6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၅၊ ၂၀၁၅
M-Media (အယ်ဒီတာ့ အာဘော်)
letterbox
”လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ်မှာဆေးရိုးလှမ်းတယ်”လို့ ဗိုလ်ချုပ်အောင်ဆန်း ရှုံ့ချမိန့်ကြားခဲ့တာ ဟာ လွတ်လပ်မှုရဲ့စည်းကို မချိုးဖောက်ကြစေချင်တဲ့ ဆန္ဒလို့ နားလည်မိပါတယ်။

”စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ”လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မလိုအပ်ဘဲ ‘စည်းကမ်းပြည့်ဝ သော’ဆိုတဲ့ အထူးပြု ပုဒ်ပါနေရတာက ဒီမိုကရေစီတာ အလွှတ်မှာ လွတ်လပ်မှု အရှိန်လွန်မသွားဖို့ ‘စည်းကမ်း’နဲ့ slow down ခံပေးရတဲ့သဘောလို့ မှတ်ယူမိပါတယ်။

ဟုတ်ပါတယ်။ တိုင်းတစ်ပါး ဖိနှိပ်အုပ်စိုးမှုအောက်မှာနေ လာရတော့ လွတ်လပ်မှုကို ဆာလောင် မွတ်သိပ်ခဲ့ကြတယ် မဟုတ်လား။ ရေဆာငတ်မွတ်သူက သောက်ရေလည်းရရော အငမ်းမရသောက်တော့ ရေသီးနိုင်တာပေါ့။ အာဏာရှင်ဖိနှိပ်မှုအောက်မှာ အချုပ်အနှောင်ဘ၀နဲ့ နေနေရတော့ ဒီမိုကရေစီဆိုတဲ့ အတုတ်အနှောင်ဖြည် လွှတ်ပေးခြင်း ခံရတဲ့အခါ ညောင်းညာနေတာတွေ ထုံကျဉ်အံသေနေတာတွေ ပြေလျော့ စေဖို့ ခြေလက်ဆန့်တန်း လှုပ်ခါခုန်ပေါက်ပြေးလွှားပြီး အညောင်းဖြေရင်း ဘေးလူကို ပုတ်ခတ် မိနိုင်တာလည်း သဘာဝပါပဲ။ အရှိန်လွန်တဲ့ကိစ္စဟာ ပျော်တာတောင် မကောင်းဘူး မဟုတ်လား။ ထီသိန်း တစ်ထောင်ဆု ပေါက်ပေမဲ့ အပျော်လွန်ပြီး နှလုံးရပ်သေသွားရင် ဘာမှသုံးလိုက်ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် လွတ်လပ်မှု၊ အခွင့်အရေးဆိုတာမျိုးတွေကို စည်းခတ်ထားဖို့တော့ လိုအပ်ပါတယ်။

တကယ်တော့ ကိုယ်ချင်းစာတရားဆိုတာရှိနေရင် ”လွတ်လပ်မှုရဲ့စည်း”ဆိုတာကို အထူးတလည် ဋီကာချဲ့၊ အဋ္ဌကထာဖွဲ့နေဖို့ မလိုအပ်လောက်ဘူးထင်ပါတယ်။ မလွတ်လပ်တာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ အခွင့်အရေးဆုံးရှုံးတာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ ကိုယ်မကြိုက် တာကို သူများအတွက်လည်း မကြိုက်ပေးတာ၊ ကိုယ်ကြိုက်တာကို သူများအတွက်လည်း ကြိုက်ပေးတာ ကိုယ်ချင်းစာစိတ်ပဲမဟုတ်လား။

ကိုယ့်ဘုရားကျောင်းကန် သူများဖျက်ဆီးတာ မကြိုက်ရင် သူများ ဘုရားကျောင်းကန်လည်း ငါတို့ မဖျက်ဆီးဘူး။ ကိုယ့်ဘုရားကို သူများလှောင်ပြောင် စော်ကားတာမကြိုက်ရင် သူများဘုရားလည်း ငါတို့ လှောင်ပြောင်မစော်ကားဘူး။ ငါတို့ဘာသာကို ကဲ့ရဲ့ပုတ်ခတ်တာ မကြိုက်ရင် သူများဘာသာကိုလည်း ကဲ့ရဲ့ ပုတ်ခတ်တာမျိုး မလုပ်ဘူး။ ငါတို့အမျိုးကို သူများဒုက္ခပေးတာမကြိုက်ရင် သူများအမျိုးကိုလည်း ငါတို့ ဒုက္ခမပေးဘူး။ ငါတို့ကို လူ့အခွင့်အရေးဆုံးရှုံးအောင် ဖိနှိပ်တာ မကြိုက်ရင် သူများကိုလည်း လူ့အခွင့်အရေး ဆုံးရှုံးအောင် မဖိနှိပ်ဘူး။ ငါတို့ကို စော်ကားလို့ ဒေါသထွက်ရင် သူများကို စော်ကားရင်လည်း ဒေါသထွက်မှာပဲ။ ငါတို့ကို သတင်းမှား၊ သတင်းလိမ် ရေးတာ နာမိရင် သူများကို သတင်းမှား၊ သတင်းလိမ်ရေးတာလည်း နာပေးတတ်ရမှာပဲ။ ဒါက ကိုယ်ချင်းစာစိတ်ပဲ မဟုတ်လား။

ဘုရားတည်ကျောင်းဆောက်တာ ငါတို့အတွက် အင်မတန်ထူးကဲတဲ့ ကုသိုလ်လို့ မြင်ပေမဲ့ သူများ ဘုရား ကျောင်းကန်ပြုပြင်တာ မြင် ရရုံလေးနဲ့ မစ္ဆရိယ စိတ်ပွားနေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ဘာသာတရားအထိမ်းအမှတ် တံဆိပ် လက္ခဏာကို မတော်တဆပဲဖြစ်ဖြစ် အရိုအသေတန်ပြုမူတာ လောက်ကို အလွန်အင်မတန် မကျေမချမ်းဖြစ်ရပေမဲ့ သူများဘာသာတရားအကြီးအကဲ၊ ကျမ်းစာ၊ အထိမ်းအမှတ်တွေကို မစားရ၀ခမန်း စော်ကားရတာကို စိတ်တွေ့နေရင်၊ ခုံမင်နေရင်၊ အကျေနပ်ကြီး ကျေနပ်နေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ကိုဝေဖန်တာကို စော်ကားတယ်မြင်ပေမဲ့ သူများကိုစော်ကားတော့ ဒါ-ဝေဖန်တာပါ၊ ဒါ-လွတ်လပ်မှုပါလို့ဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးဆိုတာ စော်ကားလိုသူတွေအတွက်၊ ဖိနှိပ်လိုသူတွေအတွက်ဖြစ်ပြီး အစော်ကားခံ၊ အဖိနှိပ်ခံတွေအတွက်တော့ လွတ်လပ်မှုမလိုဘူး၊ လူ့အခွင့်အရေးမလိုဘူးဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ်ချင်းစာစိတ်ဟာ လွတ်လပ်မှုရဲ့ စည်းပါ။ စည်းကျိုးပျက်နေတဲ့ လူ့အသိုက်အမြုံဟာ မငြိမ်းချမ်းမှုတွေနဲ့ ပဋိပက္ခတွေရဲ့ စက်ရုံတစ်ခုပါ။

လွတ်လပ်မှုရဲ့စည်း—–ဖြစ်တဲ့ ကိုယ်ချင်းစာစိတ် ကျွန်တော်တို့မှာ ရှိ၊မရှိသိရအောင် ဒီလိုလေး တွေးကြည့်ရအောင်ပါ။

 ချာလီဟာ ထင်လင်းဦး ဆိုပါစို့။
    ထင်လင်းဦးဟာ နေမျိုးဝေ ဆိုပါစို့။
    နေမျိုးဝေဟာ ဟန်နာဘိခ်ျ ဆိုပါစို့။
     ဟန်နာဘိခ်ျဟာ ချာလီ ဆိုပါစို့။
    ၇၈၆ ဟာ ၉၆၉ ဆိုပါစို့။
    ဦးဝီရသူဟာ ဘင်လာဒင် ဆိုပါစို့။
    Charlie Hebdo မဂ္ဂဇင်းဟာ V Gastro ဘားဆိုင် ဆိုပါစို့။
    မလေးရှားက အသတ်ခံဗမာတွေဟာ တောင်ကုတ်က အသတ်ခံမွတ်စလင် ၁၀ ဦး ဆိုပါစို့။

    ထိုင်းက လုယက်၊လူသတ်၊ မုဒိမ်းကျင့်မှု စွပ်စွဲခံ မြန်မာ ၂ ဦးဟာ တောင်ကြီးက အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချခံလိုက်ရတဲ့ မွတ်စလင် ၂၀ ဦးဆိုပါစို့။

    မြန်မာပြည်က အစိုးရ အဖျက်ဆီးခံ ရမည်းသင်း ကံကြီးဗလီဟာ အာဖဂန်က တာလီဘန်တွေရဲ့ အဖျက်ဆီးခံ ဗုဒ္ဓရုပ်ပွားတော်ဆိုပါစို့။

    မိတ္ထီလာ အသတ်အဖြတ်ပွဲမှာ ဓားဆွဲ ခုတ်ထစ်နေတဲ့ သံဃာ တစ်ချို့ဟာ အစ္စလာမ် ဘာသာတရား အမည်ခံပြီး သောင်းကျန်း ဆိုးဝါးနေတဲ့ IS အဖွဲ့နဲ့ ဘိုကိုဟရမ် အဖွဲ့ဆိုပါစို့။

အဲဒီလို ”ဆိုပါစို့”တွေမှာ မှန်တာမှားတာထက် သူ့ဘက်ကိုယ့်ဘက် ရှုထောင့်ပြောင်းမြင်တတ်တဲ့ စာနာခြင်းတရား၊ ကိုယ်ချင်းစာ စိတ်တွေ ထားကြည့်လိုက်ရင် ”လွတ်လပ်မှုရဲ့ စည်း”ကို ကျွန်တော်တို့ ထင်ထင် ရှားရှား မြင်လာနိုင်ပါလိမ့်မယ်။ ”ဆိုပါစို့”ဆိုတာ ကိုတောင် သည်းခံနိုင်စွမ်းမရှိဘူး၊ လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ်ချင်းစာနိုင် စွမ်းကင်းမဲ့သူတွေ၊ ”လွတ်လပ်မှုရဲ့စည်း”ကျိုးပေါက်နေသူတွေဖြစ်တာ သေချာသလောက်ရှိပြီး ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါး ကျိန်စာသင့် ကပ်ဆိုက်နေ ရဦးမည့် သူများသာ ဖြစ်ကြောင်း ၀မ်းနည်းစရာအတိတ်ဆိုး နိမိတ်ဆိုးဖြစ်ပါတယ်။

M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

Tags:

Leave a Reply