6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၉ ၊ ၂၀၁၅
M-Media

12913ibc1

သဲချောင်းဒုက္ခသည်စခန်းရှိ စာသင်ခန်း၌ သူငယ်ချင်းတစ်ဦးနှင့်အတူ စာသင်ကြားနေသော မသူဇာမိုး (ယာဖက်)။ (ဓာတ်ပုံ – UNICEF Myanmar)

(၁) မှုန်ရီ အိပ်မက်
———————
မြန်မာနိုင်ငံအတွင်း သီးခြားဆန်ပြီး အဆင်းရဲဆုံးဒေသများအနက် လူသားချင်းစာနာမှုအကူအညီများ နှင့် ရည်ညွှန်းရန်ခက်ခဲသည့် ဖွံ့ဖြိုးရေးအကူအညီများ လိုအပ်နေသော ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ ဆင်းရဲနိမ့်ကျမှုနှုန်း မြင့်မားနေလျက်မှပင် ၂၀၁၂ ခုနှစ် လူမျိုးရေးဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်ရှိ လူမှုစီးပွားအခြေအနေမှာ ဆင့်ကဲဆိုးရွားသွားပြန်သည်။

ယခုနှစ် ဇူလိုင်နှင့်သြဂုတ်လ မြန်မာနိုင်ငံ၏ရေကြီးမှုများက ဤပြဿနာများကို ပိုမို ယိမ်းထိုးသွားစေ၏။ မြွေပူရာကင်းမှောင့်ဆိုသလို ကာလရှည် ခွဲခြားခံလူ့အဖွဲ့အစည်းများရှိ ကလေးသူငယ်တို့၏ ပညာရေးမှာလည်း ပြင်းထန်သောထိခိုက်မှု ဖြစ်လာခဲ့သည်။
သူတို့သည် ခိုင်မာသော ကျောထောက်နောက်ခံစီးပွားရေး မရှိကြ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ထောက်ပံ့မှုအပေါ် မှီခိုနေခြင်းဖြင့် ဘ၀ဆက်နေကြရ၏။

သူဇာသည် သူမ၏ အတန်း၌ အထူးချွန်ဆုံး မိန်းကလေးဖြစ်၏။ သို့သော် ကျန်းမာရေး စောင့်ရှောက်မှု မရခဲ့ရှာသောသူမ၏မိခင် ဆုံးပါးသွားသဖြင့် ကျောင်းဆက် မတက်နိုင်တော့။ ယခုသော် သူမ၏ဖခင် ဦးလှကျော်နှင့်အတူ UNHCR ၏ ရွက်ဖျင်တဲဟောင်း၊ ၀ါး၊ သစ်တို့ဖြင့် ဆောက်လုပ်ထားသော အိမ်ငယ်လေးရှိ ဆင်ဝင်လေးပေါ်ထိုင်နေကြရ၏။ ထိုကဲ့သို့ ဖြစ်သလိုဆောက်လုပ်ထားသည့် အိမ်ငယ်များ မနည်းလှချေ။ မိုးလည်းရွာနေသလို အိမ်များအကြား မြေပြင်မှာလည်း စိုစွတ်ထိုင်းမှိုင်းသည့် ရွှံ့ဗွက်ပြင် ဖြစ်လျက်ရှိသည်။

“ ကျွန်မ ရွာထဲမှာ ပိုနေချင်တာပေါ့။ ကျောင်းနဲ့နီးတော့ နေ့စဉ် ကျောင်းတက်နိုင်ခဲ့ပါတယ်။ အဖေက စက်ပြင် ၀ပ်ရှော့ဆိုင်ဖွင့်ထားပြီး ၀င်ငွေကောင်းခဲ့တယ်။ အမေလည်း အသက်ရှင်နေခဲ့တော့ ကျွန်မတို့ဘ၀ သာသာယာယာ ရှိခဲ့ကြပါတယ် ” ဟု သူဇာက ပြောပြသည်။
သူမ၏ဖခင်ကလည်း “ ဒီနေရာမှာ ကျွန်တော် စက်ပြင် အလုပ်လုပ်နေဆဲပါ။ တစ်ရက်ကို ၃-၄ ထောင် ၀င်ငွေရှိပါတယ်။ ဒါပေမယ့် နေထိုင်ရပ်တည်ရေးနဲ့ ကျန်းမာရေးစားရိတ် အတွက် မလောက်ငပါဘူး။ ဆန်၊ ဆီ၊ ပဲတွေကို WFP ကနေ မဆိုစလောက်တော့ ရနေပါတယ်။ ကျွန်တော်တို့ ဒီမှာ လုံခြုံပေမယ့် ဈေးကိုကျော်ပြီး သွားလာခွင့် မရကြဘူး။ နေရာဟောင်းကို ပြန်ရောက်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟူ၍ ရင်ဖွင့်ပါသည်။

ကံကောင်းထောက်မစွာဖြင့် သူဇာမှာ သူမ၏ပညာရေး လမ်းတစ်စ ပွင့်လာသည်။ UNICEF မှ ပံ့ပိုးပြီး Lutherian World Federation မှ စီစဉ်သော ဒုက္ခသည်စခန်းတွင်း ယာယီ စာသင်ဆောင်၌ တက်ရောက် သင်ကြားရသည်။

ပြင်ပတွင် မိုးသည်းနေသော်ငြား စာသင်ဆောင်လေးအတွင်း၌ ယောက်ျားလေးများက တစ်ဖက် မိန်းကလေးများ တစ်ခြမ်းစီထိုင်လျက် အာရုံစိုက်ပြီး ကလေးငယ်များ စာသင်ကြားနိုင်ကြသည်။ သင်ပုန်းပေါ်တွင် ဆရာမ ရေးသားထားသည့်စာကို သူဇာနှင့် ကလေးငယ်များက စာသင်ဆောင် အပြင်ဖက်မှ ကြားရသည် အထိ သံပြိုင်ရွတ်ဆိုနေကြသည်။

12913ibc2

ဒုက္ခသည်စခန်းနှင့်မလှမ်းမကမ်းမှ မင်းကန်ကျောင်း၊ သတ္တမတန်း၌ စာသင်ကြားနေသော မလှိုင်လှိုင်ဦး (၀ဲဖက်)။ (ဓာတ်ပုံ – UNICEF Myanmar)

ထိုစာသင်ဆောင်၌ စာသင်ကြားနေသူ ကလေးငယ် ၁၁၅ ယောက်ရှိသည်။ ယမန်နှစ်က အထူးချွန်ဆုံးကျောင်းသူကျောင်းသားများသည် ထိုစခန်းအနီးရှိ အစိုးရ အလယ်တန်းကျောင်းသစ်သို့ တက်ရောက်ခွင့် ရခဲ့ကြသည်။ သူဇာသည်လည်း ထိုသို့ သွားခွင့်ရနိုင်မည့်သူဟု သူမ၏ ဆရာက ပြောသည်။

“ ကလေးမလေးက စာကောင်းကောင်းလိုက်နိုင်တယ်။ ဒီကိုရောက်လာပြီးကတည်းက သူမရဲ့ တိုးတက်မှုကို ကျွန်တော် မြင်ခဲ့ရတယ်။ သူမဟာ မိခင်ဘာသာစကား အပြင် ရခိုင်စကားကိုလည်း ပြောဆိုနိုင်တယ်။ အခု မြန်မာနဲ့ အင်္ဂလိပ်စာကို သင်ယူနေပါတယ် ”။
စာသင်ကြားခွင့်ကို လက်လွှတ် မခံသော သူဇာက “ မနက်ပိုင်းမှာ ကျွန်မ စာသွားသင်တယ်။ နေ့လည်ခင်းမှာ စာတွေပြန်ဖတ်မှတ်ပြီး အိမ်မှုကိစ္စတွေကို ကူလုပ်ပါတယ်။ ဘာသာစကား သင်ကြားမှုကို နှစ်သက်ပါတယ်။ အင်္ဂလိပ်စာကို ကောင်းကောင်း ရေးနိုင်ဖတ်နိုင်ခဲ့ရင် ဘ၀အတွက် အလွန်အသုံးဝင်လာမှာပါ။ ကျွန်မ ကြီးပြင်းလာတဲ့အခါ WFP အတွက် အလုပ်လုပ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူတွေအတွက် စားနပ်ရိက္ခာ စီစဉ်ပေးကမ်းကြလို့ပါပဲ ” ဟု ပြောပြပြီး အနာဂတ် ရည်မှန်းချက်ထားရှိသော်လည်း မိမိမှာ စခန်းထဲမှာပင် နေထိုင်သွား ရဖွယ်ရှိနေကြောင်း အားငယ်စွာ တွေးထင်နေပါ၏။

12913ibc3

စစ်တွေမြို့အနီး သဲချောင်းဒုက္ခသည်စခန်း၌ ၂၀၁၅ စက်တင်ဘာ ၄ ရက်နေ့က ဖခင်၊ မွေးချင်း လေးဦးနှင့် အတူတွေ့ရသည့် မသူဇာမိုး (၁၂ နှစ်)။ သူတို့မိသားစုသည် ၂၀၁၂ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနောက်စံပြကျေးရွာမှ ထွက်ခွာခဲ့ရသည်။ (ဓာတ်ပုံ – UNICEF Myanmar)

(၂) ခြေဦးလှည့်ခွင့်
———————–
ဒုက္ခသည်စခန်းနှင့် မဝေးကွာလှသော ရွာတစ်ရွာတွင် လှိုင်လှိုင်ဦး(၁၁ နှစ်)၏မိသားစုမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေထိုင်လျက်ရှိသည်။ သူတို့အသိုင်းအ၀ိုင်း၏ အခြေအနေသည် နွမ်းပါးပြီး ကလေးများပြား၏။ မိသားစုများမှာ လုပ်ကိုင်စားသောက် ခွင့်ကန့်သတ်ခံထားရ၍ အခြေခံလိုအပ်ချက် များ မပြည့်စုံနိုင်ကြ။

လွန်ခဲ့သောနှစ်အနည်းငယ်က သူမ၏မိဘများသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားများ အဖြစ် သွားရောက် လုပ်ကိုင်ခဲ့ကြသည်။ သူမနှင့်မောင်လေးဖြစ်သူအား ရန်ကုန်ရှိ ဆွေမျိုးများထံထားရစ်ခဲ့သည်။ စစ်တွေမြို့သို့ ပြန်လာကြသောအခါ သူမကို ကျောင်းအပ်ရန် စာရွက်စာတမ်း အထောက်အထား မပြသနိုင် ခဲ့ကြပါ။

“ ထိုင်းနိုင်ငံမှာ ကျွန်တော်က လျှပ်စစ်မီးသမား၊ ကျွန်တော့်အမျိုးသမီးက ထရန်စဖော်မာပုံး/ဘူး ဆေးသုတ်တဲ့ အလုပ်လုပ်ကြပါတယ်။ ၀င်ငွေကောင်းကြပေမယ့် ကလေးတွေကို မခွဲနိုင်လို့ စစ်တွေကို ပြန်လာခဲ့ကြတာပါ။ အခုတော့ ကျွန်တော် ဆိုင်ကယ်တက္ကစီ ဆွဲပါတယ်။ နွေဖက်ဆိုရင် တစ်နေ့ တစ်သောင်းလောက် ရှာဖွေနိုင်ပြီး မိုးတွင်းကာလမှာ ငါးထောင်လောက်တော့ ရပါတယ် ” ဟု သူမ၏ဖခင် ဦးကျော်နိုင်စိုးက ဆိုသည်။

12913ibc4

မင်းကန်ကျောင်း၊ လသာဆောင်မှ လက်ဝှေ့ရမ်းပြနေသည့် ကျောင်းသားတစ်ဦး။ (ဓာတ်ပုံ – UNICEF Myanmar)

ပုံမှန်အတန်းကျောင်း မတက်ရောက်နိုင်သဖြင့် UNICEF ၏ပံ့ပိုးမှုဖြင့် Myanmar Literacy Resource Centres မှစီစဉ် ဖွင့်လှစ်သော ပြင်ပသင် အခြေခံပညာရေးအစီအစဉ် မင်းကန်ကျောင်း၌ အပ်နှံသင်ကြားရသည်။ နေအိမ်ထဲတွင် ကလေးငယ်များကို ထိန်းကျောင်းနေရသူများနှင့် မိသားစုဝမ်းရေး အတွက် နေ့ခင်းအလုပ်လုပ်ကိုင်နေသူများ အပါအ၀င် ကျောင်းမတက်နိုင်သော ကလေးသူငယ်များအတွက် ၎င်း၌ ညနေခင်း သင်တန်းများ ဖွင့်လှစ်ပေးထားသည်။ လှိုင်လှိုင်ဦးသည် ထိုသင်ကြားရေး အစီအစဉ်ပြီးမြောက် ခဲ့ပြီ။ ယခုစာသင်နှစ်တွင် ပုံမှန်အတန်းကျောင်း၌ သတ္တမတန်းသို့ တက်ရောက်သင်ကြားနိုင်ခဲ့သည်။

ပထမဆုံးကျောင်းဖွင့်ရက်များတွင် ကလေးသူငယ်များမှာ အဖြူအစိမ်းကျောင်းဝတ်စုံကိုယ်စီဖြင့် စိတ်လှုပ်ရှားစွာ ပျော်ရွှင် ဆူညံလျက် ရှိကြသည်။ မိုးကြီးချိန် စာသင်ကြားမှု ခေတ္တရပ်နားလျှင် ယောက်ျားလေး များက မြက်ခင်းကွင်းပြင်ထဲ ပြေးလွှားလျက်၊ မိန်းကလေးများက အုပ်စုလိုက် ကြိုးခုန်လျက် ဆော့ကစားကြသည်။

“ ကျောင်းပြန်တက်ရတာ ကျွန်မ သိပ်ပျော်တာပါပဲ။ ကျွန်မ အနှစ်သက်ဆုံးဘာသာရပ်က မြန်မာစာပါ။ တခြားကလေးတွေနဲ့ အတူ ကျောင်းကိုလာရတာ စိတ်ချမ်းသာတယ်။ ကျွန်မ သူငယ်ချင်း စိန်စိန်လည်း ကျွန်မနဲ့ တစ်ခန်းတည်းပဲ။ ကျွန်မ ကြီးပြင်းလာတဲ့အခါ အင်ဂျင်နီယာဖြစ်ချင်တယ်၊ အဆောက်အဦတွေ ဆောက်လုပ်ချင်ပါတယ် ” ဟု လှိုင်လှိုင်ဦးက ဆိုသည်။

(၃) ထပ်တူကျ မျှော်လင့်ခြင်းနှင့်အိပ်မက်များ
———————————————–
မတူကွဲပြားသည့် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် အကြား နေထိုင်ရှင်သန်နေကြသော်လည်း သူဇာနှင့် လှိုင်လှိုင်ဦး နှစ်ဦး စလုံး၏ မျှော်လင့်ချက်နှင့် အိပ်မက်များမှာ ထပ်တူကျနေ၏။ သူတို့၏အနာဂတ်အတွက် ပညာရေးသည် အရေးကြီးလှကြောင်း နှစ်ဦးစလုံး အမြင်တူကြ၏။ ဤထပ်တူကျ အိပ်မက်များကို တည်ဆောက်ပေးမည့်၊ ရခိုင်ပြည်နယ် အတွက် ကလေးငယ်များ၏ ပူးပေါင်း အနာဂတ်ကို ဖော်ဆောင်ပေးမည့် စွမ်းအားစုသည် ပညာရေးထံ၌ တည်ရှိနေပါသည်။

သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်တို့၏ပံ့ပိုးကူညီမှုဖြင့် UNICEF သည် ရခိုင်ပြည်နယ်ရှိ ကလေးငယ်အားလုံး၏ အလားအလာကောင်း တို့ကို လမ်းကြောင်းမှန်ပေါ်ရောက်စေရန် လုပ်ကိုင် သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန်ကား ကလေးငယ်တို့၏ လိုအပ်လစ်ဟာချက်များအား ကိုင်တွယ်ဖြေရှင်းရန်၊ ကလေးငယ် သူငယ် အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်၊ အကြမ်းဖက်ခံ ရွှေ့ပြောင်းနေထိုင်ရသူတို့၏ လူသားချင်းစာနာမှု အကူအညီအား ဖြည့်ဆည်းပေးရန် ဆောင်ရွက်သွားရပေမည်။ ငြိမ်းချမ်းသောအသိုင်းအ၀ိုင်းကို တည်ဆောက်ဖို့ နေရာဒေသတိုင်းရှိ လူအဖွဲ့အစည်းတိုင်းမှ မိသားစုနှင့်ကလေးသူငယ်မှန်သမျှ ၀န်ဆောင်မှုခံစားခွင့်၊ တူညီသောသိက္ခာနှင့် အခွင့်အရေးအတိုင်း နေထိုင်ရှင်သန်ခွင့် ရရှိရန် လိုအပ်ပေသည်။

သူဇာနှင့် လှိုင်လှိုင်ဦးတို့ ခံစားခဲ့ရသည့် ပြင်ပသင် ပညာရေးကဲ့သို့ပင် ဆယ်ကျော်သက်လူငယ်များ အတွက် သက်မွေးဝမ်းကြောင်း အတတ်ပညာများအလို့ငှာ ပံ့ပိုးကူညီခြင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ ခုတွင် ပထမတန်းကျောင်းသူကျောင်းသား အားလုံးအတွက် ကျောပိုးအိတ်မျာ အပြင် ပထမတန်းမှ ဆဋ္ဌမတန်းအထိ စာရေးကိရိယာများ ထောက်ပံ့ခြင်းတို့ကို UNICEF မှ ဆောင်ရွက်ပေးနေပါသည်။ ယခုနှစ်မှာတော့ ကျောင်းမွမ်းမံရေးအစီအစဉ်တစ်ရပ်နှင့် နွေးထွေးစွာသင်ကြားပေးရေးစနစ်များကို စတင်ပါမည်။

“ မြန်မာနိုင်ငံထဲ UNICEF  ၀င်ရောက်လုပ်ကိုင်နေတဲ့ သက်တမ်း နှစ် ၆၀ ရှိနေပါပြီ။ ကျွန်တော်တို့ဟာ နိုင်ငံတော်အစိုးရ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ အတူ လူမျိုး ဘာသာ အဆင့်အတန်း အခြေအနေမရွေး ရခိုင်ပြည်နယ်ကလေးငယ်များအားလုံးအတွက် ပညာရေးခိုင်မာနိုင်ဖို့ လက်တွဲဆောင်ရွက်လျက်ရှိပါတယ် ” ဟု UNICEF Myanmar ၏ ပညာရေးအဖွဲ့ခေါင်းဆောင် Cliff Meyers မှ ပြောကြားသည်။

ရခိုင်ပြည်နယ်၏ အနာဂတ်သည် သူဇာနှင့်လှိုင်တို့၏ ထပ်တူကျအိပ်မက်များ၌လည်းကောင်း၊ သူတို့အား ကျားကန် ရပ်တည်ပေးနေကြသော ဖခင်တို့၏ရည်မျှော်ချက်များ၌လည်းကောင်း မူတည်နေပါသည်။

“ ကျွန်တော့်သမီးကို ပညာတတ်ကြီး အမှန်တကယ် ဖြစ်စေချင်ပါတယ်။ သူက တော်တော်ထက်တာ။ သူမအတွက် ကျွန်တော် ဂုဏ်ယူပါတယ် ” ဟု ပြောကြားရင်း သူဇာ၏ဖခင်မှာ သမီးဖြစ်သူ ပညာရေး ရှေ့ဆက်နိုင်မှုအပေါ် ကြည်နှူးမဆုံး ……………… ။

“ ကျွန်တော့်သမီးရဲ့အနာဂတ်မှာ ပညာရေးစနစ်ကောင်းကောင်း ရရှိဖို့က ကျွန်တော့်ရဲ့ အဓိက မျှော်လင့်မှုပါပဲဗျာ ” ဟု လှိုင်၏ဖခင်မှာလည်း ထပ်တူကျသဘောထားကို တင်ပြပြောဆိုရင်း ……………… ။

+++++++++
**  Andy Brown ၏ In Myanmar, the power of education to build a joint future  ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။
Ref : UNICEF Myanmar

Leave a Reply