတင်းများစွာ ရှိနေပါသည်။ ထိုင်းရေတပ်၏ပစ်ခတ်မှုကို ခံရခြင်း၊ ထိုင်းအာဏာပိုင်တစ်ချို့မှာ ဖမ်းဆီးကာ လူကုန်ကူးသူများထံ ရောင်းစားခြင်း၊ သြတေးလျလူဝင်မှုကြီးကြပ်ရေးစင်တာများ၌ အကန့်အသတ်မဲ့ထိန်းသိမ်းခံရခြင်း …. စသည်ဖြင့်။

မျိုးသုဉ်းစေသည့်လုပ်ရပ်များလော ?
————————————–
မြန်မာနိုင်ငံတွင်း၌ ရိုဟင်ဂျာများသည် မိမိတို့၏တည်ရှိမှုကို အလျဉ်မပြတ် ငြင်းပယ်ခံနေရသည်။ ၁၉၈၂ နိုင်ငံသားဥပဒေ အရ တိုင်းရင်းအုပ်စုနိုင်ငံသားကို ၁၃၅ မျိုးဟု ပြင်ဆင်သတ်မှတ်လိုက်ရာတွင် ၄င်းတို့မှာ နိုင်ငံသားအဖြစ်မှ အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားသည်။ နိုင်ငံသားစာရင်းမ၀င်တော့သဖြင့် ရိုဟင်ဂျာတို့သည် ရွာပြင်ထွက် ခရီးသွားလာရန်၊ ဗလီဝတ်ကျောင်းများပြုပြင်မွမ်းမံရန်၊ လက်ထပ်ထိမ်းမြားရန်၊ ကလေးမွေးဖွားရယူရန်အထိပင် အာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းခံနေကြရသည်။ ထိုအရာများကို ခွင့်ပြုချက်မရဘဲ ပြုလုပ်မိသူမှန်သမျှ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သို့တိုင်အောင် အာဏာပိုင်တို့အား လာဘ်ထိုး၍ ခွင့်ပြုချက်ရယူနိုင်အောင် တတ်စွမ်းသူများမှာ မဆိုစလောက်မျှသာ ရှိကြသည်။

အိမ်ထောင်ပြုရန်၊ ကလေး ၂ ဦးထက်မယူရန် ပြည်တွင်းမူဝါဒတစ်ရပ်ကို ရိုဟင်ဂျာများအပေါ် ၁၉၉၄ ခုနှစ်ကပင် ချမှတ်ကျင့်သုံးပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရဖက်မှ အပြည့်အ၀ထောက်ခံမှုပြုသည်ကို တွေ့ရသည်။ အမျိုးသမီး တစ်ယောက်သည် ခွင့်ပြုချက်မဲ့ ပဋိသန္ဓေရလာလျှင် သူမအား ဒုက္ခသည်တစ်ဦးအဖြစ် နိုင်ငံမှထွက်ခွာသွားရန် သို့မဟုတ် အလွန်ညစ်ပတ်မဲမှောင်သည့်လျှိုမြှောင်တစ်ခုခုသို့သွားရောက်၍ ပဋိသန္ဓေဖျက်ချရန် အဓမ္မစေခိုင်းခံရလေ့ရှိသည်။ ခရီးသွားလာခွင့်ကိုပိတ်ပင်ခံထားရခြင်း၊ ဆေးဝါးကုသခွင့်ကောင်းစွာမရရှိခြင်းကြောင့် များစွာတို့မှာ ကိုယ်ဝန်ဖျက်ချရန်ကိုသာ ရွေးချယ်ရာမှ သေဆုံးကြရသည်။

ရိုဟင်ဂျာတို့အား ရွှေ့ပြောင်းစေပြီး ဗမာ/မြန်မာများ အခြေချနေထိုင်နိုင်ရန်ရည်ရွယ်သည့် စံပြကျေးရွာများအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းခွင်အသီးသီး၌လည်း ရိုဟင်ဂျာအမြောက်အများသည် ခေတ်သစ်ကျွန်များအဖြစ် အတင်းအဓမ္မစေခိုင်းခံကြရ၏။ ရိုဟင်ဂျာအမျိုးသမီးများကို လိင်ကျေးကျွန်အဖြစ် ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓမ္မစေခိုင်းမှုသတင်းနှင့်အစီရင်ခံချက်များလည်း ရှိနေသည်။

မျိုးဖြုတ်သုတ်သင်မှုကိုကာကွယ်ခြင်းနှင့်အရေးယူခြင်းဆိုင်ရာ ၁၉၄၈ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၂ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ “ အသက်ကိုသတ်ဖြတ်ခြင်း၊ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း ကဲ့သို့သော ပျက်လိုဖျက်ဆီးပြုမှုကို နိုင်ငံ့ပြည်သူ၊ တိုင်းရင်းသား၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးလူ့အုပ်စုများအပေါ် ခြုံငုံ၍ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကျူးလွန်လုပ်ဆောင်ချက်မှန်သမျှကို မျိုးဖြုတ်သုတ်သင်မှု – Genocide ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယင်းသို့ဆိုရာ၌ ထိုအုပ်စုအားလုံးအပေါ်ကိုဖြစ်စေ တစ်စိတ်တစ်ဒေသအားဖြင့်ဖြစ်စေ စံနစ်တကျကြိုတင်တွက်ချက်ကြံစည်မှုသည်လည်းကောင်း၊ အုပ်စုတွင်း ကလေးမွေးဖွားနှုန်းအားကန့်သတ်ရန် တမင် ရည်ရွယ်စည်းမျဉ်းချမှတ်မှုသည်လည်းကောင်း ပါဝင်သည် ”။

ဗုဒ္ဓဘာသာရခိုင်အသိုင်းအ၀ိုင်းများအတွင်း ရိုဟင်ဂျာများအပေါ် ၂၀၁၂ ဇွန်လ အကြမ်းဖက်မှုမှစတင်၍ ရှုပ်ထွေးနောက်ကျိသော သမိုင်းဖြစ်လာသည်။ တရားဝင်ထုတ်ပြန်သော သေဆုံးသူစာရင်းမှာ ၁၉၂ ဦးဖြစ်သော်လည်း ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားသူများအဆိုအရ လူ ၁၀၀၀ ကျော် သတ်ဖြတ်ခံရသည်ဟု ဖော်ပြသည်။ ရခိုင်အုပ်စုက ရွာများကို တက်တက်ပြောင်အောင် မီးရှို့၍ ရိုဟင်ဂျာပေါင်း ၁၂၅၀၀၀ ကျော်အား အဓမ္မရပ်ရွာစွန့်စေခဲ့သည်။ မည်သည့် ထောက်ပံ့ကူညီမှုမျှလည်း မရရှိခဲ့။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစီရငိခံစာတစ်ရပ်၌ အာဏာပိုင်မှကျားကန်ပေးသော လူမျိုးရှင်းလင်းရေးအဖြစ် သမုတ်ပြီး၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များက ၄င်းတို့၏နံပါတ်တုတ်များ၊ ခုခံကာကွယ်ရေးကိရိယာများဖြင့် လက်နက်မဲ့ရိုဟင်ဂျာတို့ကို သတ်ဖြတ်ရာ၌ ပါဝင်ခဲ့ကြောင်း ရေးသားထားသည်။ ဤအကြမ်းဖက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီဒီယာများစွာကလည်း အပြန်အလှန်ဖြစ်သည့် လူမျိုးရေးပဋိပက္ခအသွင်ဖြင့် သတင်းဖော်ပြခဲ့ကြ၏။

နောက်တစ်လတွင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသား မဟုတ် ဟူသော အစိုးရအမြင်ကို သမ္မတဦးသိန်းစိန်သည် ထပ်ဖန်တလဲလဲ ဆိုလျက် ၄င်းတို့အား အခြားနိုင်ငံတစ်ခုခုတွင်အခြေချစေရေးအတွက် UNHCR လက်ထဲ လွှဲပြောင်းပေးချင်နေခဲ့၏။ မန္တလေးရှိ ဗုဒ္ဓဘာသာဝင်သံဃာများကလည်း သမ္မတ၏အဆိုကိုထောက်ခံသောအားဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

၉၆၉ ဂိုဏ်းလှုပ်ရှားမှု
———————-
ယမန်နှစ်အတွင်း အစိုးရသည် ပြန်လည်ပြုပြင်ရေး၊ အနောက်တိုင်းနှင့်ဆက်ဆံရေး တံခါးဖွင့်လိုက်သလို တစ်ဖက်တွင် အခြားမွတ်စ်လင်မ်လူ့အဖွဲ့အစည်းအားအကြမ်းဖက်မှု ကြီးမားကျယ်ပြန့်လာသည်။ မွတ်စ်လင်မ်အိမ်ခြေ ၁၃၀၀ ကျော်ကို မီးလောင်တိုက်သွင်းပြီး လူ ၄၃ ဦး သေဆုံးစေခဲ့သော မတ်လ မိတ္ထီလာအကြမ်းဖက်မှုမှာ ၉၆၉ ဂိုဏ်းဝင် ဗုဒ္ဓဘာသာသံဃာများမှ လမ်းကြောင်းဖော်ခဲ့ခြင်းဖြစ်သည်။ ထိုဂိုဏ်းလှုပ်ရှားမှု၏အရေးပါသည့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝီရသူသည် မွတ်စ်လင်မ်များနှင့်အရောင်းအ၀ယ်မလုပ်ကြရန်၊ ၄င်းတို့၏ဈေးဆိုင်များကို သပိတ်မှောက်ရန်၊ ၉၆၉ တံဆိပ်ကပ်ထားသည့် ဗုဒ္ဓဘာသာဝင်ဆိုင်များ၌သာ အားပေးကြရန် ပြည်သူတို့အား ဆော်သြတိုက်တွန်းမပျက် ရှိနေသည်။ ၉၆၉ သည် ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များကို ကိုယ်စားပြုချက်ဟုလည်း ဆိုသည်။ ၄င်းတို့က မွတ်စ်လင်မ်တို့ကို တိုင်းပြည်အတွက်အန္တရာယ်ဟု အမြင်ထားရှိသည်။ ဦးဝီရသူဦးဆောင်သည့် ဆန္ဒပြပွဲတစ်ခု၌ “အကြမ်းဖက်ခြင်းမဟုတ်၊ အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်နေခြင်းသာဖြစ်သည်” ဟူသော အဓိပ္ပာယ်ထွက်သည့် စာတန်းများကို ဗုဒ္ဓဘာသာသံဃာများမှကိုင်ဆောင်ထားကြောင်းတွေ့ရသည်။ မြန်မာတိုင်းရင်းသားအဖြစ်လည်းကောင်း၊ တင်းပြည့်နိုင်ငံသားအဖြစ်လည်းကောင်း တရားဝင်အသိအမှတ်ပြုခံထားရသော ရခိုင်ပြည်နယ်ရှိကမန်လူမျိုးတို့အပေါ် လတ်တစ်လောကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုက ဤအချက်အား ပိုမိုထင်ရှားသွားစေသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးသူရဲကောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် လတ်တစ်လောဖြစ်ပွားသည့် မွတ်စ်လင်မ်အကြမ်းဖက်မှုများကို ဝေဖန်ရှုတ်ချခဲ့သော်လည်း ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထူးထူးခြားခြား နှုတ်ဆိတ်လျက်ရှိနေသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရိုဟင်ဂျာအရေးကိုမေးမြန်းရာ၌ သူမက “ သဟဇာတဖြစ်အောင်နေကြဖို့ ကျွန်မ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ပြဿနာရဲ့အရင်းအမြစ်ကို တိတိကျကျမသုံးသပ်ပဲ ဝေဖန်ချက်မပေးသင့်ဘူးလို့ မြင်ပါတယ် ” ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာတို့ကို ဘင်္ဂါလီများဟုလည်း သုံးနှုန်းခဲ့သည်။ ၄င်းမှာ ယမန်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့တရားဝင်အလည်အပတ်ရောက်လာပြီး ရန်ကုန်တက္ကသိုလ်၌ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား၏မိန့်ခွန်းမှ “မိမိသည် မြန်မာပြည်တွင်းရှိ အလွန်နည်းပါးသောလူနည်းစုဖြစ်သည့် အပြစ်မဲ့ရိုဟင်ဂျာတို့၏ဂုဏ်သိက္ခာနှင့်ခံစားမှုကို အသိအမှတ်ပြုကြောင်း” ပြောကြားချက်နှင့် ဆန့်ကျင်ဖက်ဖြစ်နေပေသည်။

ဒုက္ခသည်အဖြစ် ပြည်ပရောက်နေသူများသာမက ပြည်တွင်းရှိ ရိုဟင်ဂျာတို့၏ အဖြစ်ဆိုးများ၊ အခြားမွတ်စ်လင်မ်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဆက်လက်အကြမ်းဖက်နေမှုများက နိုင်ငံ၏မည်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖော်ဆောင်ရေးကိုမဆို ပျက်စီးစေပါသည်။ သို့သော် မြန်မာပြည်သည် ရာစုနှစ်ဝက်မျှ ပြည်တွင်းစစ် နှင့် အကြမ်းဖက်မှုများဖြင့်ဖြတ်သန်းလာခဲ့ကြောင်းကိုမူ သိသူနည်းပါးလှ၏။ အကြမ်းဖက်မှုများသည် အခြားအုပ်စုသစ်များကိုပါ မြှားဦးလှည့်ကျယ်ပြန့်လာလေသဖြင့် အနေအထားက အဆိုးရွားဆုံးသို့ရောက်နေပေသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး၊ အတူယှဉ်တွဲနေထိုင်ရေး၊ တိုင်းသူပြည်သားအပေါ်၏လုံခြုံမှု၊ တရားဥပဒေစိုးမိုးရေးအပေါ် ခိုင်မာစွာရပ်တည်ရန် လိုအပ်နေသည်။ ရိုဟင်ဂျာတို့၏တည်ရှိမှု နှင့် ဝေဒနာများကို အသိအမှတ်ပြုရေးသည်လည်း အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ်ပါဝင်ပါသည်။ သို့မှသာလျှင် တိုင်းသူပြည်သားများနှင့်တစ်ကွ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့မှ မြန်မာနိုင်ငံအား ဒီမိုကရေစီဖော်ဆောင်နေသည့် တိုင်းပြည်အဖြစ် တရားဝင်အသိအမှတ်ပြုနိုင်တော့ပေမည်။

xxxxxxx

Harrison Akins ၏ No place for Islam? Buddhist nationalism in Myanmar ကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ မူရင်းဆောင်းပါးရှင် Harrison Akins သည် American University’s School of International Service ရှိ Ibn Khaldun Chair Research မှ သုတေသီအဖွဲ့သားတစ်ဦးဖြစ်ပြီး၊ ပါမောက္ခ Akbar Ahmed ပြုစုသော The Thistle and the Drone: How America’s War on Terror Became a Global War on Tribal Islam (၂၀၁၃ ခုနှစ်ထုတ်) ကျမ်းတွင်လည်း ပါဝင်ကူညီခဲ့သူဖြစ်သည်။

ဤဆောင်းပါးသည် ရေးသားတင်ဆက်သူ၏ကိုယ်ပိုင်အမြင်သာဖြစ်ပြီး အလ်ဂျဇီးရား၏ အယ်ဒီတာ့အာဘော် မဟုတ်ပါ။

Leave a Reply