6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၀၊ ၂၀၁၃
M-Media
ဆောင်းပါးရှင် Eliane Coates
ဘာသာပြန်-မြင့်မိုရ်မောင်မောင်

DSC00819a

အရိပ်အမြွက်မြင်ကွင်း
——————–
အစ္စလာမ့်နည်းကျ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း Organisation of Islamic Cooperation (OIC)၏ ကိုယ်စားလှယ်များ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြရေး အတွက် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်လမ်းမများ၌ ဗုဒ္ဓဘာသာသံဃာ ၂၀၀ မျှ နေရာယူထားခဲ့ကြ၏။ သံဃာများစွာတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အငြိုးတရား နှင့် ဗုဒ္ဓမြန်မာ အမျိုးသားရေးဝါဒကို ထပ်မံ မီးမွှေးလျက်ရှိပြန်သည်။ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဌဖြစ်ခြင်း နှင့် အခြေခံ အဆောက်အဦး ပြောင်းလဲရေးသည် တိုင်းပြည်အတွက် ဒဏ်ရာဟောင်းကို ကုသပေးနိုင်ပါမည်လော ?

ကန့်လန့်ကာအဖွင့်

Organisation of Islamic Cooperation (OIC)၏ ကိုယ်စားလှယ်များ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရေးအတွက် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်လမ်းမများ၌ ဗုဒ္ဓဘာသာ သံဃာ ၂၀၀ မျှ နေရာယူထားခဲ့ကြ၏။ ယင်းကိုယ်စားလှယ်အဖွဲ့၌ အိုအိုင်စီ အတွင်းရေးမှူးချုပ်နှင့် အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ဂျီဘူတီ၊ အီဂျစ် စသည့် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံမှ အဆင့်မြင့် ၀န်ကြီးများ ပါဝင်နေ၏။ သူတို့သည် ကမ္ဘာ့အကြီးမားဆုံး အစ္စလာမ့်အုပ်စုအား ဆန့်ကျင်ဆန္ဒပြမှုကို ဆုံတွေ့ခဲ့ရသည်။ ၂၀၁၂ ဖြစ်စဉ်များကိုမှီ၍ မြန်မာ့ပြည်တွင်းရေးကို အိုအိုင်စီမှ ၀င်ရောက် မစွက်ဖက်ရန် တောင်းဆိုလျက် ဗုဒ္ဓဘာသာ သံဃာများက ဆန္ဒပြမှုတို့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း ရိုဟင်ဂျာ မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ၂၀၁၂ ခုနှစ်၊ ဇွန်လ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ၁၈ လနီးပါး အကြာတွင် မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့၏ အနေအထားကို သုံးသပ်လေ့လာနိုင်ရန် အလို့ငှာ ကိုယ်စားလှယ်အဖွဲ့ ရောက်လာခဲ့သည်။ ယင်းအကြမ်းဖက်မှုသည် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားကာ လူအသေအပျောက် ၂၄၀ ဦး ရှိခဲ့ပြီး နှစ်သိန်းလေးသောင်း အိုးအိမ်မဲ့ဘ၀သို့ ရောက်ခဲ့သည်။ အကြမ်းဖက်သားကောင် အများစုမှာ ရိုဟင်ဂျာ မွတ်စ်လင်မ်များ ဖြစ်သည်။

ဗုဒ္ဓမြန်မာအမျိုးသားရေးဝါဒ၏ ရာဇ၀င်

ဗုဒ္ဓဘာသာမြန်မာများအကြားရှိ မွတ်စ်လင်မ်ဆန့်ကျင်ရေးအငြိုးအာဃာတသည် လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကိုလိုနီ သမိုင်းအပေါ် မကျေနပ်ချက်များမှ အမြစ်တွယ်ရှည်ကြာလာခဲ့သည်။ အိန္ဒိယတိုက်ငယ်နှင့် မြန်မာနိုင်ငံရှိ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး၊ ၁၉ ရာစုအတွင်း နယ်စပ် သမိုင်းကြောင်း အပြောင်းအလဲကြီးမားမှုတို့က အထိန်းအကွပ်မဲ့ အပြောင်းအရွှေ့ အ၀င်အထွက် မူဝါဒတစ်ခုကို ဖြစ်ထွန်းစေခဲ့သည်။ ၄င်းအားဖြင့် မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီ မွတ်စ်လင်မ် လုပ်သားများကို အလုံးအရင်းဖြင့် ၀င်ရောက်စေခဲ့ကြသည်။

ရိုဟင်ဂျာတို့မှာ ပြောင်းရွှေ့ဝင်ရောက်လာသော ဘင်္ဂါလီလူစု၏ မျိုးဆက်များဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေက ရိုဟင်ဂျာတို့ကို မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ထားကြောင်း၊ ထို့ကြောင့် ရိုဟင်ဂျာတို့အား ခွဲခြားချိုးနှိမ်ဆက်ဆံရန်လိုအပ်ကြောင်း ဗုဒ္ဓဘာသာသံဃာများက ကြွေးကြော်ပြောဆိုကြ၏။

၁၉၃၀ ခုနှစ်များက အကြီးစားဖိနှိပ်မှုအတွင်း ဗုဒ္ဓဘာသာ သံဃာတော်များ၏အုံကြွမှုကြောင့် ဒို့ဗမာ အစည်းအရုံး ဖြစ်ပေါ်လာခဲ့သည်မှာလည်း အမှန်ပင်။ ၄င်းမှတဆင့် ဗုဒ္ဓဘာသာ ဗမာအမျိုးသားရေးဝါဒ နှင့် အိန္ဒိယလူမျိုး ဆန့်ကျင်ရေးအတွေးအမြင်များ တစ်စစ မြင့်တက်လာကြောင်း တွေ့ရသည်။ နောင်သောအခါ မွတ်စ်လင်မ် ဆန့်ကျင်ရေးဖက်သို့ သဘောထားပြောင်းလဲနစ်ဝင်သွားခဲ့သည်။

ယနေ့တွင် အရှင်ဝီရသူဦးဆောင်သော ဗုဒ္ဓဘာသာမြန်မာ သံဃာအုပ်စုတစ်စုမှာ အမုန်းတရားဟောပြောမှု၊ အကြောက်တရား မျိုးစေ့ချမှုတို့ဖြင့် ၄င်းအတွေးအမြင်တို့ကို ပြန်လည်မီးမွှေးလျက်ရှိရာ လူမှုဝန်းကျင်အတွင်း ဘာသာရေး ခွဲခြားမှုများ ဖြစ်ပေါ်နေပေသည်။ မန္တလေးမြို့မှ ကျောင်းထိုင်ဘုန်းကြီး ဦးဝီရသူသည် စီးပွားရေးနှင့်လူမျိုးရေးဆိုင်ရာ ၉၆၉ ကမ်ပိန်းကို စတင်သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ အနေနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ဈေးဆိုင်များကိုသာ အားပေးဝယ်ယူကြရန် နှိုးဆော်နေကြ၏။

အကြောင်းရင်းနှစ်ရပ်

ရိုဟင်ဂျာဆန့်ကျင်ရေးလှိုင်းတံပိုးအောက်ဝယ် အဓိကအကြောင်းရင်း နှစ်ရပ် ရှိနေ၏။

ပထမအကြောင်းမှာ ဗုဒ္ဓဘာသာဗမာလူ့အသိုင်းအ၀ိုင်းတွင် အစ္စလာမ်သည် တစ်စစဖြင့် လွှမ်းမိုးလာခြင်း ဟု အတွေးအမြင် စိမ့်ဝင်နေမှုဖြစ်သည်။ ၄င်းမှာ မွတ်စ်လင်မ် လူဦးရေကြီးမားမြင့်တက်လာမှုက မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကို ဖယ်ထုတ်တော့မည်လော ဟူသည့် စိုးကြောက်ခြင်းပင်။ ယင်းပူပန်မှု၏ပင်စည်ကား ရိုဟင်ဂျာ အများအပြားတို့သည် မြန်မာ့ ဓလေ့ထုံးတမ်း၊ ဘ၀နေဟန်များနှင့် သဟဇာတဖြစ်အောင် မနေထိုင်သောအချက်ဟု ဆိုရပေမည်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်းကောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်းကောင်း စိုးရိမ်မကင်းကြောင်း ဆိုနေသည့်တိုင် ယခုနှစ် မေလ၌ လူဦးရေလျော့ကျသွားရေးအတွက် ရိုဟင်ဂျာတို့အပေါ် ချိုးနှိမ်သည့်အားဖြင့် ကလေးနှစ်ယောက်သာယူရေး မူဝါဒကို တစ်ဖက်သတ်သွတ်သွင်းပြဋ္ဌာန်းရန် မြို့များစွာမှ စတင်ဆော်သြလာကြသည်။

ရခိုင်ပြည်နယ်အစိုးရ၏ပြောခွင့်ရပုဂ္ဂိုလ်၏အဆိုအရ ရိုဟင်ဂျာတို့သည် မိမိတို့၏မွေးဖွားနှုန်းမြန်ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ်သို့ သွတ်သွင်းရန် ကြိုးစားနေကြောင်း ရိုဟင်ဂျာလူဦးရေမှာ ဒေသခံဗုဒ္ဓဘာသာဝင်များ၏ ဆယ်ဆအထိတိုးမြင့်သည့်အချက်ကို ထောက်ပြထား၏။ သို့တစေ Harvard’s Ash Centre for Democratic Governance and Innovation မှ စီးပွားရေးပညာရှင်များက ရိုဟင်ဂျာတို့၏မွေးဖွားနှုန်းတိုးတက်မြင့်မားနေသော မည်သည့် အထောက်အထားကိုမျှ မတွေ့ရပါဟု အချေအတင် ဆိုထားသည့်အပြင် ထိုအချက်နှင့်ဆန့်ကျင်စွာ ရိုဟင်ဂျာအများစုသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ၁၉၅၀ ခုနှစ် ကတည်းက တအုံတကျင်း ထွက်ခွာသည့်ကွင်းဆက်အား ၄င်းတို့မှ တွေ့ခဲ့ရကြောင်း ဆိုကြသည်။

ဒုတိယအကြောင်းရင်းမှာ လူနည်းစုမွတ်စ်လင်မ်တို့သည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏မြေများကို လက်ဝါးကြီးအုပ်လာမှုက ရိုဟင်ဂျာတို့မှစတင်ခဲ့သည်ဟူသည့် အချက်ဖြစ်၏။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာတို့သည် မုဂျာဟစ်ဒင် မည်သော လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တည်ထောင်ကာ သီးခြားမွတ်စ်လင်မ်ပြည်နယ် ခွဲထွက်ပြီး အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်)နှင့်ပူးပေါင်းရန် ကြိုးစားခဲ့ကြသည်။

ဤကိစ္စအရေးနိမ့်လေသောအခါ ထိုတော်လှန်ရေးသည် ဗုဒ္ဓဘာသာဝင်တို့အကြား မြန်မာ့အချုပ်အခြာ အာဏာသစ်အတွက် အန္တရာယ်နှင့် သစ္စာဖောက်မှုအဖြစ် အမြင်ဖြစ်တည်သွားခဲ့၏။ ၂၀၁၂ ခုနှစ် မေလတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို ရိုဟင်ဂျာတို့မှ မုဒိန်းကျင့်သည်ဟူသော စွဲချက်တင်လျက် များမကြာမီ ဒေသခံဗုဒ္ဓဘာသာဝင်တို့၏ လက်စားချေမှု ဖြစ်ပွားခဲ့သည်။ ၄င်းနောက် လတ်တစ်လောဖြစ်ပျက်လာသည့် လူမျိုးရေးအဓိကရုဏ်းများမှာ ရိုဟင်ဂျာတို့ထံမှ အစပျိုးခြင်း ဟုလည်း ယိုးစွပ်ပြစ်တင်ကြလေသည်။

သို့သော်လည်း အလွန်ထူးခြားနေသည်မှာ ဤအကြောင်းတရားများကို ဗုဒ္ဓဘာသာသံဃာများမှ ၀ါဒဖြန့် အားထုတ်ချက်များတွင် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး အုပ်စုများက အထောက်အကူပြုဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။ စစ်စစ်၌ စစ်အုပ်ချုပ်ရေးကာလအတွင်း တင်းကြပ်သော အုပ်ချုပ်ရေးဖြင့်စီရင်ခြင်း၊ လူမျိုးရေးခွဲခြားမှုနှင့်တင်းမာမှုများ သွတ်သွင်းခြင်း ရှိနှင့်ပြီးဖြစ်နေ၏။ ယခု လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုနိုင်ခွင့်ကလည်း ဦးဝီရသူလို ဗုဒ္ဓဘာသာသံဃာများ အဖို့ ဘာသာရေးပဋိပက္ခဖြစ်စေရေး၊ အစ္စလာမ်အပေါ်အမုန်းပွားအုပ်စုဖွဲ့ရေးအတွက် ခွင့်ပြုချက်ပေးထားလေသည်။

အာဆီယံဥက္ကဌနေရာနှင့် အတူ မတူခြားနားမှုကို လက်ခံရန်လိုအပ်

အတိတ်ခေတ် ဗမာအမျိုးသားရေးအမြင်သည် ဗုဒ္ဓ၀ါဒနှင့် ကနဦးကပင် ဆက်နွှယ်မှု ရှိလာခဲ့ပြီး ဖြစ်သည်။ မြန်မာတို့သည် လည်းကောင်း သြဇာကြီး ဘုန်းတော်ကြီးများသည်လည်းကောင်း ထိုအမြင်ကို ပိုမိုမှန်ကန်ရန် အားထုတ်ဖို့၊ လူမျိုးဘာသာယဉ်ကျေးမှုစုံ စံနစ်ကို လက်ခံဖို့၊ အမုန်းတရား သွတ်သွင်းနေမှုကို ဆန့်ကျင်ရှုတ်ချဖို့၊ မတူခြားနားသည့် လူမျိုးများအကြား အားအင်သစ် တစ်ရပ်ရှာဖွေဖို့ အချိန်ကျနေပါပြီ။ မြန်မာပြည်သည် ၂၀၁၁ ခုနှစ်မှစ၍ စီးပွားရေးနှင့်နိုင်ငံရေး၌ လျှပ်တစ်ပြက် အသွင်ပြောင်းမှုကို ကြုံရသည်။ လက်တွေ့အားဖြင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ဆင်ဆာဥပဒေကိုလည်း ရုပ်သိမ်းခဲ့သည်။ ၄င်းအပြင် နိုင်ငံရေးအကျဉ်းသား မြောက်များစွာကိုလည်း လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

သို့ပင်သို့ငြား ပြန်လည်ပြုပြင်မွမ်းမံခြင်းသည် တိုးတက်ဖွံ့ဖြိုးရေး၏ အကြမ်းထည်များအပေါ်၌သာ မူတည်သည်မဟုတ်၊ အမျိုးသားရေးနှင့်ကိုယ်ကျင့်တရား အဆောက်အဦးများအပါအ၀င် အနုသဘောတို့အပေါ်၌လည်း ကိုင်တွယ် စီမံအပ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားတို့၏ ပြည်တွင်းစစ်များကိုလည်းကောင်း၊ မွတ်စ်လင်မ် ဆန့်ကျင်ရေးအငြိုးတရားများကို လည်းကောင်း ဆယ်စုနှစ်များစွာ ဖြတ်သန်းလာပြီးနောက်၊ လူမျိုးရေး အသွင်မတူခြင်းအား ဆက်လက်ငြင်းပယ်နေဦးမည်ဆိုလျှင် တိုင်းပြည်နှင့်လူမျိုးအတွက် အနာဂတ်မကောင်းနိုင်တော့ကြောင်း ရှင်းလင်းစွာ သိနိုင်ပါသည်။

“ မြန်မာနိုင်ငံထဲ ခွဲခြားရေးဝါဒ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်။ တကယ်လို့များ အလျဉ်မီမီ တိကျခိုင်မြဲစွာ မကိုင်တွယ်ဘူးဆိုယင်တော့ ပုန်းလျှိုးကွယ်လျှိုးရှိနေတဲ့ တင်းမာမှုများက ဆိုးရွားတဲ့အကျိုးဆက်ကို ပွင့်လှစ်သွားစေနိုင်တယ်၊ ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းစဉ်ကိုလည်း ဖြိုလှဲပစ်နိုင်ပြီး ဒေသတွင်းမှာ ဂယက်ဆိုး ရိုက်ခတ်သွားစေလိမ့်မယ် ” ဟု ကုလသမဂ္ဂအထွေအထွေ အတွင်းရေးမှူးချုပ်က ယခုနှစ် ဇူလိုင်လတွင် ပြောဆိုခဲ့သည်။

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအပါအ၀င် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်မှသာ အပြောင်းအလဲ၏ခြေလှမ်း အစစ်အမှန်စတင်မည်ဖြစ်၏။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်၌ အာဆီယံဥက္ကဌအဖြစ်တာဝန်ယူရပြီဖြစ်ရာ လက်ရှိတွင် ဤအနေအထားအား ရွေးချယ်ရန် အရေးတကြီး လိုအပ်နေ၏။ ယင်းကာလမတိုင်မီ လူနည်းစုကဏ္ဍများအတွက် သက်ဆိုင်ရာရပ်ဝန်းအတွင်း တည်ငြိမ်လုံခြုံမှုကို ခင်းကျင်းပြသနိုင်ဖို့ အရေးကြီးနေလေပြီ။ အာဆီယံ နှင့် မြန်မာ နှစ်ဖက်စလုံးအတွက် ကျော်လွှားရမည့် အခက်အခဲ များစွာရှိနေသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာစံနှုန်းနှင့်တစ်သားတည်းကျရန်၊ နေပြည်တော်အစိုးရသည် နိုင်ငံရေးဆိုင်ရာအဓိက လိုအပ်ချက်များအပေါ် တိုးတက်ဆောင်ရွက်လာရန် အများမှ လိုလားနေကြပါ၏။

ရှေ့ဆက်ဆိုရပါသော် မြန်မာနိုင်ငံသည် မိမိ၏ပြန်လည်မွမ်းမံခြင်းအား ဂုဏ်ယူဝံ့ကြွားလိုပါက နိုင်ငံတကာအဆင့်မှီ အပြုသဘောဆောင်သောပုံရိပ်ကောင်းအား ခြယ်မှုန်းပြသရပါမည်။ သို့သော် ယင်းပုံရိပ်သည် နိုင်ငံတွင်းရှိ လူနည်းစုများ အပါအ၀င် ပြည်တွင်းလူ့အဖွဲ့အစည်းအား မည်သို့မည်ပုံဆက်ဆံပါမည်နည်းဟူသော လူထုယုံကြည်မှုအပေါ် မူတည်လျက် ရှိနေပါသတည်း။

ဆောင်းပါးရှင် Eliane Coates သည် Nanyang Technological University ၊ S. Rajaratnam School of International Studies လက်အောက်ရှိ Center of Excellence for National Security (CENS) ဌာနမှ အဆင့်မြင့် သုတေသီတစ်ဦး ဖြစ်ပါသည်။ သူ၏ရေးသားချက်ဖြစ်သော Buddhist Monks in Myanmar: Driving Religious Intolerance and Hindering Reform ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

Leave a Reply