4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကာတွန်းဖန်တီးသူ-လဂွန်းအိမ်

 

“သူငယ်ချင်း”

ဝေမိုး၏ ခေါ်သံကြောင့် ဇော်မြင့်သည် သူ့မျက်လုံးကို တီဗီဖန်သားပြင်ပေါ်မှ ခွာယူလိုက်၍ ဝေမိုးဖက်သို့ အာရုံပြုလိုက်ရင်း ထူးလိုက်သည်။

“အင်း …ပြောလေ… သူငယ်ချင်း”

“လောကကြီးမှာ နှစ်မျိုးသော အရာရှိတယ်…
တူညီမှု နဲ့ မတူညီမှု ”

“အင်း”

” အဲ့ဒီအရာ နှစ်မျိုးက…ငါနဲ့ မင်းထဲမှာလည်း…မွေးရာပါ အမွေအဖြစ် ခိုင်ခိုင်မာမာ နေရာယူထားတယ်”

“အင်း”

“တိတိကျကျပြောရရင်…ငါနဲ့ မင်းကြားမှာ…မတူညီမှုတွေ အများကြီးရှိသလို…တူညီမှုတွေလည်း အများကြီး ရှိတယ်ပေါ့လေ”

“အင်း”

ဝေမိုးက စကားကို ဖြတ်ရပ်လိုက်၍ ကော်ဖီတစ်ငုံ သောက်လိုက်သည်။ ဇော်မြင့်ကတော့ ဝေမိုး၏ စကားကို “အင်း” လိုက်၍ နားစွင့်နေလေ၏။ ဝေမိုး ဆက်ပြောလာမည့် စကားကို ဇော်မြင့်က စိတ်ဝင်တစား စောင့်မျှော်နေလေသည်။

“ဒီတော့… ငါတို့တွေ မတူတာတွေကို ရောင်စုံပန်းလို ကွဲပြားမှုရဲ့ အလှတရားအသွင်နဲ့ ကြည့်မယ်ဆိုရင်…တူတာတွေကို ရောင်တူပန်းလို တူညီမှုရဲ့ အလှတရားအသွင်နဲ့ ကြည့်မယ်ဆိုရင်…ငါတို့ကမ္ဘာကြီးလည်း…အလှတရားတွေနဲ့ပဲ ပြည့်နှက်နေမှာပေါ့နော်”

ဝေမိုးက စဉ်းစဉ်းစားစား ပြောခဲ့ပြီး ကော်ဖီကို ဆက်သောက်နေတော့၏။

သူတို့ ငယ်သူငယ်ချင်း နှစ်ယောက်သည် မွန်းလွဲပိုင်း အလုပ်ကိုယ်စီ အားချိန်၌ တိတ်တိတ်ဆိတ်ဆိတ် ရှိလှသော ပိတောက်ရိပ်အောက်က ကော်ဖီဆိုင်တွင် နေ့စဉ်နီးပါး လာထိုင်တတ်ပြီး တစ်နေ့တစ်မျိုး ခေါင်းစဉ်တစ်ခုစီအောက်တွင် အပြန်အလှန် ဆွေးနွေးပြောဆိုတတ်သည်။ ပညာတတ်သူများပီပီ သူတို့ ဆွေးနွေးမှုသည် ပြေပစ်သည်။ တစ်ယောက်ကို တစ်ယောက် အလေးလည်း ထားသည်မို့ ဆွေးနွေးမှုက ထိထိမိမိလည်း ရှိရှိတတ်၏။

” အေးပေါ့ သူငယ်ချင်းရာ … အဓိကက အမြင်ပါပဲ… ကိုယ်က အရာတစ်ခုကို အကောင်းမြင်စိတ်နဲ့ ကြည့်ရင် အကောင်းမြင်မယ်… အဆိုးမြင်စိတ်နဲ့ ကြည့်ရင် အဆိုးမြင်မယ်… ဒီလိုပဲပေါ့… အရာတစ်ခုကို အလှတရား အမြင်နဲ့ကြည့်ရင် လှပခြင်းပဲ မြင်မယ်ပေါ့လေ….အမြင်နဲ့ ခံယူချက်က အဓိက စကားပြောတယ် သူငယ်ချင်းရာ”

ဇော်မြင့်က သူ့သူငယ်ချင်းကို ထောက်ခံ ဆွေးနွေးလိုက်သည်။

” ဒါပေမယ့် သူငယ်ချင်းရာ… တစ်ချို့လူတွေက မတူတာတွေကို တံတိုင်းလုပ်ပစ်ပြီး တူရာတွေကိုတောင် ကူးလူးပေါင်းစပ်ခွင့် မပေးကြဘူး … ရှင်းရှင်းပြောရရင် အခုဏက ပြောသလိုပဲ … အဲ့ဒီလူတွေက မတူတာတွေကို ရောင်စုံပန်းလို ကွဲပြားမှုရဲ့ အလှတရားအသွင်နဲ့ မကြည့်တတ်လို့ …  လူကမွေးပြီး လူနေတဲ့ အရပ်မှာ ကြီးပြင်းလာတာတောင် အဲ့ဒီလူတွေမှာ လူ့စိတ်က ကြာကြာလေလေအထိ အရွယ်မရောက်တတ်ဘူး”

ဝေမိုးက စကားကို ရပ်တန့်လိုက်ပြီး ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။ ဖန်ခွက်ထဲ ရေးနွေးကြမ်း ငှဲ့နေရင်း ဇော်မင်း ပြောအလာကို စောင့်မျှော်နေ၏။

” မှန်တယ် … တစ်ချို့လူတွေက မတူတာတွေနဲ့ တံတိုင်ဆောက်ပြီး တူရာတွေကို ကူးလူးပေါင်းစပ်ခွင့်မပေးဘူး ဆိုတဲ့ မင်းစကားကို သိပ်သဘောကျတယ် …ဒီနေ့လို အခြေအနေနဲ့လည်း ကွထိပဲ … သိပ်ထိမိတယ်… ဒါတွေက အာဏာရှင်တွေရဲ့ လက်ချက်ပါကွာ …လူတွေကို ခြားနားချက် လှည့်ကွက်နဲ့ ကစားပစ်ခဲ့တာလေ … ဘာသာရေးခြားနားချက်…လူမျိုးရေးခြားနားချက်… နေရာဒေသခြားနားချက်…ပညာတတ် ပညာမဲ့ ခြားနားချက် … အစုံပေါ့… “ပြည်သူ စည်းရုံးရင် အာဏာရှင်ပြေးရ” ဆိုတဲ့ စကားကို အလေးထားပုံရတယ် … ကြာလာတော့ လူတွေကလည်း အဲ့လို လှည့်ကွက်ထဲ မိသွားပြီး ခြားနားချက်ကို ရန်ဖက်လို့ မြင်လာကြတာ တကယ်စိတ်မကောင်းစရာပဲ… တကယ်တော့ကွာ… ဒါက တို့နိုင်ငံရဲ့ အနာဂတ်အတွက်လည်း  အင်မတန် ရင်လေးဖို့ ကောင်းတယ်… ”

ဇော်မြင့်က စိတ်ပါလက်ပါ ဝင်ဆွေးနွေးလိုက်သည်ကို ဝေမိုးက ဆေးလိပ်ဖွနေရင်း နားထောင်နေသည်။
ဇော်မြင့်က ကွမ်းထုပ်ထဲက ကွမ်းတစ်ယာ ထုတ်ပြီး ဝါးနေ၏။ စကားပွဲသည် ဘာရယ်မဟုတ် တစ်ခဏလောက် ဆိတ်ငြိမ်သွားသည်။ ဆောင်းရာသီ၏ လေညင်းအေးအေး တစ်ချက်ကလည်း လာတိုက်သွားသေ၏။ မွန်းလွဲချိန်ပေမယ့် နေရောင်၏ အစွမ်းထက် လေညင်းက ပိုစွမ်းသည်။ ခဏအကြာ-

” အေးပါကွာ… ငါတို့နိုင်ငံရဲ့ လှပတဲ့ အနာဂတ်ကို ဖျက်ဆီးပစ်လိုက်တာ ဒီအာဏာရှင်တွေပဲ … အချင်းချင်း ချစ်ချစ်ခင်ခင် နေလာကြတဲ့ဟာကို အမုန်းတရားတွေ … မနာလိုမှုတွေ …ရိုက်သွင်းပေးပြီး ဖြိုဖျက်လိုက်တယ်… ဒီလိုနဲ့ အချင်းချင်းကြားမှာ ရန်ငြိုးတွေ ပေါ်လာတော့တာပဲ … “မုန်းပင်” ဆိုပြီး ပြောစမှတ် ရှိသလိုပေါ့… အမုန်းတရားဆိုတာ တစ်စတစ် ရှင်သန်ကြီးထွားတတ်တယ် … ရန်ငြိုးဆိုတာကလည်း လောင်စာလိုပါပဲ … ထစ်ခနဲဆို ထလောင်တတ်တယ်… စာရေးဆရာကြီးတွေက ရန်ငြိုးကို လောင်စာနဲ့ နှိုင်းပြောတတ်တာလေ … လောင်စာရန်ငြိုးတဲ့ …”

ဇော်မြင့်ကလည်း ထိမိသော စကားလုံးများဖြင့် ပြန်ဆွေးနွေးလိုက်သည်။

” အခုဆို အစိုးရလည်း အသစ်တက်လာပြီ … ငါတို့တွေ အကောင်းဆုံးကို မျှော်လင့်ကြတာပေါ့ဟ … ”

မျှော်လင့်ချက်စကားကို သက်ပြင်းတစ်ချက် ချမိပြီးနောက် ဝေမိုး ဆိုသည်။

” ဒီလိုမျိုး အာဏာရှင်ရဲ့ သက်ရှည်ကြာ မှိုင်းမိခံခဲ့ရတဲ့ လူတွေကို ချက်ချင်းကြီးတော့ ပြောင်းလဲလာဖို့ မမျှော်လင့်နိုင်သေးဘူး သူငယ်ချင်းရာ… အခု အစိုးရက ဒီမိုကရေစီ ခေါင်းစဉ်နဲ့ တက်လာတဲ့ အစိုးရ ဆိုတော့ အစိုးရ ကိုယ်တိုင်က မတူညီိမှုက ပြဿနာမဟုတ်ဘူးဆိုတဲ့ အကြောင်းအရာနဲ့ ပြည်သူကို အသိပညာပေးမှ… အမုန်းတရားတွေ ထွင်ထွင်ဟောနေတာတွေကို ရပ်တန့်အောင်လုပ်မှ တော်ကာကျမယ် … ပြည်သူထဲက အသိပညာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ချစ်ခြင်း မေတ္တာတရားရဲ့ ကောင်းကျိုးတွေ၊ မတူညီမှုရဲ့ အလှတရားတွေကို ပြည်သူကို ချပြဖို့ တာဝန်မကင်းဘူးလို့ ထင်တယ်လေ… ဒီလိုမှသာ သူငယ်ချင်း ထင်သလို မြန်မြန် ဖြစ်လာမှာ”

ဇော်မြင့်က လုပ်သင့်လုပ်ထိုက်သည်ဟု သူတွေးမိနေသည်ကို ချပြဆွေးနွေးသည်။ ဝေမိုးကလည်း “ဟုတ်တယ်နော်” ဆို၍ အလိုက်သင့် မောင်ပေါက် လုပ်လိုက်၏။

ထို့နောက် ဝေမိုးက ဆေးလိပ်ကို မီးသတ်လိုက်ပြီး ကွမ်းတစ်ယာ ပါးစပ်ထဲ ထည့်သွင်းလိုက်သည်နှင့် –

” ဟေ့ကောင် … ငါအတန်တန် တားမြစ်ရက်သားနဲ့ကွာ … ဆေးလိပ်သောက်ရင် ဆေးလိပ်ပဲသောက် … ကွမ်းစားရင် ကွမ်းပဲစားပေါ့ … အခု မင်းက ရောဂါကို ဒွန်တွဲပြီး လက်ယပ်ခေါ်နေတဲ့တာပဲ …ပြောမရဆိုမရနဲ့ …”

ဇော်မြင့်က သူ့သူငယ်ချင်း ဝေမိုးကို အော်ငေါက်လိုက်သည်။ သို့သော် ဝေမိုးက အိနြေ္ဒမပျက်။ ဓာတ်ပြားဟောင်း ဖွင့်မိပြန်သည်ကို ဓာတ်သိမို့ ရိပ်မိလိုက်သည်။

” မင်းလည်းကွာ … သမားတော်ကြီး ကျနေတာပဲ… ကွမ်းက တစ်ခါတလေပဲ စားတာပါဆို …ဟဲဟဲ…”

ဝေမိုးက သူ့အချစ်ဆုံး သူငယ်ချင်း၏ ဂရုဏာဒေါသဖြင့် ငေါက်ခဲ့မှုကို ရယ်ရယ်မောမော  ပြောပြီး ခါတိုင်းလို အယူခံဝင် ဖြေရှင်းချက်ပေးနေခဲ့၏။ ဇော်မြင့်၏ မျက်နှာပေါ်တွင် ဂရုဏာ ဒေါသအရိပ်အယောင်က မပျောက်သေးသမို့ ဝေမိုးက သူ့ပါးစပ်ထဲက ဝါးကာစ ကွမ်းကို ထုတ်ပစ်လိုက်သည်။ ပြီးလျှင် တပည့်တစ်ယောက် အသွင်ဖြင့် –

” သမားတော်ကြီး … ကျေနပ်ပြီလား ခင်ဗျား” ဆိုပြီး ပြောလိုက်သောအခါ ဇော်မြင့်က “မကျေနပ်ဘူးကွာ… အပြီးဖြတ်မှလည်း မဟုတ်ဘဲနဲ့..ဟွန့် …” ဆိုပြီး အလိုမကျသံပြုလိုက်သည်။

“ဟာကွာ… မင်းသိပါတယ်… မင်းက အချစ်ဦးကို စွန့်မရသလိုမျိုး ငါလည်း အကျင့်ဟောင်းကို ပြင်ရခက်နေတာ… ဆိုးရိုးစကားတောင်ရှိတာပဲ… အချစ်ဦးမေ့ဖို့ခက်…. အကျင့်ဟောင်း ပြင်ဖို့ခက်တဲ့…”

ဝေမိုးက ပြေပြပြစ်ပြစ် စကားထိုး စလာသောအခါ ဇော်မြင့်က “မင်းကို ဘယ်တုန်းက နိုင်လို့လဲ” ဆိုပြီး ညည်းတွားလိုက်သည်။

ဘာသာ မတူ လူမျိုးမတူ သော်လည်း သူတို့သူငယ်ချင်း နှစ်ယောက်သည် တစ်ယောက်အပေါ် တစ်ယောက် စေတနာပိုမိသည်။ သံယောဇဉ် နက်ရှိုင်းသည်။ မေတ္တာအား ကြီးမားသည်။ နားလည်မှုနှင့် သဘောထားမှုလည်း ကြီးမားသည်။ ဂရုစိုက်မှု စေ့စပ်၏။

စကားပြောကောင်းနေသည်မို့ ၁ နာရီခွဲဆိုသော အချိန်ကလည်း မည်သို့ကုန်ဆုံး သွားမှန်းမသိ။ ဝေမိုးပြောမှပဲ ဇော်မြင့် သတိပြုမိလိုက်သည်။

” ဟိတ် … သူငယ်ချင်း … ၄ နာရီကျော်ပြီ … မင်း ဗလီတက်ရမယ်လေ … ငါလည်း အမေကို ဘုရား သွားလိုက်ပို့ရမယ်ကွာ …”

ဝေမိုးက သတိပေးစကားပြောလိုက်ပြီးနောက် ဇော်မြင့်ကို ကျသင့်ငွေလည်း ရှင်းခိုင်းနေသည်။

” မင်းရည်းစား စိတ်ကောက်တာ ငါဝင်ကူညီပေးခဲ့တဲ့ အခကြေး အနေနဲ့ပေါ့ကွာ”

” ဟုတ်ကဲ့ပါ ဦးအောင်သွယ်ရှေ့နေကြီး ခင်ဗျား”

ဇော်မြင့်က ခခနဲနဲ ပြန်ပြောရင်း ကျသင့်ငွေကို ရှင်းပြီးနောက် ပိတောက်ရိပ်အောက်မှ နှစ်ယောက်သား ပြန်လာလိုက်သည်။

တစ်ယောက်၏ ဦးတည်ရာသည် ဗလီသို့ ……။

တစ်ယောက်၏ ဦးတည်ရာသည် စေတီပုထိုးသို့ ….။

“မတူကွဲပြားသော်လည်း ငါတို့ဟာ သူငယ်ချင်း ဖြစ်နိုင်တယ်” ဆိုသော သူတို့သူငယ်ချင်း နှစ်ယောက်၏ အသိတရား၊ စိတ်ဓာတ်၊ ခံယူချက်တို့သည် သံမဏိထက် မာချောလှပါလားဟူ၍ နှစ်ဦးသား မကြာခဏ အပြန်အလှန် ပြောဖြစ်သည်ကို ဇော်မြင့်က ဖျတ်ခနဲ သတိရ၍ တစ်ချက်ပြုံးမိလိုက်သည်။ အားရကျေနပ်သည့် အပြုံး။ ဝတ်ပြုပြီးသောအခါ အသျှင်ထံပါးက တောင်းသောဆုတွင်လည်း အချစ်ဆုံး သူငယ်ချင်း စိတ်ချမ်းသာမှု ကိုယ်ကျန်းမာမှုနှင့် ကုံလုံပြည့်စုံပါစေကြောင်း ပါသည်။

မတူညီမှုကို တံတိုင်းအစား တံတား လုပ်ပြီး တူညီမှုကို တံတား၏ အခင်းအဖြစ် အသုံးချ၍ ချစ်ခင်မှုကို ကူးလူးဆက်ဆံစေသော သူတို့၏ သူငယ်ချင်းကောင်း စိတ်ဓာတ်လှလှလေးက တိုတောင်းလှသည့် လူ့ဘဝကို အဓိပ္ပါယ်ရှိစေ၍ မနာလိုမှုမီး၏ ပူလောင်ခြင်းမှ လွှတ်မြောက်ခွင့်ရစေပါလား ဆိုသော အတွေးကြောင့် ဝေမိုးတစ်ယောက်လည်း တစ်ကိုယ်တည်း ပြုံးမိလိုက်သည်။ သူ့အပြုံးမှ ကြွေကျနေသော အလှတရားပန်းပွင့်များသည် ကမ္ဘာတစ်ခွင်ကို တန်ဆာဆောင်နေ၏။

တူညီမှု နှင့် မတူညီမှု သီအိုရီမှာ မေတ္တာတရားကို ကိန်းသေ အဖြစ်ထားသောအခါ ဘာသာမတူ လူမျိုးမတူသော ဝေမိုးနှင့် ဇော်မြင့်တို့သည် တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိရှိ၊ သဘောထားကြီးကြီး မိတ်ဖွဲ့၍ လူသားပီသစွာ အေးအတူ ပူအမျှ နေလာ၏။ သူတို့၏ ဘဝနေ့ရက်များသည် သာယာအေးချမ်းသည်။ ပျော်ရွှင်စရာများနှင့်သာ ပြည့်နှက်နေလေသတည်း။

ရေးသားသူ- ယျာတင်(ရိုဟင်းသား)

* M-Media သို့ စာမူများ ပေးပို့လိုလျင် [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။

Comments are closed.