2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

fogivness-copy
အသိ၊သတိကောင်းတွေရှိတဲ့ နေ့တစ်နေ့ မှာ ရှေးဟောင်းနှောင်းဖြစ်တွေ တွေးမိတယ်။

တွေးရင်း နဲ့ အငယ်ကောင် ကို သတိတရဖြစ်မိတယ်။

အဲ့ဒီကျမှ သူ့ ကို တောင်းပန်ချင်လာတယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားလိုက်တော့ မတောင်းပန်ချင်တော့ဘူး။

ကိုယ်က အငယ်ကောင် ဆိုတဲ့ ခွေးကို မွေးထားတဲ့ ပိုင်ရှင်ဖြစ်လို့ မဟုတ်ဘူး။ ကိုယ့်ကျေးဇူး၊သူ့ ကျေးဇူး ဆိုတဲ့ ပိုင်းဖြတ်စရာကြောင့်လည်းမဟုတ်ဘူး။ သူ က ဘဝခြားသွားလို့လဲ မဟုတ်ဘူး။

ခွေး တစ်ကောင် မို့ လူတစ်ယောက်က တောင်းပန်ဘို့ မလိုဘူးဆိုတဲ့ ခွဲခြား တဲ့ အတွေး ကြောင့်လဲမဟုတ်ဘူး။ ကိုယ် က သူ့ ခွင့်လွှတ်ခြင်း နဲ့ မထိုက်တန်ဘူးထင်လို့ပါ။

သူ က ကိုယ့်ဆီကနေ တောင်းပန်ခြင်းထက် ပိုပြီး ရသင့်တယ်ထင်လို့ပါ။ သူ့အပေါ်ပြုမိတဲ့ မတရားမှုတွေ တာဝန်မဲ့မှု တွေ အတွက် ပြစ်မှုတစ်ရပ်လို အစားပေးသင့်လို့ပါ။

“တမလွန် ကျရင် မင်းနဲ့ ထိုက်တန်တဲ့ အစားကို ငါ့ဆီက ပေးပါ့မယ် အငယ်ကောင် ရေ” ရယ်လို့ အတွေး ပေါ်လာမိလို့ပါ။

စပြော ရရင် အငယ်ကောင် ဆိုတဲ့ နာမည်က စ ရပါလိမ့်မယ်။ ၁၀တန်းဖြေပြီးတော့ မိသားစု စီးပွားရေးအတွက် မြို့ဟောင်းဘူတာအလွန်မှာ ဥစားကြက်မွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ခဲ့တယ်။ခြံစောင့်ဘို့ ဆိုပြီး အဖေ့ရဲ့ ဝန်ထမ်းတစ်ယောက် က နို့လွတ်စ ခွေးနှစ်ကောင် လက်ဆောင်ပေးခဲ့တယ်။

ကြီးတဲ့ကောင်ကို အကြီးကောင်၊ ငယ်တဲ့ အကောင် ကို အငယ်ကောင် ရယ်လို့ ခပ်လွယ်လွယ် စဉ်းတောင်မစဉ်းစားဘဲ နာမည်ပေးခဲ့တယ်။ ပေါ့ပျက်ပျက် တန်ဘိုး မထား၊အလေးအထား ခဲ့ခြင်းအစပေါ့။

ကိုယ့် အရိပ် ခိုနားသူ အမွေးခံ ခွေးမို့ သူ့  အတွက် လိုက်နာစရာ စည်းကမ်းတွေ က တစ်ပုံကြီးပါ။ ကိုယ့်ဘက် က ပေးမဲ့ သူ့ပိုင်ခွင့်ကတော့ ရေရေရာရာ မရှိလှပါ။ တိတိကျကျ မပိုင်းဖြတ်ထားပါ။ ကျွေးတာစား၊ထားသလို နေ ဘဲပေါ့။

လှောင်ထားတဲ့ခြံ ထဲက ကြက်တစ်ကောင်တစ်လေ အပြင်ထွက်လာရင် ကိုယ်သိအောင် ဟောင်သံပေးတတ်တယ်။ ဒါပေမဲ့ သူ့ မှာ စိတ်နဲ့တောင် ဒီကြက်တွေ မပြစ်မှားရဲဘူး။ သူ့ကိုယ်ပေါ်က သန်းတွေ မွှားတွေ လာပြီးဆိတ်စွဲ စားတတ်တဲ့ကြက်ကလေး
တွေ က သူ့ ကို မကြောက်ဘူး။သူ အိပ်နေတောင် သူ့ကိုယ်ပေါ် ခုန်တက်ပြီး မြေပြင်လို ယက်မွှေ ထိုးဆိတ် တောင် မာန်မဖီဝံ့တာ ကြက်ကလေးတွေ သိနေပုံဘဲ။ ကိုယ့် ရဲ့ ခပ်ကြမ်းကြမ်း ပုံစံပေးထားတာ အငယ်ကောင် ကောင်းကောင်း သင်ခန်းစာ ယူထားပြီးပြီဘဲ။

ကိုယ် ထမင်းမချက်တဲ့နေ့  ကိုဘသိုက် လဘက်ရည်ဆိုင်က နံပြားနှစ်ချပ်နဲ့ တနပ်စာပြီးပြတ်ခဲ့တဲ့ အငယ်ကောင်။ မုံရွာကျောင်းဆရာတော် ဦးဥက္ကံ စွန့်ကျဲတဲ့ ခွေးစာထဲ က သူ့အတွက် အနည်းကျဉ်းယူလာကျွေးလဲ မငြိုမငြင် ကျေးဇူးတင်ပြီး အမြီးတနှံ့နှံ့နဲ့  သခင့် စိတ်အေးစေ တဲ့ အငယ်ကောင်။

ဒီ အကောင် ဟာ တစ်ကယ်တော့ ကျွန်တော့် အပေါ် အတော် သံယောဇဉ်ကြီးတယ်။ သစ္စာရှိတယ်။ တစ်နှစ်လောက်ကြာတော့ ကျွန်တော် ကြက်ခြံမှာ နေရတာငြီးငွေ့လာပြီ။ ဒေသကောလိပ်တွေ ဖွင့်မယ်ဆိုတော့ ကျောင်းတက်ဘို့လည်း စိတ်လှုပ်ရှားပြီ။
အဖေ က လည်း မြို့ဟောင်းဘူတာ ကနေ မန္တလေးဘူတာ ပြောင်းမိန့်ကျလို့ ပြောင်းသွားတာ ၆လ လောက်ကြာပြီ။

ဒီတော့ ကြက်ခြံ လုပ်ငန်းရပ်လိုက်ဘို့ ဆုံးဖြတ်လိုက်ကြသည်။ ကြက်တွေ လည်း ရောင်းပစ်လိုက်ရန် ဆုံးဖြတ်ကျသည်။ မြို့ဟောင်းဈေးထိပ် က ကြက်ဒိုင် နဲ့ ဈေးပြတ်သဖြင့် ရောင်းလိုက်သည်။ ကြက်တွေ ကို ကြက်ခြင်းထဲ ဖမ်းထဲ့ပြီး မြင်းလှည်းနဲ့ သယ်သွားသည်။ အငယ်ကောင် ပြဿနာ တက်ပြီ။ကြက်တွေ သယ်တဲ့ မြင်းလှည်းကို နောက် က လိုက်ဟောင်သည်။ရှေ့က ပိတ်ပြီးဟောင်သည်။ ကျွန်တော့် ဆီ ပြေးလာပြီး ဟောင်သည်။ပုဆိုးစ ကို ဆွဲသည်။ သူ့ အမူအရာ က တစ်ခုခု လုပ်ပါအုန်း ဆိုသည့် သဘောပင်။

သူ နှင့် ကြက်တင် မြင်းလှည်း ကို ကြည့်ပြီး အမေ့မျက်နှာ မကောင်းတော့။ မျက်ရည်တွေ ဝိုင်းနေပြီ။ ကိုယ်ထင် မိလိုက်တာက အမေ လည်း ကြက်တွေ ကို နစ်မြောနေပြီ လားပေါ့။ ဈေးထိပ်ရောက်သည် အထိ အငယ်ကောင် ဇွဲမလျော့။လိုက်ဆဲ။ဟောင်ဆဲ။
ကြက်ခြင်းသယ် မဲ့လူ ကပ်မရလို့  ကိုယ့်လာခေါ်ရတယ်။ အော်ငေါက် လိုက်မှ အမြီးကုပ်ပြီး ကိုယ့်နောက်ပြန်လိုက်ခဲ့တယ်။ အငယ်ကောင့် ရဲ့ သောက ဗျာပါဒ ကို ကိုယ်နားမလည်ခဲ့။

မကြာမီ ဖွင့်တော့မည့်ကျောင်း ကို တက်ဘို့ သာ တွေးပျော်နေသည် ကိုး။ နေ့ည တာဝန်ကြီးသော ကြက်ခြံ လုပ်ငန်း ကိုလည်း ပျင်းရိငြီးငွေ့လာသည်လည်း တစ်ကြောင်းဖြစ်မည်။ လက်ရှိနေသည့် အိမ်က မန္တလေး ဘူတာကြီး အပေါ်ထပ်မှာ မို့
အငယ်ကောင် ကို အိမ် ခေါ်သွားမရ။

ဒီတော့ ထုံးစံ အတိုင်း ဆရာတော်ဦးဥက္ကံ မှ လက်ခံစောင့်ရှောက်ပေးပါရန် တောင်းပန် လျှောက်ထားရပြန်ပါသည်။ အငယ်ကောင် ကို နဂိုထဲက နှစ်သက်သော ဆရာတော်က အလွယ်ပင် လက်ခံခဲ့ပါသည်။

၁၀တန်း အမှတ်နည်းသည်ကို ကာမိပြီး စက်မှုတက္ကသ်ုလ် တက်ရပါမည့် အရေး အသည်းသန် စာကြိုးစား နေရသဖြင့် အငယ်ကောင် နေရာ မုံရွာကျောင်း ကို မရောက်ဖြစ်တော့။

စက်မှုတက္ကသိုလ် တတိယနှစ်အပြီး အဖေ ဒုတိယအကြိမ်ပြောင်းလာခဲ့ ပြန်သော မြို့ဟောင်းဘူတာ အိမ်သို့ ပြန်ခဲ့ပါသည်။

မုံရွာကျောင်း လည်း သွားဖြစ်ဘို့ အခွင့်ရလာသည်။ နှစ်ပေါင်းများစွာ ကြာအောင်ခွဲခွာ ခဲ့သော သခင် ကို ပြန်တွေ့ရသော အငယ်ကောင် အူးမြူးနေပုံ မှာ ဆရာတော်ပင် သတိထားမိစရာဖြစ်ခဲ့သည်။အပြေးလာလိုက်။ခြေထောက်ကို လျက်လိုက်၊နမ်းလိုက်။
ပတပ်ရပ်ပြီး ဖက်ဘို့ ကြိုးစားလိုက်။မြေပြင်မှာ လူးလိမ့်လိုက်။ ဆွဲဆွဲငင်ငင် အူလိုက်။ဟောင်လိုက်။ အမူအရာအစုံ နဲ့ အကြိမ်ကြိမ် သရုပ်ပြပြီး ကျွန်တော့် ကို ပြောပြချင်တာ တွေ လှစ်ဟ နေသလိုပါ။ သူ့မျက်လုံး နှင့် အကြည့်များတွင်လဲ အဓိပ္ပါယ် အစုံ ရှိနေသလိုပင်။
မကြာမီ ပင်စင်ယူတော့မည့် အဖေနှင့် အမေတို့ တာဝန် ပိုမည်ထင်၍ အငယ်ကောင် ကို အိမ်ပြန်ခေါ်ဘို့ တော့ မလုပ်ဖြစ်ခဲ့။

ဒီလို နဲ့ မေ့မေ့ပျောက်ပျောက် နှစ်တွေကြာခဲ့သည်။ ဆရာတော် နှင့်အမှတ်မထင် ပြန်ဆုံတော့ အငယ်ကောင့် အကြောင်း စကားစပ်မိသည်။ အငယ်ကောင် မရှိတော့ပြီပေါ့။ကြက်ခြံ နေရာ ၌ သာ နေလေ့ ရှိကြောင်း။ အဖေ့တပည့် က ကျွန်တော့် စက်ဘီး စီးပြီး ဆရာ့တော်ကျောင်း လာလျင်ပင် စက်ဘီး ဘဲလ် သံ ကို ပင် မှတ်မိကြောင်း။ အငယ်ကောင် ၏ သခင့်အပေါ် တန်ဘိုးထား ချစ်ခင်မှုများပင်။ ထိုစဉ် က စကားထဲ ထည့်ပြော သော်လည်း အလေးနက်မဖြစ်ခဲ့။

(အသိ၊သတိကောင်းတွေရှိတဲ့ နေ့တစ်နေ့ မှာ ရှေးဟောင်းနှောင်းဖြစ်တွေ တွေးမိတယ်။ တွေးရင်း နဲ့ အငယ်ကောင် ကို သတိတရဖြစ်မိတယ်။ အဲ့ဒီကျမှ သူ့ ကို တောင်းပန်ချင်လာတယ်။ ဒါပေမဲ့ သေသေခြာခြာ စဉ်းစားလိုက်တော့ မတောင်းပန်ချင်တော့ဘူး။)

သူ့ အကြည့်တွေ မှာ သံယောစဉ် အရိပ်ငွေ့တွေ နဲ့ အတူ ရင့်ကျက်မှု ၊နားလည်မှု တွေပါ ရှိနေသလို မြင်ယောင်မိတယ်။ ကြက်တင်မြင်းလှည်း ကို ဟောင်နေတဲ့ နာကျင်ကြေကွဲမှု နဲ့ ပြည့်နေတဲ့ အသံက ဆိုလိုချက်ကို သိလာသလို ခံစားရတယ်။

တတိယနှစ် အပြီးပြန်ဆုံချိန်က သူ့ အော်မြည်သံတွေ၊ ပူဆွေးမှုနဲ့ ပေးတဲ့ အူသံ တွေ ၊အပြုမူတွေ၊ ပြန်မြင်ယောင် ကြားယောင် မိရင်း မှ သတိထားမိတဲ့ ကိုယ့် ချို့ယွင်းချက်တွေ။အစီအရီပါလား။ တန်ဘိုးထား လေးစားအပ်ရာတွေ ကို သိနိုင်တဲ့ ရင့်ကျက်မှု
တွေမရှိခဲ့ပါလား။ သူ့ တာဝန်နဲ့ အတူ ထပ်တူတန်ဘိုးထားစရာ သူ့ပိုင်ခွင့် တွေ ကို နားမလည်ခဲ့ပါလား။

ခိုကိုးခွင့်ရခဲ့သူ မှာ ရပိုင်ခွင့် ရှိစရာမလိုလို့  ထင်ခဲ့တယ်။

သူ့ ရဲ့ တာဝန်ကျေမှု နဲ့ သူ့ စေတနာ၊သံယောဇဉ် ဆိုတာတွေ ကို ခိုကိုးခွင့် လောက်နဲ့ တန်ဘိုးဖြတ်မိခဲ့တယ်။ ဒီလို လူသားတစ်ယောက် အနေနဲ့ တန်ဘိုးရှိတဲ့အမူကျင့်တွေရှိတဲ့ ခွေးတစ်ကောင် ရဲ့ ခွင့်လွှတ်ခြင်း ကို ထိုက်တန်၏ မထိုက်တန်၏ ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ကြည့်ပါ။

ရေးသူ- အောင်ဇော်ဝင်း
ဇန်နဝါရီ ၁ ၊ ၂၀၁၇

 

**စာရေးသူထံမှ ခွင့်ပြုချက်တောင်း၍ ဖော်ပြခြင်းဖြစ်ပါသည်။

Comments are closed.