7 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
11 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
11 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
ဇွန် ၂၉၊ ၂၀၁၆
M-Media
kufic

Kufic လက်ရေးဒီဇိုင်းတစ်ခု

– လက်ရေးလှအတတ်ပညာအကြောင်းပြောမယ်ဆိုရင် အီဂျစ်လူမျိုးတွေရဲ့ အရုပ်စာရေးနည်း၊ တရုတ်နဲ့ ဂျပန်တို့ရဲ့ စာရေးနည်းတွေလို လှပခန့်ငြား ဆွဲဆောင်မှုရှိတဲ့ လက်ရေးလှအတတ်တွေကို မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာမှ အာရဘီလက်ရေးလှအတတ်ဟာ သီးခြားပေါ်ထွက်လာခဲ့ပြီး အားလုံးထက် အရှေ့ကိုရောက်ခဲ့ပါတယ်။ အာရဘီလက်ရေးလှရေးသားနည်းဟာ ၇ ရာစု အစ္စလာမ်သာသနာ မပေါ်ပေါက်ခင်ကတည်းက ရှိနေတာဖြစ်ပေမယ့် အစ္စလာမ်ဘာသာ ပြန့်နှံပြီးနောက်ပိုင်းမှ တစ်ဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလက်ရေးလှအတတ်ပညာကို မွတ်စလင်တွေက အနုပညာပုံစံနဲ့ အသုံးချခဲ့ကြပြီး တစ်ခါတစ်ရံမှာ ဂျီသြမေတြီပုံသဏ္ဍာန်တွေ၊ သဘာဝတရားရဲ့ ပုံရိပ်တွေနဲ့ ပေါင်းစပ်ကာ ရှုမငြီးဖွယ် အနုပညာလက်ရာတွေကို ဖန်တီးထုဆစ်ခဲ့ကြပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်တာ၊ ရေးသားတာတွေဟာ ကုသိုလ်အကျိုးများစွာ ရရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း မွတ်စလင်တွေအနေနဲ့ အာရဘီလက်ရေးလှအတတ်ပညာကို ၀တ်ပြုဆုတောင်းမှု ပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကလောင်တံဟာ အသိပညာရဲ့ အမှတ်အသားအဖြစ် ကုရ်အာန်ရဲ့ သွန်သင်မှုနဲ့အတူ လက်ရေးလှအတတ်ပညာဟာလည်း ဘုရားသခင်ကို သတိရတသမှုမှာ အနုပညာတစ်ရပ်လို ဖြစ်ခဲ့ပါတယ်။

အာရဘီစာသားတွေကို အနုပညာမြောက်အောက် ရေးသားမှုအတွက် အထက်ဖော်ပြခဲ့တဲ့ ဘာသာရေးဆိုင်ရာ တွန်းအားအပြင် ဒီအနုပညာဖန်တီးမှုတွေကို လူကြိုက်များ၊ ပြန့်နှံ့စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်လည်း ရှိပါသေးတယ်။ ဒါကတော့ ကုရ်အာန်ကျမ်းတော်မြတ်က၊ တစ်ချို့ စကားလုံးတွေ၊ အမည်နာမတွေနဲ့ စာကြောင်းတွေဟာ အဖျက်သဘောဆောင်ပြီး မမြင်နိုင်တဲ့ စွမ်းအားတွေကို တွန်းလှန်ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။

အာရဘီလက်ရေးလှ အတတ်ပညာဟာ ရှေးဟောင်း ဆီးမိုက်ဘာသာစကား မိသားစုတွေထဲမှာ ပါဝင်ပြီး၊ ဒါနဲ့ပတ်သက်တဲ့ လက်ရေးမူပုံစံကွဲများစွာ ရှိနေပါတယ်။ အဲဒီအထဲကမှ အကျော်ကြားဆုံးကတော့ ကူဖစ် (Kufic) နဲ့ နက်စ်ခ် (Naskh) လက်ရေးမူတွေပဲ ဖြစ်ပါတယ်။

‘ကူဖစ်’ လက်ရေးမူဟာ အီရတ်နိုင်ငံ ကူဖာမြို့က ထွန်းကားလာတာဖြစ်ပြီး စာလုံးပုံစံက ထောင့်ချွန်စာလုံးမျိုး ဖြစ်ပါတယ်။ ဒီလက်ရေးမူပုံစံကို ကူဖာ လက်ရေးလှသင်တန်းကျောင်းက ကျမ်းရေးသူတွေ ကုရ်အာန်ကျမ်းတော်မြတ်ကို ကူးရေးရာမှာ အသုံးပြုခဲ့ပါတယ်။

‘နက်စ်ခ်’ လက်ရေးပုံစံကတော့ ‘ကူဖစ်’ ထက် ပိုရှေးကျပါတယ်။ ဗျည်းတစ်လုံးနဲ့တစ်လုံး ဆက်ကာ လုံးဝန်းမှုကိုအခြေပြုတဲ့ အဲဒီလက်ရေးပုံစံဟာ ယနေ့ခေတ် အာရဘီလက်ရေး၊ ပုံနှိပ်စာလုံးတွေနဲ့ ဆင်တူပါတယ်။ အဲဒီပုံစံဟာ လက်ရေးသား ၀ိုင်းစက်ပြီး ဗျည်းတစ်ခုနဲ့တစ်ခု သပ်သပ်ရပ်နဲ့ ဆက်ထားတဲ့ လက်ရေးဆက်ပုံစံမျိုး ဖြစ်ပါတယ်။ ၁၀ ရာစုအစပိုင်းလောက်မှာ နာမည်ကြီး လက်ရေးလှပညာရှင် အဘူ အလီ အစ်ဗနေ့ မူက်လာ (Abu-Ali ibn Muqla) ဟာ ဂျီသြမေတြီစည်းကမ်းတွေကို အခြေခံကာ လက်ရေးပုံစံတွေကို အုပ်စုခွဲခဲ့ပြီး စားလုံး အတိုင်းအတာ၊ စာလုံးတွေကြားက ဟန်ချက်ညီမှုတွေကို ဖော်ထုတ်သတ်မှတ်ခဲ့ပါတယ်။ ပြီးတော့ သူဟာ အလ်-အက်လမ် အလ်-ဆစ်သာ (al-aqlam al-sitta) လို့ခေါ်တဲ့ လက်ရေးဆက်ရေးနည်း ၆ မျိုးကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ နက်စ်ခ် လက်ရေးမူဟာ အော်တိုမန်တွေ တီထွင်ဖန်တီးခဲ့တဲ့ ကူဖစ်လက်ရေးမူတွေထက် ပိုပြီး ထင်ရှား လူကြိုက်များပါတယ်။

စာရေးစက္ကူ မပေါ်ခင်က ကုရ်အာန်ကျမ်းတော်မြတ်ကို ကူးရေးဖို့၊ ကျမ်းတွေပြုစုဖို့၊ စာပေးစာယူ လုပ်ဖို့အတွက် သားရေ ပုရပိုက်တွေ၊ ကျူရွက်တွေကို အသုံးပြုခဲ့ရပါတယ်။ သားရေပုရပိုက်တွေက ရေရှည်ခံတယ်၊ ပြောင်ချောတယ်၊ သယ်ရပြုရလွယ်ပါတယ်။ ဒါပေမယ့် တစ်ဖက်သာ အသုံးပြုလို့ရပါတယ်။ ကျူရွက်တွေကတော့ ကျွတ်ဆတ်ပြီး၊ ပြင်လို့ ဖျက်လို့မလွယ်တဲ့အတွက် အထူးသဖြင့် အစိုးရမှတ်တမ်းတွေအတွက် ပိုပြီး အသုံးဝင်ပါတယ်။ ဒီပစ္စည်း ၂ ခုစလုံးဟာ ဈေးကြီးတာကြောင့် တရုတ်လူမျိုးတွေဆီကနေ ၀ါးပေါ်မှာ စာရေးတဲ့ အတတ်ပညာကို သင်ယူလေ့လာပြီးနောက်ပိုင်း ၈ ရာစုနှောင်းပိုင်းမှာ မွတ်စလင်တွေဟာ စက္ကူအမြောက်အများထုတ်လုပ်ကာ သားရေပုရပိုက်နဲ့ ကျူရွက်တွေနေရာမှာ အစားထိုး သုံးစွဲလာခဲ့ကြပါတယ်။

ဥရောပကို အာရဘီ လက်ရေးလက်သားအတတ်ပညာ ရောက်ရှိလာတာက ကုန်သွယ်မှု၊ ဥရောပ တော်ဝင်မိသားစုနဲ့ မွတ်စလင်ကမ္ဘာက တော်ဝင်မိသားစုတွေအကြား လက်ဆောင်တွေ လဲလှယ်မှု စတာတွေကနေတစ်ဆင့် ဖြစ်ပါတယ်။ ဥရောပသားတွေဟာ ပထမတော့ မွတ်စလင်တွေ ဘာရေးလဲဆိုတာကို မသိဘဲနဲ့ အာရဘီ လက်ရေးလှအတတ်ပညာတွေကို အတုခိုးခဲ့ကြတာပါ။ သက္ကရာဇ် ၈၇၉ ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တည်ဆောက်ခဲ့တဲ့ အစ်ဗနေ့ တူလန် (Ibn Tulun) ဗလီဝတ်ကျောင်းတော်က ကူဖစ်လက်ရာနဲ့ အလှဆင်ထားမှုဟာ ပြင်သစ်မှာ ဂေါ့သစ်အနုပညာ (Gothic Art) အဖြစ် ပထမဆုံး ပြန်လည်ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းမှာ ဥရောပတစ်ခွင်ကို ပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။

Le Puy

မွတ်စလင်လက်ရေးလှအနုပညာများ ပါဝင်သည့် ပြင်သစ်ရှ Le Puy ကက်သလစ် ဘုရားကျောင်း

ပြင်သစ်နိုင်ငံက သမိုင်းဝင် Le Puy ကက်သလစ်ဘုရားကျောင်းက ဘုရားဝတ်ပြုဆောင်မှာ တပ်ဆင်ထားပြီး နာမည်ကျော် ပန်းပုပညာရှင် ဂန် ဖရီဒက်စ် (Gan Fredus) ထွင်းထုထားတဲ့ အခုံးသဏ္ဍာန် သစ်သားတံခါးကြီးတွေ၊ အဲဒီ အနီးအနားမှာတည်ရှိတဲ့ Vaute Chillac ဘုရားကျောင်းက အခြားသော သစ်သားတံခါးလက်ရာတွေဟာ အစ်ဗနေ့ တူလန် ဗလီဝတ်ကျောင်းတော်က လက်ရာတွေရဲ့ လွှမ်းမိုးမှုပါဝင်ခဲ့တဲ့ ပန်းပုလက်ရာတွေ ဖြစ်ပါတယ်။ ကိုင်ရိုမြို့ကိုရောက်ရှိခဲ့တဲ့ အီတလီနိုင်ငံ အေမာလ်ဖီမြို့ (Amalfi) က ကုန်သည်တွေဟာ ဒီ အာရဘီလက်ရေးလှအတတ်ပညာ ဥရောပကိုရောက်ရှိပြန့်နှံ့မှုမှာ အဓိကကျသူတွေဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီခေတ်ကာလက ဒီကုန်သည်တွေဟာ ကိုင်ရိုက ဖာတီမိုက်ဘုရင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိလို့ ဖြစ်ပါတယ်။

ဖရော်ဖက်ဆာ သောမတ်စ် အာနိုး (Thomas Arnold) ရေးသားခဲ့တဲ့ Legacy of Islam (အစ္စလာမ့်အမွေအနှစ်ကျမ်း) စာအုပ်မှာ အိုင်ယာလန်မှာတွေ့ရှိခဲ့တဲ့ ၉ ရာစုလောက်က လက်ဝါးကပ်တိုင်တစ်ခုပေါ်မှာ အာရဘီစကားလုံး ‘ဗစ္စမစ်လာဟ်’ (ဘုရားသခင်၏ နာမတော်ဖြင့် အစပြုပါ၏) ကို ကူဖစ်လက်ရာနဲ့ ထွင်းထုထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အခြားသော အနုပညာပုံစံ – အထူးသဖြင့် ပန်းချီရေးဆွဲမှုမှာ ကူဖစ်လက်ရေးလက်သားအလှအပတွေကို စတိုင်တစ်မျိုးနဲ့ ထည့်သွင်းတာတွေလည်း ရှိခဲ့ပါတယ်။ ဥရောပက ပြည်သူတွေဟာ မွတ်စလင်တွေရဲ့ လက်ရေးလှအတတ်ပညာကို ခုံမင်ခဲ့ကြပြီး ‘ရီနေဆန်းခေတ်’  (Reanissance) အီတလီပန်းချီပညာရှင် ဂျန်တီလီ ဒါ ဖာဘရီယာနို (Gentile da Fabriano) တောင်မှ သူ့ရဲ့ Adoration of the Magi ဆိုတဲ့ ပန်ချီကားက ဇာတ်ကောင်တွေရဲ့ အ၀တ်အစားအနားသတ်တွေကို ဒီလက်ရေးလှဒီဇိုင်းတွေနဲ့ ချယ်သခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ယနေ့ ဖောင်တိန် (pen) လို့ခေါ်တဲ့ အရာတွေမပေါ်ခင်မှာ အာရပ်တွေဟာ ကလမ် (Qalam) ဒါမှမဟုတ် ‘ကျူရိုးဖောင်တိန်’ (reed pen) လို့ခေါ်တဲ့ စာရေးကိရိယာတစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒီ ကျူရိုးဖောင်တိန်ဟာ အာရေဗျပင်လယ်ကွေ့ရဲ့ ကမ်းရိုးတမ်းဒေသတွေက ထွက်ရှိတာဖြစ်ပြီး တစ်ချိန်က အင်မတန် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျူရိုးဖောင်တိန်တစ်ခုရဲ့ ပျမ်းမျှအလျားဟာ ၂၄ စင်တီမီတာကနေ ၃၀ စင်တီမီတာ (၉.၅ လက်မကနေ ၁၁.၈ လက်မ) အထိ ရှိပြီး အချင်းကတော့ ၁ စင်တီမီတာ (၀.၄ လက်မ) ရှိပါတယ်။ အာရဘီလက်ရေးလက်သား တစ်ခုချင်းစီအတွက် သီးသန့်ထောင့်ချိုးထားတဲ့ ကျူရိုးကလောင်တံတစ်ခုစီ လိုအပ်ပါတယ်။

ကလောင်တံမှာသုံးတဲ့ မင်ကလည်း အမျိုးအစားမျိုးစုံ၊ အရောင်အသွေးအစုံရှိပြီး အနက်ရောင်နဲ့ အညိုရင့်ရောင်မင်တွေကတော့ အသုံးအများဆုံးဖြစ်ပါတယ်။ အဲဒီတစ်ရောင်ချင်းစီမှာလည်း ဆေးသားအားကောင်းမှုနဲ့ အပြစ်အကျဲ ကွာခြားမှုတွေ ရှိပါတယ်။ မွတ်စလင် လက်ရေးလှပညာရှင်တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် မင်ရည်တွေကို ဖန်တီးကြပြီး အဲဒီမင်ရည်က ပါဝင်ပစ္စည်းတွေကိုတော့ များသောအားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ ရွှေရောင်နဲ့ ငွေရောင်မင်တွေကိုတော့ စာအုပ်ရဲ့ သားရေအဖုံးတွေ၊ စာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာ၊ ရုပ်ပုံရေးဆွဲမှုနဲ့ မာတိကာရေးသားမှုတွေမှာ အသုံးပြုကြပါတယ်။ အနီ၊ အဖြူနဲ့ အပြာတို့လို့ ကာလာမင်တွေကိုတော့ များသောအားဖြင့် ခေါင်းစဉ်တွေမှာ အသုံးပြုကြပါတယ်။ မင်ရည်ထည့်အိုး၊ အရောင်တင်ကျောက်တုံးနဲ့ မင်အခြောက်ခံဖို့အတွက် သဲတွေကတော့ မွတ်စလင်လက်ရေးလှပညာရှင်တွေအသုံးပြုတဲ့ ထပ်တိုး ကိရိယာတွေဖြစ်ပါတယ်။

ဖောင်တိန်ကို ဘယ်သူထွင်သလဲ

pen

သက္ကရာဇ် ၉၅၃ ခုနှစ်လောက်က အီဂျစ်ကို အုပ်စိုးခဲ့တဲ့ ဘုရင် အလ်-မူအစ်ဇ် (Al-Muizz) ရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ ကွာဒီ အဘူ ဟာနီဖာ အလ်-နူမန် အစ်ဗနေ့ မိုဟာမက် (Qadi abu Hanifah al-Numan ibn Muhammad) ဟာ The Book of Audiences and Concurrence ဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဘုရင်ကြီး အလ်-မူအစ်ဇ်ကိုယ်တိုင် ကြီးကြပ်ကာ ဖောင်တိန် တီထွင်မှုနဲ့ ပတ်သက်ပြီး အခုလို ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ မင်အိုးမလိုဘဲ ဖောင်တိန်ထဲမှာကို မင်ဖြည့်ကာ စာရေးလို့ရတဲ့ ဖောင်တိန်မျိုးကို တီထွင်ဖန်တီးဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ မင်တစ်ခါဖြည့်ထားပြီး ကြိုက်တဲ့အချိန်မှာ အသုံးပြုလို့ရတဲ့ ဖောင်တိန်မျိုးပါ။ စာရေးတဲ့သူဟာ အဲဒီဖောင်တိန်ကို အိတ်ကပ်ထဲ ဒါမှမဟုတ် သူကြိုက်တဲ့နေရာမှာ ထားလို့ရပြီး မင်စွန်းတာမျိုး၊ စိမ့်တာမျိုးလည်း မရှိရဘူး။ စာရေးမယ့်အချိန်မှသာ မင်ထွက်ရမယ့် ဖောင်တိန်ပါ။ ဒီလိုဖောင်တိန်မျိုး တီထွင်နိုင်တဲ့သူမျိုး၊ ဒီဇိုင်းဆွဲပေးနိုင်လောက်အောင် ဉာဏ်ထက်သူမျိုးကို အရင်က မတွေ့ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီဖောင်တိန်အသစ်ရဲ့ အရေးပါမှုနဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်ထားပါတယ်။ ကျွန်တော်က ဘုရင်ကြီးကို ‘ဒီဖောင်တိန်မျိုး တီထွင်နိုင်ပါ့မလား အရှင်’ လို့ ပေးတဲ့အခါ သူက ‘ဘုရားသခင်အလိုတော်နဲ့ တီထွင်နိုင်မှာပါကွာ’ လို့ ပြန်ပြေခဲ့ပါတယ်”

ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲမှာတော့ ရက်အနည်းငယ်ကြာတဲ့အခါ လက်မှုပညာရှင်တစ်ယောက်ဟာ မင်ဖြည့်ပြီးရေးလို့ရတဲ့ ဖောင်တိန်တစ်ချောင်းကို တီထွင်ပြီး ဘုရင်းကြီးထံ ဆက်သခဲ့တယ်လို့ အဘူဟာနီဖာက ထည့်သွင်း ရေးသားခဲ့ပါတယ်။ ခေတ်သစ်ဖောင်တိန် ဒါမှမဟုတ် ဘောပင်တွေရဲ့ အစဖြစ်တဲ့ အဲဒီ ဖောင်တိန်ဟာ ပြောင်းပြန်လှန်တာ၊ လှည့်တာမျိုးပြုလုပ်လို့ရပြီး မင်ယိုဖိတ်ခြင်းမရှိပါဘူး။ ပြီးတော့ စာမရေးတဲ့အချိန်မျိုးမှာလည်း မင်မထွက်လာဘဲ၊ မင်အိုးအသုံးပြုတဲ့ ကာလတုန်းက ဖြစ်ခဲ့တဲ့ လက် ဒါမှမဟုတ် အ၀တ်တွေမှာ မင်စွန်းတာမျိုးလည်း မရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ မင်အိုးမလိုဘဲ ဖောင်တိန်မှာတင် မင်ဖြည့်လို့ရတဲ့ ဖောင်တိန်တီထွင်ရေး ဘုရင်မူအစ်ဇ်ရဲ့ ဆန္ဒလည်း ပြည့်ဝခဲ့ပါတယ်။

ဖော်ထုတ်ဖြည့်စွက် သမိုင်းတစ်ကွက်

hayy

၁၂ ရာစုလောက်မှာ ဒဿန၊ သင်္ချာ၊ ကဗျာလင်္ကာ ပညာရပ်တွေမှာ ပါရမီရင့်သန်ပြီး ထင်ရှားတဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့ မွတ်စလင် ပညာရှင်ကြီးတစ်ဦး စပိန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူ့အမည်ကတော့ အစ်ဗနေ့ တူဖိုင်လ် (Ibn Tufayl) ဖြစ်ပြီး အမည်အပြည့်အစုံကတော့ အဘူ ဘာကာရ် အစ်ဗနေ့ အဘ်ဒလ် -မာလစ် အစ်ဗနေ့ မိုဟာမက် အစ်ဗနေ့ မိုဟာမက် အစ်ဗနေ့ တူဖိုင်လ် အလ်-ကွေစီ (Abu Bakr ibn Abd al-Malik ibn Muhammad ibn Muhammad ibn Tufayl al-Qaysi) ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သူ့ကို အဘူဘာဆာရ် (Abubacer) လို့ သိကြပါတယ်။ အစ်ဗနေ့ တူဖိုင်လ်ဟာ အလ်-အန်ဒါလုစ်ဒေသ (Al-Andalus) က အလ်မိုဟဒ်မင်းဆက် (Almohad) က ဘုရင် ယာကွဘ် ယူဆက်ဖ် (Yaqub Yusef) ရဲ့ နန်းတော်မှာ အကြံပေးရာထူး၊ သမားတော်ချုပ်ရာထူးကို ရရှိခဲ့သူ ဖြစ်ပါတယ်။ အစ်ဗနေ့ တူဖိုင်လ်ကို သူရဲ့ The Story of Hayy ibn Yaqzan (ဟေ အစ်ဗနေ့ ယက်ဇန်၏ ဇာတ်လမ်း) ဆိုတဲ့ စွန့်စားခန်းဝတ္ထုနဲ့ တွဲသိကြပြီး သူရေးခဲ့တဲ့ လက်ရေးမူကို ဒီကနေ့မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြို့က Bodleian စာကြည့်တိုက်မှာ တွေ့မြင်နိုင်ပါတယ်။ ဒီဇာလမ်းဟာ ၁၁ ရာစုက မွတ်စလင် သမားတော်နဲ့ ဒဿနပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ဆီနာ (Ibn Sina) ရေးသားခဲ့တဲ့ Hayy ibn Yaqzan ၀တ္ထုကို အားကျပြီး ရေးသားထားတာ ဖြစ်ပါတယ်။ တောခေါင်ခေါင်ထဲမှာ တစ်ယောက်ထဲကြီးပြင်းလာသူ တစ်ယောက်ရဲ့ စွန့်စားခန်းတွေအကြောင်း စိတ်ဝင်စားဖွယ် ရေးသားထားတဲ့ အစ်ဗနေ့ တူဖိုင်လ်ရဲ့ ဒီဝတ္ထုဟာ နာမည်ကြီး အင်္ဂလိပ်စာရေးဆရာ ဒန်နီယဲလ်ဒီဖိုး (Daniel Defoe) ရေးသားခဲ့တဲ့ နာမည်ကျော် Life and Strange Adventures of Robinson Crusoe (ရော်ဘင်ဆင် ကရူးဆိုး၏ ဘ၀နှင့် ထူးခြားသည့် စွန့်စားခန်းများ) ဆိုတဲ့ စာအုပ်ပေါ်ထွက်လာဖို့အတွက် တွန်အားဖြစ်စေခဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

Hayy ibn Yaqzan ရဲ့ အဓိပ္ပါယ်ကတော့ “နိုးထမှုမှ မွေးဖွားလာသူ – ရှင်သန်မှု” ဖြစ်တာကြောင့် ၀တ္ထုကို “နိုးထမှုမှ မွေးဖွားလာသူ – ရှင်သန်မှု ဇာတ်လမ်း” လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီဝတ္ထုမှာ ကလေးတစ်ဦးဖြစ်တဲ့ ‘ဟေး’ ရဲ့ အသိပညာနုံနဲ့တဲ့ ငယ်ဘ၀ကနေ သူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးမှာရှိတဲ့ အရာတွေကို စူးစမ်းလေ့လာကာ ဗဟုသုတ နှံစပ်ကြွယ်ဝသူတစ်ဦး ဖြစ်လာတာကို ပုံဖော်ထားတာဖြစ်ပါတယ်။

‘ဟေး’ ဟာ ဘုရင့်သမီးတော်တစ်ဦးက လူမသိသူမသိနေရာတစ်ခုမှာ မွေးဖွားသူ ကလေးတစ်ဦးအဖြစ် ဇာတ်လမ်းကိုစထားပါတယ်။ မွေးဖွားပြီးတဲ့နောက်မှာပဲ ‘ဟေး’ ဟာ ကျွန်းတစ်ခုမှာ စွန့်ပစ်ခံခဲ့ရပြီး ဒရယ်မကြီးရဲ့ နိုက်တိုက်ကျွေးမှုနဲ့ ကြီးပြင်းလာခဲ့ရတာဖြစ်ကာ အသက် ၅၀ အထိ မည်သည့် လူသားတစ်ဦးနဲ့မှ ထိတွေ့ ဆက်ဆံခဲ့ဖူးခြင်း မရှိပါဘူး။  ‘ဟေး’ ရဲ့ ဒီလို ကြီးပြင်းမှုကို ၀တ္ထုမှာ ၇ နှစ်တစ်ပိုင်းနဲ့ ၇ ပိုင်းခွဲထားပြီး သူ့အကြောင်းနဲ့ သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေအကြောင်းကို သူကိုယ်တိုင် သင်ယူလေ့လာခဲ့ရပါတယ်။

Hayy ibn Yaqzan ၀တ္ထုရဲ့ ပထမဆုံးအင်္ဂလိပ်ဘာသာပြန်ဟာ ၁၇၀၉ ခုနှစ်မှာ ပေါ်ထွက်ခဲ့ပြီး နောက်ထပ် ၁၁ နှစ်ကြာတဲ့အခါ ဒီဖိုးရဲ့ နာမည်ကျော် ရော်ဘင်ဆင်ကရူးဆိုးဝတ္ထုကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ခေတ်ပြိုင်စာရေးဆရာတွေကတော့ ဒီဖိုးရဲ့ ဒီဝတ္ထုဟာ ဂျူအန် ဖာနန်ဒက်ကျွန်းစု (Juan Fernandez Islands) မှာ ၄ နှစ်ကျော်လောက် တစ်ဦးတည်းနေထိုင်ဖြတ်သန်းခဲ့ရတဲ့ စကော့တန် သင်္ဘောသား အလက်ဇန်းဒါး ဆီလ်ကစ်ရ် (Alexaner Selkirk) ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရော်ဘင်ဆင်ကရူးဆိုးဝတ္တုနဲ့ ဟေ အစ်ဗနေ့ ယက်ဇန် ၀တ္ထုအကြား တူညီမှုတွေက ဒီဖိုးအနေနဲ့ မွတ်စလင် ပညာရှင်ကြီး အစ်ဗနေ့ တူဖိုင်လ်ရဲ့ လက်ရာကို ထိတွေ့ခဲ့ဘူးတယ်ဆိုတာကို ကောက်ချက်ချဖို့ လုံလောက်ပါတယ်။ သင်္ဘောပျက်ပြီး ကျွန်းပေါ် သောင်တင်သွားတာကနေစပြီး၊ သီးခြားနေထိုင်ရတဲ့ ဒုက္ခ၊ အသက်ရှင်ရပ်တည်ရေး ရုန်းကန်ရမှုတွေအထိ ရော်ဘင်ဆင်ကရူးဆိုးဝတ္ထုဟာ သူ့အရင်ပေါ်ထွက်ခဲ့တဲ့ Hayy ibn Yaqzan ၀တ္ထုနဲ့ တူညီမှုတွေ အများကြီး ရှိနေတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

 

Leave a Reply