6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
M-Media (Editorial)
r
အခုတလော အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကိစ္စဟာ အတော်ရေပန်းစားတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ ဒီသပိတ်စစ်ကြောင်းရဲ့ အကျိုးရလဒ်အဖြစ်  လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက် လာတာကိုလည်း တွေ့ရပါတယ်။

ကျောင်းသားတွေဘက်ကတော့ ဒီဆွေးနွေးပွဲရလဒ်အဖြေ ကောင်း၊ မကောင်းဆိုတာကို ဆက်ပြီးစောင့်ကြည့်နေဦးမယ့် အနေအထားပါပဲ။

အမျိုးသားပညာရေးဥပဒေရဲ့ အသွင်ကူးပြောင်းရေးကာလသတ်မှတ်ချက်ဟာ ၅ နှစ်ဖြစ်ပါတယ်။ ဒီဥပဒေပြောင်းသွား၊ ကောင်းသွား၊ ပြည့်စုံသွား လို့ ပညာရေး စနစ်ကောင်းသွားလို့ အကျိုးခံစားရရင်လည်း နောက် ၅ နှစ်အကြာမှာ ကျောင်းဆက်တက်ကြမယ့် မျိုးဆက်သစ်တွေ သာ ခံစားကြရမှာပါ။ အခုသပိတ်မှောက် တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေ ဟာ အဲဒီအချိန်မှာ ကျောင်းပြီးကုန်ကြပါပြီ။ အခန့်မသင့်ရင် ကျောင်း ထုတ်ခံရတာ၊ ထောင် ကျမှာတွေတောင် ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ တိုက်ပွဲဝင်ပြီး ပြုပြင်ပြောင်းလဲယူဖို့ ကြိုးစားနေတဲ့ ပညာရေးဥပဒေဟာ သူတို့အတွက် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ဒီလိုပဲ ၁၉၂၀၊ ဒီဇင်ဘာ ၅ ရက်မှာ နယ်ချဲ့အင်္ဂလိပ်ရဲ့ တက္ကသိုလ်၊ ကောလိပ်ပညာရေးဥပဒေကို ကျောင်းသားတွေ သပိတ်မှောက်ခဲ့ကြဖူးပါတယ်။ အဲဒီသပိတ်မှာ ကျောင်းသားတွေ ဘယ်လောက် စွန့်လွှတ် အနစ်နာခံခဲ့ကြသလဲဆိုတာ ဦးဖိုးကျားရေးတဲ့ အမျိုးသားနေ့ဆောင်းပါး(လက်ရှိ တက္ကသိုလ်ဝင်တန်း မြန်မာစာပြဋ္ဌာန်းစကားပြေ)မှာ လေ့လာကြည့်နိုင်ပါတယ်။ အစားဆင်းရဲ၊ အနေဆင်းရဲဘ၀ပါ။ ကျောင်းပြီးတာနဲ့ မြို့အုပ်၊ ဓနရှင်၊ အရာရှိအရာခံတွေဖြစ်လုဆဲဆဲမှာ သပိတ်ကြောင့် မျှော်လင့်ချက်အိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြရပါတယ်။ မိဘတွေ ရင်ထုမနာ ဖြစ်ကြရပါတယ်။ အဲဒီအချိန်က ဒီကလေးတွေ အုတ်နံရံကို ခေါင်းနဲ့တိုက်နေကြတာပါကွာ။ ဘာမှမသိဘဲ အပျော်အပြက်လျှောက်လုပ်နေကြတာပါ။ သူများယောင်လို့ ယောင်နေကြတာပါ။ သူတို့ဆန့်ကျင်နေတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်လည်း သိတဲ့ကောင်တွေ မဟုတ်ပါဘူးကွာ စသဖြင့် ကရော်ကမည်ပြောဆိုပြီး သေးသိမ်အောင် ရှုံ့ချကြတဲ့ မြန်မာပြည်သူထဲက ပြည်သူများလည်း ဒုနဲ့ဒေးရှိခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီသပိတ်ကြောင့် မြန်မာတွေနိုးကြားမှု စခဲ့တယ်။ အဲဒီသပိတ်ကြောင့် ပညာရေးကတစ်ဆင့် တိုင်းပြည်ဟာ (ဦးဖိုးကျားစကား ကိုးကားပြောရရင်) အနှစ် ၃၀ စာလောက် ခုန်ကျော် တိုးတက်သွားတယ်။ နောက်ဆုံး အမျိုးသားနေ့ဆိုတာ အဲဒီသပိတ်ကို အကြောင်းပြုပြီး ပေါ်လာတယ်။ အမျိုးသား ကျောင်းထွက်တွေက လွတ်လပ်ရေးတိုက်ပွဲဝင်တွေဖြစ်လာတယ်။ ခြုံပြောရရင် အဲဒီသပိတ်က စတဲ့ ခြေတစ်လှမ်းက လွတ်လပ်ရေးအောင်ပန်းဆွတ်နိုင်တဲ့အထိ ခရီးဆန့်နိုင်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပဲဖြစ်ပါတယ်။

အဲဒီအချိန်က သပိတ်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ ဒုက္ခမျိုးစုံကြုံခဲ့ရသလို ကျောင်းဆက် မတက်နိုင်တော့တဲ့ ဘ၀လည်း ရောက်ခဲ့ရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် သူတို့ဟာ စွန့်ရုံစွန့်ခဲ့ကြသူတွေဖြစ်ပြီး အသီးအပွင့်ကိုတော့ မစားခဲ့ရသူတွေပါ။ သူတို့ကို ဝေဖန်ပုတ်ခတ် အပြစ်တင်ရှုံ့ချကြသူတွေရဲ့ သားသမီးတွေ၊ နောင်လာနောက်သားတွေ ကတော့ ဘာမှ မစွန့်လိုက်ရဘဲ အသီး အပွင့်စားသုံးခဲ့ရပါတယ်။ ရှေးလူတွေ မစားရဘဲ စွန့်ခဲ့လို့ နှောင်းလူတွေ မစွန့်ရဘဲ စားနေကြရတာမဟုတ်ပါလား။

အခုလည်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို စာနာမှု၊ လေးစားဂုဏ်ယူမှုတွေနဲ့ အားပေးကြ၊ ဖေးမကြ၊ သူတို့ လုပ်မှားကိုင်မှား ဆုံးဖြတ်မှားဖြစ်မှာကို စိုးရိမ်ကြ၊ သူတို့ဆီ မမြင်နိုင်တဲ့ ဘေး အန္တရာယ်တွေ၊ ထောင်ချောက်တွေ ကျရောက်မှာကို ပူပန်ကြတဲ့ပြည်သူတွေ ရှိနေပေမဲ့ အမနာပ ဝေဖန်ရှုံ့ချနေသူတွေ၊ နာမည်ကြီးချင်လို့လား၊ အလှူခံကောင်းအောင်လို့လား၊ နိုင်ငံရေးအမြတ်ထုတ်တာလားလို့ အမြင်မကြည်မေးငေါ့ချင်ကြသူတွေ၊ ရှုပ်တယ်ကွာ ကိုယ့်ဘာသာကိုယ် စာကောင်းကောင်း မသင်ဘဲ တိုင်းပြည်ဆူပူအောင် လုပ်နေတယ်လို့ ပြစ်တင်ကဲ့ရဲ့နေသူတွေလည်း ရှိနေပါတယ်။

တကယ်တော့ ကျောင်းသားတွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီဆိုရင် သူတို့စွန့်ပြီး စိုက်ခဲ့တဲ့အသီးအပွင့်ကို သူတို့စားရမှာမဟုတ်ဘဲ ဝေဖန်၊ အထင်သေး၊ ပြစ်တင်ကဲ့ရဲ့၊ သားပုပ်လေလွင့်ပြောဆို၊ ဆဲရေးတိုင်းထွာနေကြသူတွေ၊ ခြိမ်းခြောက်ကြိမ်းမောင်းကြသူတွေ၊ ရန်သူလိုသဘောထားပြီး အသိအမှတ်ပြုဖို့ကို ရှက်ကြောက်နေသူတွေရဲ့ သားသမီးမြေးမြစ်တွေသာ ဘာမှ မစွန့်လိုက်ရဘဲ အချောင်စားရမှာ ဆိုတာကို  ထိုအသိခေါက်ခက်အ၀င်နက်သူများ သိမှသိကြပါလေစ။

M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

Photo Credit =>ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ FB

Tags:

Leave a Reply