6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၉ ၊၂၀၁၄
M-Media
ချို
Daw Su Mdy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူထုနှင့် တွေ့ဆုံဟောပြောပွဲ တစ်ရပ်အား မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက်နေ့က ပြုလုပ်ခဲ့ရာ လူဦးရေတစ်သိန်းကျော် တက်ရောက်ခဲ့ပါသည်။

အဆိုပါပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင် တို့မှ ပြည်သူလုအား ဟောပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာရာတွင် ပြုသာပြင်သာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တိကျခက်ခဲတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူ၍ နှစ်မျိုးရှိကြောင်း၊ ပြုသာပြင်သာရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုသည်မှာ ဥပဒေပြုရေးမှာ ခြွင်းချက်မရှိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ထင်ရှားစေကြောင်း၊ အချိန်နှင့် တစ်ပြေးညီ ပြုသာပြင်သာရှိမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းနိုင်မည်ဖြစ်ကြောင်း၊ တိကျခက်ခဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပုဒ်မ ၄၃၆ပြင်ဆင်ခြင်းသည် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် လူနေမှုဘ၀အဆင့်အတန်းမြင့်မားရေးနှင့် မိမိတို့၏ မိသားစုဘ၀၊ ပစ္စည်းဥစ္စာ၊ အသက်အန္တရာယ်လုံခြုံရေးကို အထောက်အပံ့ဖြစ်စေကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရေးများနှင့်လည်း သက်ဆိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုလိုက်နာဖို့ အစိုးရက တစ်ဖက်သက်ရေးဆွဲခဲ့ပြီးပါပြီ၊ ဒီတစ်ခါတော့ အစိုးရ လိုက်နာဖို့ ပြည်သူလူထုကြီးက တစ်ခဲနက်ရေးဆွဲကြပါ” ဟုလည်း ပြောကြားခဲ့သည်။

လူ့အဖွဲ့အစည်းဆိုတာ ပြည်သူ့ဆန္ဒသာလျှင် အက္ခရာကျပါတယ်ျ။ ပြည်သူလိုလားရင် ဆက်လုပ်ပြီး ပြည်သူ မလိုလားလို့ကတော့ ဘယ်စာအုပ်မဆို ဆွဲဆုတ်ပစ်လို့ရပါတယ်။

ကိုမင်းကိုနိုင်

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှလည်း ယခုဟောပြောပွဲနှင့် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ရခြင်းမှာ ပြည်သူလူထုမှ ခြိမ်းခြောက်ခြင်းမျိုး မဟုတ်သည့် အရည်အသွေးကို ဖော်ပြပြီး တရားမှုနှင့် မတရားမှုအား ကောင်းစွာခွဲခြားနိုင်ခြင်းကို ပြသဖို့ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရန်ပြောကြားခြင်းမှာ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့အား တိုက်ခိုက်ရန် မဟုတ်ကြောင်း၊ မတရားသောအရာအား အိနြေ္ဒ သိက္ခာရှိရှိ ပြန်ပေးရန် လိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ယင်းမှ “ ကျွန်တော်တို့ အရိပ်လိုချင်ရင် နေပူကစောင့်ရပါတယ်။ ပြည်သူလူထုကြီး ခုလိုနေပူလှန်းခံပြီးနေခြင်းက မတရားသဖြင့် အနိုင်ကျင့်ရေးဆွဲထားတဲ့ အခြေခံဥပဒေလို့ခေါ်တဲ့ စာအုပ် အစိမ်းကြီးက လူကို လူချင်း ကျွန်ပြုတဲ့ အဓိပ္ပါယ်များစွာ ပါဝင်နေတယ်ဆိုတာကို တစ်ခဲနက် ပြသလိုက်ခြင်းဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ရည်ရွယ်ချက်က ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုဆီကို သွားကြဖို့ပါပဲ။ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ယူရမယ်။ ကျပ်မပြည့်တဲ့ ဒီမိုကရေစီကို ကျပ်ပြည့်စေဖို့ စာအုပ်အစိမ်းကြီးကို  ပြောင်းလဲပစ်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုတာ လူမှု ပဋိဥာဉ် စာချုပ်တစ်ခုပါပဲ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ပြည်သူ့ဆန္ဒသာလျှင် အက္ခရာကျပါတယ်ျ။ ပြည်သူလိုလားရင် ဆက်လုပ်ပြီး ပြည်သူ မလိုလားလို့ကတော့ ဘယ်စာအုပ်မဆို ဆွဲဆုတ်ပစ်လို့ရပါတယ်။ အာဏာရှင်ဘ၀မှ ရိုးသားစွာပြောင်းလဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ကမ်းထားပြီးသားပါ။ ဒီမိုကရတ်လက်အစစ်ဖြစ်ဖို့တော့လိုပါတယ်။ ဒီမိုကရေစီလက်အိတ်စွပ်ထားရုံနဲ့တော့ မရပါဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ပြည်သူက ကူညီစောင့်ရှောက်ပြီး လက်ချင်းချိတ်လိုက်ရင် မျှတမှုက အောင်ပွဲခံမှာပါ။ ခုဆိုရင် နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတဲ့ တောင်တန်းကြီးတွေနဲ့ မိခင်ဧရာဝတီကို ကာကွယ်ဖို့လည်း ဒီအခြေခံဥပဒေကို ပြင်ဆင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတစ်နိုင်ငံတွင် လူတိုင်းတန်းတူညီမျှ  အခွင့်အရေး ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသော အရာမှ အာမခံပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ နေရာအမှန်မှာ အချုပ်အခြာအာဏာအား ကိုင်ထားရမည့်နေရာဖြစ်ကြောင်း၊ ပြည်သူလူထုအား ကတိပေးပြီး ကတိမတည်သော ပုဂ္ဂိုလ်များအား ခေါင်းဆောင်နေရာတွင် မထားသင့်ကြောင်း၊ တပ်မတော်ဆိုသည်မှာ လွတ်လပ်ရေးအတွက် ပေါ်ပေါက်လာပြီး ဖိနှိပ်ရန် မဟုတ်ကြောင်း၊ နိုင်ငံသည် တပ်မတော်၏ အစေခံမဖြစ်ဘဲ တပ်မတော်သည် နိုင်ငံ၏ အခြေခံဖြစ်သင့်ကြောင်း၊ တပ်မတော်သည် နိုင်ငံ့ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံ၏ သမ္မတ ရွေးချယ်ရေးအတွက် ဖွဲ့စည်းထားခြင်းမဟုတ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်ရန်ဖြစ်ပြီး ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ကြောင်း၊ တပ်မတော်သားများမှ သတ္တိရှိရှိဖြင့် အမှန်တရားအား ရင်ဆိုင်စေလိုကြောင်း၊ ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်စေရန် တပ်မတော်မှလည်း ပါဝင်စေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား အေးအေးချမ်းချမ်းဖြင့် တရားဥပဒေဘောင် အတွင်းမှ ပြုပြင် လိုကြောင်းများ ပြောကြားခဲ့သည်။

ကျွန်မက ပြည်သူ့ အားမကိုးလို့ ဘယ်သူ့သွားအားကိုးရမှာလဲ။ ကျွန်မမှာ အားကိုးစရာ လက်နက်လည်းမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ အားကိုးစရာ မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်မပြည်သူကိုပဲ အားကိုးပါတယ်”

ဒေါ်အောင်ဆန်းစုကြည်

ဆက်လက်ပြီး “ ကျွန်မတို့နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို ပေးထားတဲ့ ကတိတွေကို ချိုးဖောက်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ အဲ့ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတာ တကယ်တော့ ပြည်သူကို မုသားစကားပြောတာပါ။ ကျွန်မတို့နိုင်ငံမှာ ရာစုနှစ်ဝက် နှစ် ၅၀ ကျော်အတွင်း ပြည်သူတွေကို ဒီမိုကရေစီနဲ့ ထိုက်တန်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအလုပ်နဲ့ မတန်ပါဘူး။ တစ်ခြားသူတွေပဲလုပ်ပါစေလို့ ပြောချင်ပါတယ်။ တစ်ချို့က ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးကိုပဲ အဓိကထားနေကြပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးထက် ဒီမိုကရေစီ အောင်မြင်ရေးက ပိုအရေးကြီးပါတယ်။ စစ်မှန်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်တဲ့နေရာမှာ လူကြီးလူငယ်မရွေး အားလုံးပါဝင်ဖို့လိုပါတယ်။ ၁၈နှစ်အောက် ကလေးတွေ မပါဝင်နိုင်တဲ့အတွက် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ အဲ့ဒီကလေးတွေက ကျွန်တော်ကျွန်မတို့ ဒီအခြေခံဥပဒေကို ပြင်ဆင်ချင်ပါတယ်။ ကျွန်တော်ကျွန်မတို့ရဲ့ အနာဂတ်ကို ငဲ့သောအားဖြင့် ကူညီပါဆိုပြီး စာရေးတင်ကြပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒဖော်ထုတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မ အခုလို လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မကို ပြည်သူ့အားကိုးနဲ့ လုပ်နေတယ်လို့ စွတ်စွဲတယ်။ ကျွန်မက ပြည်သူ့ အားမကိုးလို့ ဘယ်သူ့သွားအားကိုးရမှာလဲ။ ကျွန်မမှာ အားကိုးစရာ လက်နက်လည်းမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ အားကိုးစရာ မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်မပြည်သူကိုပဲ အားကိုးပါတယ်” လို့ ပြေကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုး လှုပ်ရှားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အောင်ပင်လယ် ကြေညာစာတမ်းတစ်ဖြစ်လဲ လက်မှတ်ရေးထိုးခြင်းကို မေလ ၂၇ ရက်ကစပြီး ဇူလိုင်လ ၁၉ရက်နေ့မှာ အဆုံးသတ်မည်ဖြစ်ကြောင်း၊  အဖွဲ့ချုပ် ရုံးစိုက်ရာများမှာ ဗဟိုကပေးပို့ထားမယ့် စာအုပ်များတွင် သွားရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်ရေးထိုးရာတွင် ကိုယ်တိုင်ကိုယ်ကျသာ ရေးထိုးရမည်ဖြစ်ကြောင်း၊ လက်ကမ်းစာစောင်များအား အိမ်တိုင်ရာရောက် ဝေပေးသွားမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးပြီး တစ်ပတ်အတွင်း အဖွဲ့ချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်ရုံးမှ လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  “ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်၊ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီလိုချင်တယ်။ ဒါကြောင့် ဒီတာဝန်ကိုထမ်းဆောင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူ့အခွင့်အရေး အပြည့်အ၀မရဘူး။ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေးလိုချင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လူသားတွေရဲ့ တာဝန်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Photo-The 88 Generation Peace and Open Society

Leave a Reply