7 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
11 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
11 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

(အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

မတ် ၂၅၊ ၂၀၁၆
M-Media
ရာဇာ တင်ဆက်သည်။

library 2

– မွတ်စလင်တွေက အစပြုခဲ့ပြီး ဒီနေ့အထိ ရှင်သန်ကျန်ရစ်နေကာ ကမ္ဘာကို အကျိုးပြုနေတဲ့ အရာတွေထဲမှာ စာကြည့်တိုက်နဲ့ စာအုပ်ဆိုင်တွေလည်း ပါဝင်ပါတယ်။

အဘ္ဘာစစ်မင်းဆက် (၇၅၀-၁၂၅၈) က ခလီဖာ အလ်-မာမွန် (A-Mamun) ဟာ ဂရိစာပေတွေကို အာရဘီဘာသာစကားနဲ့ ပြန်ဆိုပေးတဲ့ ဘာသာပြန်တွေကို စာအုပ်ရဲ့အလေးချိန်အတိုင်း ရွှေတုံးတွေ ဆုချတယ်ဆိုတဲ့ ပြောစမှတ် ရှိခဲ့ပါတယ်။ ဒီလို ချီးမြှင့်မြှောက်စားမှုကြောင့် မွတ်စလင်ကမ္ဘာမှာ ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီး နောက်မျိုးဆက်တွေက မွတ်စလင်တွေရော၊ မွတ်စလင်မဟုတ်သူတွေရဲ့ စိတ်ဝင်စားမှု၊ လေးစားမှုကို ရရှိခဲ့ပါတယ်။ အဘ္ဘာစစ်မင်းဆက်တွေ လက်ထက်မှာ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပြီး စာဖတ်သူတွေကို ထောင်သောင်းချီတဲ့ စာအုပ်တွေနဲ့ ထိတွေ့စေခဲ့ပါတယ်။ အဲဒီ စာကြည့်တိုက်တွေထဲမှာ ပုဂ္ဂလိကပိုင်တွေလည်း တော်တော်များများ ပါဝင်ပါတယ်။

၇ ရာစုမှာ အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်လာချိန် သိပ္ပံဆိုင်ရာ စာအုပ်စာပေတွေဟာ ရှေ့တန်း မရောက်သေးပါဘူး။ အဲဒီအချိန်တုန်းက တမန်တော်မုဟမ္မဒ်သခင်ထံ အာယသ်တော် (ပါဒတော်) တွေအဖြစ် ချပေးခြင်းခံရတဲ့ ကုရ်အာန်ကျမ်းတော်မြတ် တစ်ခုတည်းသာ ရှိပါသေးတယ်။ အဲဒီကျမ်းကို မုဟမ္မဒ်သခင်ထံပါးမှာရှိနေတဲ့ သာဝကကြီးတွေက ချက်ခြင်း အလွတ်ကျက်မှတ်ကြပြီး၊ ကျမ်းပြုသူတွေကတော့ သက်ရွက်၊ ပိတ်စ၊ တိရစ္ဆာန်အရိုး၊ ကျောက်တုံး စသဖြင့် ရရှိတဲ့ ပစ္စည်းတွေပေါ်မှာ ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။ အစောဆုံး ကုရ်အာန်ကျမ်းတော်မြတ် အပြည့်အစုံ တစ်အုပ်လုံးကို ဒုတိယခလီဖာ အိုမာရ် (Omar) ရဲ့ သမီး ဟက်ဖ်ဆာဟ် (Hasfsah) က ထိန်သိမ်းထားခဲ့ပါတယ်။ ကျမ်းတော်မြတ်ကို ဆူရာလို့ခေါ်တဲ့ ကဏ္ဍအလိုက် စီစဉ်ထားပြီး၊ အဲဒီ ကဏ္ဍအထားအသိုကို မုဟမ္မဒ်သခင် ကိုယ်တော်တိုင် စစ်ဆေး၊ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျမ်းတော်မြတ်ရဲ့ မိတ္တူပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပေမယ့် အဲဒီမိတ္တူတွေကို ပိုင်ဆိုင်သူတွေက အောက်ခြေတွေမှာ ပါဒတော်တွေရဲ့ ရှင်းလင်းချက်တွေကို ရေးသားထားလေ့ ရှိကြပါတယ်။

အဲဒီမိတ္တူတွေကို စုစည်းပြီး ထပ်တိုးမှတ်ချက်တွေမပါဘဲ စံမိတ္တူမှန်အဖြစ် ပေါင်းစည်းခဲ့ကြပြီး ဟက်ဖ်ဆာဟ် သခင်မထံမှာ ရှိခဲ့တဲ့ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ကြပါတယ်။ တတိယမြောက် ခလီဖာဟ် အွတ်စ်မန်း အစ်ဗနေ့ အက်ဖန်း (Uthman ibn Affan) လက်ထက်မှာ ဒီ မိတ္တူမှန်ကို အစ္စလာမ့်အင်ပါယာတစ်ဝှမ်း ဖြန့်ချီခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်းနဲ့ ရေးသားခြင်းပုံစံကိုလည်း တစ်ပုံစံတည်းသာ ထားရှိခဲ့ပါတယ်။ ဒီလိုပြုလုပ်လိုက်တာကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ဟာ အလွယ်တကူပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော် ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် အွတ်စ်မန်းသခင် လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတွေကို ဒီနေ့ ကမ္ဘာတစ်ဝှမ်းက အဓိကစာကြည့်တိုက်ကြီးတွေမှာ တွေ့မြင်နိုင်မှာဖြစ်ပြီး ဒီနေ့ခေတ် ဖတ်ရွတ်လေ့လာနေကြတဲ့ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူတွေဟာ အဲဒီ ၇ ရာစုက မူရမ်းကျမ်းနဲ့ တစ်သွေမသိမ်း တူညီနေတယ်ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်ကို မွတ်စလင်တွေရဲ့ မြတ်နိုးတွယ်တာမှုက အခြားသော စာအုပ်စာပေတွေကို စုဆောင်းမှု၊ စာကြည့်တိုက်ကြီးတွေ တည်ဆောက်မှုအထိ ဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်က မွတ်စလင်ကမ္ဘာမှာရှိတဲ့ မြို့ကြီးတွေက ဗလီဝတ်ကျောင်းတော်တွေမှာ အများပြည်သူသုံး စာကြည့်တိုက်တွေ၊ ပညာရပ်ဆိုင်ရာ သီးသန့်စာကြည့်တိုက်တွေ တော်တော်များများ ရှိခဲ့ပြီး၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရှားပါး စာအုပ်စာတမ်းတွေကို စုဆောင်းသိမ်းဆည်းမှုတွေကလည်း မွတ်စလင်ကမ္ဘာက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို စုဆောင်းသိမ်းဆည်းထားတဲ့ စာအုပ်တွေ၊ လက်ရေးမူတွေဟာ အရွယ်အစားမျိုးစုံ ရှိပြီး၊ စာရွက်အကောင်းစားနဲ့ စာမျက်နှာနှစ်ဖက်စလုံးရေးကာ လယ်သာအဖုံးနဲ့ချုပ်ထားတဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။

အလယ်ခေတ် မွတ်စလင်ကမ္ဘာမှာ ဗလီဝတ်ကျောင်းတော်တွေဟာ အသိပညာဖြန့်ဝေရာနေရာတွေ ဖြစ်ခဲ့ပြီး စာကြည့်တိုက်မရှိတဲ့ ဗလီဆိုတာ မရှိသလောက် ရှားပါးပါတယ်။ ၁၂၅၈ ခုနှစ် မွန်ဂိုတွေ သိမ်းပိုက်မဖျက်ဆီးခင် ဘဂ္ဂဒတ်မြို့မှာ စာကြည့်တိုက်ပေါင်း ၃၆ ခုရှိပြီး စာအုပ်ဆိုင်ပေါင်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီစာအုပ်ဆိုင်တွေထဲကအချို့ဟာ စာကူးသူအဖွဲ့တွေကို အလုပ်ခန့်ထားတဲ့ စာအုပ်ထုတ်ဝေရေး ဌာနတွေလည်း ဖြစ်ခဲ့ပါတယ်။ ကိုင်ရို၊ အဲလစ်ပို (ဆီးရီးယားတွင်ရှိသည်) နဲ့ အီရန်၊ အလယ်အာရှနဲ့ မက်ဆိုပိုတေးမီးယားဒေသတွေက အဓိကမြို့တွေမှာလည်း ဒီလို စာကြည့်တိုက်ကြီးတွေ ရှိခဲ့ကြပါတယ်။

ဗလီဝတ်ကျောင်းတော်အခြေပြု စာကြည့်တိုက်ကို ဒါရ် အလ်-ကူသွဘ် (dar al-kutub) လို့ ခေါ်တွင်ပြီး ‘စာပေရိပ်မြုံ’ လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ ဒါရ် အလ်-ကူသွဘ်တွေမှာ ကျမ်းပြုသူတွေ၊ ပညာရှင်တွေဟာ သူတို့ရဲ့ ရှာဖွေလေ့လာမှုတွေကို လူကြီး၊ လူငယ်၊ ပညာရှင်၊ စိတ်ဝင်စားတဲ့ အရပ်သားတွေ ပါဝင်တဲ့ ပရိတ်သတ်ကြီးကို နှုတ်တိုက်ချပေးလေ့ ရှိပါတယ်။ ပြီးတဲ့အခါ အပြန်အလှန် ဆွေးနွေးမှုတွေလည်း ပြုလုပ်ကြပြီး အဲဒီဆွေးနွေးမှုတွေမှာ လူတိုင်း ပါဝင်နိုင်ကြပါတယ်။ ၀ါရက် (Warraq) လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ် ကျမ်းကူးရေးသူတွေဟာ အဲဒီ နှုတ်တိုက်ချပေးမှုတွေ၊ ဆွေးနွေးမှုတွေကို ရေးသားမှတ်တမ်းတင်ကာ စာအုပ်တွေအဖြစ် ဖန်တီးခဲ့ကြပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေဖို့ တာဝန်ပေးခြင်းခံရတဲ့အခါမှာလည်း သူတို့တွေဟာ ဒီလိုနည်းလမ်းနဲ့ပဲ ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက အဲလစ်ပိုမြို့ဟာ ဆေဖီယာ (Sayfiya) လို့ခေါ်တဲ့ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်အခြေပြု စာကြည့်တိုက်ရှိရာနေရာ ဖြစ်ပါတယ်။ အဲဒီ စာကြည့်တိုက်ကြီးဟာ အူမိုင်ယာ ဗလီဝတ်ကျောင်းတော်ကြီး (Umayad Mosque) မှာ တည်ရှိတာဖြစ်ပြီး စာအုပ်စာတမ်းပေါင်း တစ်သောင်းလောက် ရှိခဲ့ပါတယ်။ အဲဒီ စာအုပ်တွေကို အဲလစ်ပိုမြို့အုပ်ချုပ်သူ မင်းသား ဆယက်ဖ် အလ်-ဒေါင်လာ (Sayf al-Dawla) က ချန်ရစ်ခဲ့တာလို့လည်း ပြောကြားမှုတွေ ရှိပါတယ်။

zaytuna

တူနီးရှားနိုင်ငံ တူနစ်မြို့တွင် ၇၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ဗလီဝတ်ကျောင်းတော်အခြေပြု ဇေတူနာ ကောလိပ်။ ၁၃ ရာစုတွင် အဆိုပါ ကောလိပ်၏ စာကြည့်တိုက်၌ စာအုပ်အတွဲပေါင်း ၁ သိန်းကျော် ရှိခဲ့သည်။

ဆေဖီယာ စာကြည့်တိုက်ဟာ သက်တမ်းအရင့်ဆုံး၊ အကြီးမားဆုံး စာကြည့်တိုက်ကြီးဖြစ်ပေမယ့် တူနီးရှားနိုင်ငံ တူနစ်မြို့ (Tunis) က ဇေတူနာ ဗလီဝတ်ကျောင်းတော် (Zaytuna) အခြေပြု ကောလိပ်ကြီးကတော့ စာအုပ်စာပေ ပေါကြွယ်ဝဆုံး နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကောလိပ်က စာကြည့်တိုက်မှာ စာအုပ်စာတမ်းပေါင်း သောင်ပေါင်းများစွာ ရှိခဲ့ပြီး ဟက်ဖ်ဆစ်ဒ်မင်းဆက် (Hafsid) က အုပ်စိုးသူတွေဟာ ဒီကောလိပ်မှာရှိတဲ့ စာကြည့်တိုက်ကို ထိန်းသိမ်းတာ၊ ပြည့်စုံအောင်ပြုလုပ်တာတို့ကနေ တစ်ဆင့် သူတို့ရဲ့ သြဇာတိက္ကမ ကြီးမားမှုကို ပြိုင်ဆိုင်ကြတယ်လို့ ပြောစမှတ်လည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဇေတူနာကောလိပ်ကြီးမှာ စာအုပ်စာတမ်းပေါင်း တစ်သိန်းကျော်ရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အလ်-ဂျာဟစ်ဇ် (Al-Jahiz) လို့ခေါ်တဲ့ ၈ ရာစု မွတ်စလင်အတွေးအခေါ်ပညာရှင်နဲ့ စာပေပညာရှင်ကြီးဟာ ဘဂ္ဂဒတ်မြို့မှာ နှစ်ပေါင်း ၅၀ ကျော်လောက် ပညာဆည်းပူးခဲ့ပြီး စာအုပ်ပေါင်း ၂၀၀ လောက် ရေးသားခဲ့ကာ နောက်ပိုင်းမှာ ဘာဆရာမြို့ကို ပြန်လာခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ၇ တွဲရှိတဲ့ Book of Animals (သတ္တ၀ါများဆိုင်ရာကျမ်း) လည်း ပါဝင်ခဲ့ပါတယ်။ ဒီကျမ်းမှာ ပုရွက်ဆိတ်တွေရဲ့ ဖွဲ့စည်းနေထိုင်ပုံဆိုင်ရာ တွေ့ရှိချက်တွေ၊ တိရစ္ဆာန်တွေအကြား ဆက်သွယ်ပြောဆိုမှုတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်မှုနဲ့ ပတ်ဝန်းကျင်အခြေအနေတွေရဲ့ အကျိုးသက်ရောက်မှုဆိုင်ရာ တွေ့ရှိချက်တွေကို ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး အလ်-ဂျာဟစ်ဇ် ရေးသားခဲ့တဲ့ စာအုပ်တွေမှာ The Art of Keeping One’s Mouth Shut (ဆိတ်ဆိတ်နေခြင်း၏ အနုပညာ)၊ Against Civil Servants (အုပ်ချုပ်သူများနှင့် ဆက်ဆံခြင်း) စတဲ့ စာအုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အသက် ၉၂ နှစ်အရွယ် သက္ကရာဇ် ၈၆၈ ခုနှစ် သူ့ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စာအုပ်ပုံပြုတ်ကျစဉ် ကွယ်လွန်သွားခဲ့တယ်လို့ ပြောကြားမှုတွေရှိခဲ့ပြီး၊ အခြား မှတ်တမ်းတစ်ခုမှာတော့ ဒီအတိုင်း နာမကျန်းဖြစ်ရင်း ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

စာအုပ်ချစ်သူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ သူစုဆောင်းထားတဲ့ စာအုပ်တွေကို အားလုံး ဖတ်ရှုလေ့လာနိုင်ဖို့ ဗလီဝတ်ကျောင်းတော်က စာကြည့်တိုက်တွေမှာ လှူဒါန်းတာဟာ အဲဒီခေတ်အခါရဲ့ ရိုးရာဓလေ့ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံမှာ စာအုပ်ပေါင်း သောင်းနဲ့ချီ ပါဝင်ပါတယ်။ သမိုင်းပညာရှင် အလ်-ဂျာဘူရီ (Al-Jaburi) က ချမ်းသာကြွယ်ဝတဲ့ တူရကီနွယ်ဖွား မုဆိုးမ နိုင်လာ ခါတွန် (Nayla Khatun) ဟာ သူ့ရဲ့ ကွယ်လွန်သွားတဲ့ ခင်ပွန်း မူရဒ် အီဖန်ဒီ (Murad Efandi) ကို ရည်စူးပြီး ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ခဲ့ကာ အဲဒီဗလီဝတ်ကျောင်းတော်မှာ စာသင်ကျောင်းတစ်ခုနဲ့ စာကြည့်တိုက်တစ်ခုတို့ ပါဝင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်မှာ စာအုပ်စာပေတွေ များပြားလာခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ လှည့်လည်သွားလာနေတဲ့ ပညာရှင်တွေကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ လာရောက်တည်းခိုကြတဲ့အခါ ဗလီဝတ်ကျောင်းတော်တွေက နေရာထိုင်ခင်းပေးတာ၊ ကျွေးမွေးတာတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေ၊ တွေ့ချက်တွေကို အဲဒီဗလီဝတ်ကျောင်းတော်တွေမှာ ထားရှိခဲ့ကြပါတယ်။

မွတ်စလင်ကမ္ဘာက စာကြည့်တိုက်ကြီးတွေဟာ ခမ်းနားထည်ဝါတဲ့ အဆောက်အဦးတွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၀ ရာစု အီရန်နိုင်ငံ ရှီရက်ဇ် (Shiraz) မြို့က စာကြည့်တိုက်တွေဟာဆိုရင် ဥယျာဉ်တွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေနဲ့ ၀န်းရံနေပြီး အင်မတန် သာယာလှပတယ်လို့ အလယ်ခေတ် သမိုင်းညာရှင် အလ်-မူကက်ဒါဆီ (Al-Muqaddasi) က ရေးသားခဲ့ပါတယ်။

“အမိုးခုံးတွေထည့်သွင်းထားပြီး၊ အပေါ်ထပ်အောက်ထပ်ရှိတဲ့ အဲဒီ စာကြည့်တိုက်တွေမှာ အခန်းပေါင်း ၃၆၀ လောက်ရှိပြီး ပညာရပ်ဆိုင်ရာဌာန တစ်ချင်းစီမှာလည်း စင်တွေပေါ်မှာ စာအုပ်အမည်စာရင်း စာအုပ်တွေကို ထားရှိပေးထားပါတယ်။ အခန်းတိုင်းမှာလည်း ကော်ဇောကြီးတွေ ခင်းထားပါတယ်”

ရှီရက်ဇ်၊ ကော်ဒိုဘာနဲ့ ကိုင်ရိုတို့မှာရှိ အဲဒီစာကြည့်တိုက်ကြီးတွေဟာ ဗလီဝတ်ကျောင်းတော်တွေနဲ့ သီးခြားစီ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိကြပြီး ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုတဲ့ အခန်းတွေ၊ စာအုပ်စင်ကြီးတွေ၊ စာဖတ်ခန်းတွေ၊ လက်ရေးမူကူးရေးတဲ့အခန်းတွေ၊ ပညာရပ်ဆိုင်ရာ နှီးနှောင်တိုင်ပင်ပွဲ ပြုလုပ်တဲ့အခန်းတွေလည်း အဲဒီစာကြည့်တိုက်ကြီးတွေမှာ ပါဝင်ပါတယ်။ အခန်းတိုင်းမှာ မီးတိုင်ကြီးတွေ လုံလုံလောက်လောက် ထွန်းညှိထားပြီး၊ ကော်ဇောတွေ၊ ဖျာတွေ၊ ကူရှင်တွေနဲ့ သက်တောင့်သက်သာ ရှိကြပါတယ်။

နှစ်ပေါင်းထောင်ကျော်အရင်က အဲဒီစာကြည့်တိုက်တွေဟာ ဒီနေ့ခေတ် စာကြည့်တိုက်တွေလိုမျိုးပဲ စနစ်ကျလှပါတယ်။ အများပြည်သူသုံးစာကြည့်တိုက်နဲ့ သီးသန့်စာကြည့်တိုက်တွေမှာ စာအုပ်အမျိုးအစား သတ်မှတ်မှုစနစ်တွေ ရှိပြီး စာဖတ်သူတွေ အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် စာအုပ်စာရင်း ကက်တလောက်တွေကိုလည်း ဖန်တီးပေးထားပါတယ်။ နောက်ပြီး အဲဒီစာကြည့်တိုက်တွေဟာ သူတို့တွေရဲ့ စာအုပ်ရင်းမြစ်နဲ့ပတ်သက်ပြီး အရည်အသွေးပိုင်းရော၊ အရေအတွက်ပိုင်းမှာပါ မကျဆင်းအောင် ထိန်းသိမ်းထားကြပါတယ်။

သက္ကရာဇ် ၁၀၅၀ ခုနှစ် ကိုင်ရို အလ်-အဇ်ဟာရ်တက္ကသိုလ်က စာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁၂၀၀၀၀ ကျော်လောက်ရှိခဲ့ပြီး ဒီစာအုပ်တွေကို စာရင်းပြုစုထားတဲ့ စာအုပ်ပေါင်းပဲ အတွဲ ၆၀ ရှိကာ စာမျက်နှာ ၃၅၀၀ လောက် ရှိပါတယ်။ စပိန်နိုင်ငံက အလ်-ဟာကမ် (Al-Hakam) စာကြည့်တိုက်မှာဆိုရင်တော့ စာအုပ်စာရင်း ကက်တလောက်ကြီးပဲ ၄၄ တွဲ ရှိပါတယ်။

အဲဒီစာကြည့်တိုက်တွေမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေကိုလည်း အသေအချာ ရွေးချယ်စီစစ်လေ့ရှိပြီး အသိပညာမှာ ကြွယ်ဝနှံ့စပ်ဆုံးသူတွေကိုသာ ခန့်ထားကြပါတယ်။ အသိပညာရှာဖွေရာမှာ အများနဲ့မတူ တစ်မူထူးခြားစွာ ကြိုးပမ်းအားထုတ်သူများကိုသာ ဒီ စာကြည့်တိုက်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ၊ အသိပညာတွေကို ကာကွယ်ပေးသူတွေအဖြစ် မှတ်ယူရွေးချယ်ကြတာ ဖြစ်ပါတယ်။ ၁၂ ရာစုနဲ့ ၁၃ ရာစုကြားကာလ မြောက်အာဖရိကကို အုပ်စိုးတဲ့ အလ်ဟာမွဒ် (Alhamod) မင်းဆက် လက်ထက်မှာတော့ အုပ်စိုးသူတွေဟာ စာကြည့်တိုက်အတွက် ခန့်အပ်မယ့်ရာထူးကို ဂုဏ်သိန်ကြီးမားတဲ့ ရာထူးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အလယ်ခေတ်မွတ်စလင်ကမ္ဘာက စာကြည့်တိုက်ကြီးတွေဟာ အသိပညာသိုက်ကြီးတွေ ဖြစ်ကြပါတယ်။ ၁၉ ရာစု အမေရိကန်စာရေးဆရာ ရာ့လ်ဖ် ၀ါလ်ဒို အီမာဆန် (Ralph Waldo Emerson) က ဒီ စာကြည့်တိုက်ကြီးတွေရဲ့ အကျိုးကျေးဇူးတွေကို တခုတ်တရ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

မွတ်စလင်တွေရဲ့ စာအုပ်ဆိုင်တွေဟာလည်း အသိပညာတွေကို ဖြန့်ဖြူးရာနေရာတွေ ဖြစ်ပါတယ်။ ၁၀ ရာစု စာအုပ်ချစ်သူနဲ့ စာအုပ်ဆိုင်ပိုင်ရှင် အစ်ဗနေ့ အလ်-နဒင်းမ် (Ibn Al-Nadim) ရဲ့ စာအုပ်ဆိုင်ကြီးကတော့ သမိုင်းမှာ အထင်ကရရှိတဲ့ စာအုပ်ဆိုင်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်ထပ်အဆောက်အဦးဖြစ်တဲ့ အဲဒီစာအုပ်ဆိုင်ကြီးရဲ့အပေါ်ထပ်မှာ စာအုပ်ဝယ်သူတွေက လက်ရေးမူတွေကို ဆန်းစစ်တာမျိုး၊ စကားစမြည်ပြောဆိုတာမျိုး၊ ကိုယ့်ရဲ့အယူအဆတွေကို မျှဝေတာမျိုးတွေ လုပ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်ကမ္ဘာမှာ စာအုပ်ဆိုင်တွေဟာ ရာပေါင်းများစွာသော စာအုပ်စာတမ်းတွေကို ရောင်းချရာနေရာဖြစ်သလို၊ အများပြည်သူသုံး စာကြည့်တိုက်ကြီးတွေ၊ သီးသန့်စာကြည့်တိုက်ကြီးတွေရှိရာ နေရာတွေလည်း ဖြစ်ခဲ့ပါတယ်။

အာရဘီလို စာရွက်ကို ခေါ်တဲ့ ၀ါရက် (Waraq) ဆိုတဲ့ စကားလုံးကနေ အသက်မွေးဝမ်းကြောင်း စကားလုံး ဖြစ်တဲ့ ၀ါရ်ရက် (Warraq) ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ၀ါရ်ရက် စကားလုံးကို စာအုပ် လက်လီလက်ကား ရောင်းသူတွေ၊ စာရေးဆရာတွေ၊ ဘာသာပြန်တွေ၊ ပုံနှိပ်သူတွေ၊ ကျမ်းပြုသူတွေကို ရည်ညွှန်းပြီး သုံးနှုန်းကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီစကားလုံးဟာ ၀ါရ်ရာကွင်း (Warraqueen) လို့ ထပ်မံပြောင်းလဲသွားခဲ့ပြီး တရုတ်နိုင်ငံက စက္ကူလုပ်နည်း မွတ်စလင်ကမ္ဘာကို စတင် ရောက်ရှိလာပြီးနောက်ပိုင်းမှာ သိပ်မကြာခင်မှာ ပြောင်းလဲသွားတယ်လို့ ယုံကြည်ရပါတယ်။ ၀ါရ်ရာကွင်းလို့ခေါ်တဲ့ စက္ကူထုတ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းတွေ လုပ်တဲ့သူကိုတော့ ၀ါရ်ရာကီ (Warraqi) လို့ခေါ်ပြီး အစ္စလာမ်ကမ္ဘာရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ အီရတ်မြို့ဟာ ၀ါရ်ရာကီတွေရဲ့ စာအုပ်ဆိုင်တွေ ပထမဆုံး ပေါ်ထွက်လာခဲ့ရာ မြို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ စာအုပ်ချုပ်လုပ်မှု ပြန့်နှံ့လာတာနဲ့အတူ စာအုပ်ဆိုင်တွေကလည်း မွတ်စလင်ကမ္ဘာမှာ အံ့မခန်း မြင့်တက်လာခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံမှာတော့ စာအုပ်ချုပ်သူတွေနဲ့ စာအုပ်ကုန်သည်တွေကို ကူသူဘီယွန် (Kutubiyun) လို့ ခေါ်ဆိုပြီး ၁၂ ရာစုက မာရာကက်ခ်ျ (Marrakech) ဒေသမှာ သူတို့တွေဟာ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေ၊ ကျမ်းကူးလုပ်ငန်း၊ ကျမ်းပြုလုပ်ငန်းတွေကို ဖွင့်လှစ်တည်ထောင်ခဲ့ကြပါတယ်။ မာရာကက်ခ်ျဒေသက လမ်းတစ်ခုမှာဆိုရင် လက်တစ်ဖက်တစ်ချက်မှာ စာအုပ်ဆိုင်နဲ့ စာကြည့်တိုက်ပေါင်း ၅၀ စီ၊ စုစုပေါင်း ၁၀၀ လောက် ရှိခဲ့တဲ့အထိ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေဟာ မှိုလိုပေါက်ခဲ့ပါတယ်။ အဲဒီလိုအခြေအနေမျိုးဟာ အုပ်စိုးသူ ယာကွဘ် အလ်-မန်ဆူရ် (Yaqub al-Mansur) လက်ထက်မှာ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတော့တယ်။ ဒါတင်မကသေးဘဲ ဘုရင်မန်ဆူရ်ဟာ ပုံနှိပ်လုပ်ငန်းနဲ့ စာဖတ်အလေ့အကျင့်ကို ပိုမိုကျယ်ပြန့်လာအောင်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

အူမိုင်ယာ စာကြည့်တိုက်

စပိန်နိုင်ငံကို အူမိုင်ယာမင်းဆက်တွေ အုပ်စိုးတဲ့အချိန်မှာ ကော်ဒိုဘာက စာကြည့်တိုက်ကြီးဟာ စာအုပ်အတွဲပေါင်း ၆ သိန်းလောက်ရှိရာ ဧရာမစာကြည့်တိုက်ကြီး ဖြစ်ခဲ့ပါတယ်။ ဒါဟာ သက္ကရာဇ် ၉၆၁ ခုနှစ်ကနေ ၉၇၈ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အလ်-ဟာကမ် ၂ (Al-Hakam II) အတွက် စာအုပ်စာတမ်းတွေ စုဆောင်းပေးရာကနေ ကြီးထွားလာတာဖြစ်ပြီး အလ်-ဟာကမ်က သူ့ရဲ့ ထီးနန်းထက် ဒီစာအုပ်စာပေတွေကိုသာ သံယောဇဉ်ပိုရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

၁၃ ရာစုနှစ်က ရေးသားခဲ့သည့် မာကွာမတ် ဟာရီရီ (Maqamat Hariri) စာအုပ်တွင် ဘဂ္ဂဒတ်မြို့ရှိ အများပြည်သူသုံး စာကြည့်တိုက်မှ ပုံရပ်တစ်ခုကို ပုံဖော်ထားမှု

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Leave a Reply