6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၄ ၊ ၂၀၁၆
ပြည်ချစ်ပို ရေးသည်။
2008
ငှက်ဆိုးထိုးသံကြားလျှင် နိမိတ်မကောင်း၊ သေမင်းတမန်ပင် တံခါးဝရောက်လာနိုင်သည်ဟူ၍ မြန်မာတို့ အယူ အဆရှိကြသည်။ မြန်မာပြည်သူလူထုအများစုက ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်လိုကြသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအသံကြားတိုင်း ငှက်ဆိုးထိုးသံကြားဘိအလား၊ စိုးရိမ်ကြသည့်အစု သုံးစုရှိသည်။ အစုသုံးစုတို့မှာ စိုးရိမ်မှုအသီးသီးရှိကြသော်လည်း စိုးရိမ်ကြပုံခြင်းမတူညီကြပေ။ အစုသုံးစုတို့က ဘယ်သူတို့နည်း၊ ဘာကို ဘာ့ ကြောင့်စိုးရိမ်ကြသနည်း။
ထိုအစုများအနက် တစ်စုမှာ အခြေခံဥပဒေပြင်ဆင်မည်ကိုလုံးဝ လိုလားခြင်းမရှိသော အစုဖြစ်သည်။  စစ်ဗိုလ်ချုပ် များနှင့်၎င်းတို့၏အဆက်အနွယ်များအစုဖြစ်သည် ။

စစ်ဗိုလ်ချုပ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၃ နှစ်ကြာအချိန်ယူ၍ ၎င်းတို့ ကမကထပြု ရေးဆွဲခဲ့သည်။ ၎င်းတို့မှ နိုင်ငံရေးအာဏာ ထိန်းချုပ်ထားနိုင်ရန် ထိုအခြေခံဥပဒေအားဖြင့် အခိုင်အမာ ပြုထား သည်။ အခြေခံဥပဒေအရ အရပ်သားများ သမ္မတဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်ဦးစီချုပ်က ထိုသမ္မတထက် အာဏာပိုရှိစေရန် ဖန်တီးထားသည်။ ဤကဲ့သို့ အာဏာအခိုင်အမာပြုထားသော  အခြေခံဥပဒေအား လူထုမှ ပြင်ဆင်လိုက်မည်ကို၎င်းတို့ အထူးစိုးရိမ်သည်။ ပြင်ဆင်လိုက်လျှင် အနှစ်၅၀ ကျော်ကိုင်စွဲလာသော အာဏာ သေသွားမည်ဖြစ်သည်။ ထို့အပြင် အရပ်သားအစိုးရ လက်အောက်တွင် အမှုထမ်းရမည်ကို ၎င်းတို့ လုံးဝမလို လားပေ။ မည်သို့ဆိုစေ တချိန်မဟုတ်တချိန်၊ တနေ့မဟုတ်တနေ့တွင် ပြည်သူများက အခြေခံဥပဒေကို မြေကြီး လက်ခတ်မလွဲ ပြင်ဆင်းသွားကြမည်ဖြစ်ပေသည်။ သို့သော် စစ်ဗိုလ်များက ရသမျှအချိန်ဆွဲထား လိုသည်။ ထိုကြောင့်လည်း အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက် ရေးသည် တပ်မတော်၏ တာဝန် ဟုကြွေးကြော် ထားသည်။ လိုအပ်သလို အသုံးချနိုင်ရန်အရပ်သား ကျောထောက်နောက်ခံ အင်အားစုကိုလည်း ဖန်တီးထား သည်။ အခြေခံဥပဒေပြင်ဆင်ရန် တာစူနေမှုများ ကိုလည်း ၎င်းတို့က မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အခြေခံဥပဒေပြင်ဆင်ရန် အသံများပေါ်ထွက်လာသောအခါ များတွင် ပြည်သူတို့၏အာရုံတွင် တပ်မတော်ကို မြင်ယောင်လာစေရန် ဖေါ်ဆောင်ပြသလေ့ရှိသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အသံပေါ်လာတိုင်း စိုးရိမ်စိတ်ဖြစ်ပေါ်လေ့ရှိသော အခြားအစုတစ်စုမှာ တိုင်းရင်းသား အင်အားစုများ အထူးသဖြင့်လက်နက်ကိုင် အင်အားစုများ ထိန်းချုပ်ရာဒေသများမှတိုင်းရင်းသားများဖြစ်သည်။

၎င်းတို့သည် ၂၀၀၈ အခြေခံဥပဒေကိုမနှစ်သက်သူများဖြစ်သော်လည်း  အခြေခံဥပဒေပြင်ဆင်ရေးကို စိုးရိမ်သူ များ မဟုတ်သလို အခြေခံဥပဒေမပြင်ရေးအတွက် စိုးရိမ်သူများလည်းမဟုတ်ကြပေ။ အခြေခံဥပဒေပြင်ဆင် ရေး လေသံမြှင့်လာတိုင်း ၎င်းတို့ဒေသတွင် တပ်မတော်ထိုးစစ် နှင့်ကြုံရတတ်သောကြောင့်စိုးရိမ်ကြခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်အကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုအကြား အခြေခံဥပဒေပြင်ဆင်ရေး လေသံမြှင့်လာသည့်ကာလတွင် ကေအိုင်အို ကချင် ထိန်းချုပ်နယ်မြေမှာ  တပ် မတော်မှ ထိုးစစ် (လေကြောင်းတိုက်ခိုက်မှု အပါအဝင်) ကြုံခဲ့ရလေသည်။ နောက်ပိုင်းတွင် ပလောင်ဒေသ၊ ရှမ်းပြည်လက်နက်ကိုင်အင်အားစု ထိန်းချုပ်ရာဒေသများလည်း ထိုးစစ်နှင့်ကြုံခဲ့ရပေသည်။

၂၀၁၂ ခုနှစ်  ကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင်လည်း ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာပတ်ဝန်း ကျင်အား လေယာဉ်ဖြင့်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ (ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်သွားမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲဝင်ရာတွင်  အမတ်နေရာ ၄၄  နေရာအတက် ၄၃ နေရာတွင် အနိုင် ရရှိခဲ့သည်)

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှဦးဆောင်ကာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပသည်။ ထိုညီလာခံတွင် အခြေခံ ဥပဒေပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြီးနောက် ရွေးကောက်ပွဲပြုလုပ်သွားရန် လမ်းကြောင်း ချခဲ့သည်။ ထိုညီလာခံနှင့် မရှေးမနှောင်းတွင် ကေအိုင်အို နယ်မြေတွင် စစ်ပွဲအရှိန်မြှင့်လာခဲ့သည်။ ပလောင်နယ်မြေ၊ ရှမ်းနယ်မြေများတွင် လည်း စစ်ပွဲပြင်းထန်လျက် ရှိသည်။ အခြေခံဥပဒေ ပြင်ဆင်မည့်အသံ ထွက်ပေါ်လာလေတိုင်း တိုင်းရင်းသားပြည်နယ်များ အထူးသဖြင့် လက်နက်ကိုင် အင်အားစုများထိန်းချုပ်ရာနယ်မြေများရှိ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများမှာ ဘေးဒုက္ခ ကျရောက်မည်ကို စိုးရိမ်ပူပန်ကြရသည်။

တတိယအစုမှာ- မွတ်စလင်များ (အထူးသဖြင့်ရိုဟင်ဂျာမွတ်စလင်များ) ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး လေသံကျယ်လောင် လာတိုင်း အဆိုပါအစုမှာလည်း အတွေ့အကြုံများ အရ ထိလွယ်ရှလွယ် အန္တရာယ်နှင့် ကြုံရနိုင်ကြောင်းတွက်ဆ၍ စိုးရိမ်လေ့ရှိကြသည်။
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်နေရာ ၄၄ အနက် ၄၃ နေရာ အနိုင်ရသည်။ မေလတွင်  ရခိုင်မိန်းကလေး မသီတာထွေး မုဒိမ်းကျင့် အသတ်ခံရသည့်သတင်း တနိုင်ငံလုံးသို့ ပြန့်နှံ့ စေခဲ့သည်။ သမ္မတရုံး ညွန်ကြားရေးအရာရှိ ဦးဇော်ဌေး (မှူးဇော်)သည် ၎င်း၏ ဖေစ်ဘုတ်မှတဆင့် အဆိုပါကိစ္စကို မီးထိုးပေးခဲ့သည်။ အကျိုးဆက်အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးအဓိကရုန်းစတင်ဖြစ် ပွားသွားလေတော့သည်။ ၂၀၁၂ အောက်တိုဘာလမှ အစွန်းရောက် ဗုဒဘာသာတို့မှ မြန်မာမွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ ၆ လအတွင်း အဓိကရုန်းကြောင့် မွတ်စလင်အများအပြားသေဆုံးပြီး အိုးမဲ့ အိမ် မဲ့ဖြစ်ကြရသည်၊ ရိုဟင်ဂျာ တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ စခန်းသွင်းခံကြရသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ၂၁ ရာစုပင်လုံညီ လာခံကျင်းပသည်။ ထိုညီလာခံပြီးနောက် မကြာမီတွင် မောင်းတောမြို့ နယ်တွင် နယ်ခြားစောင့်တပ်စခန်း ၃ခု ကို အမည်မသိ အကြမ်းဖက်အုပ်စုမှ ဝင်တိုက်သဖြင့် တပ်မတော်နှင့် ပြည်သူ့ရဲများ ပူးပေါင်းကာ နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာရိုဟင်ဂျာ မွတ်စလင်ရွာများ မီးရှို့ခံကြရကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ ပြည်တွင်းနှင့်နိုင်ငံခြား သတင်းထောက်များ ထိုဒေသသို့ သွားရောက်ခွင့်မပြုသောကြောင့် ယုံကြည်ရသော အဖြစ်မှန်သတင်းကို သိနိုင်ခွင့် မရကြသော်လည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရိုဟင်ဂျာ အမျိုးသမီးများ၊ ကလေးများ အသတ် ခံရသည့်သတင်းများ၊ ရိုဟင်ဂျာရွာသားများ အတိဒုက္ခရောက်ရသည့် သတင်းများနေ့စဉ် ထွက်ပေါ်လျှက်ရှိသည်။

ခြုံ၍ဆိုရပါလျှင် ၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီ အခြေခံများနှင့်မကိုက်ညီ၊ နိုင်ငံတကာအခြေခံ ဥပဒေစံနှင့် မကိုက်ညီသောကြောင့် ပြင်ဆင်ပစ်ရမည်မှာ အမှန်ပင်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးလေသံ မြှင့်တက်လာတိုင်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်သည့်ဒေသနေပြည်သူများမှာမူ တပ်မတော် ထိုးစစ်နှင့်ကြုံရလေ့ရှိကြသည်။ ထို့အတူ မွတ်စလင်များ အထူးသဖြင့် ရခိုင်ပြည်ရှိ  ရိုဟင်ဂျာမွတ်စလင်များမှာ တစ်မျိုးမဟုတ်တမျိုး ပြသနာရှာခံရလေ့ရှိကာ အတိဒုက္ခရောက်ကြရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလေသံ သည် တိုင်းရင်းသားလက်နက်ကိုင်ဒေသပြည်သူများနှင့် မွတ်စလင် (ရိုဟင်ဂျာမွတ်စလင်) တို့အတွက် ငှက်ဆိုး ထိုးသံများဖြစ်နေလေရော့သလားဟုတွေးမိသည်။

အခြေခံဥပဒေပြင်ဆင်ရေးကြိုးပန်းနေသူများသည်  စိုးရိမ် ထိတ်လန့်နေသူများအတွက် အကာအကွယ်ရစေမည့် နည်းလမ်းများကိုရှာဖွေကာ အကာအကွယ်ပြုပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာဆောင်ရွက်သွားသင့်ပေသည်။

ပြည်ချစ်ပို (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၆)

** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

Comments are closed.