2 weeks ago
အမျိုးပျောက်စေနိုင်သော ၁၉၈၂ နိုင်ငံသား ဥပဒေ၏ “အဟ” တစ်ခု
2 weeks ago
အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ
3 weeks ago
မန္တလေးရှိ မွတ်စလင် အများစုရှိရာ ရပ်ကွက်တွင် မျက်နှာဖုံးစွပ် လူတစ်စုက ဆူပူအကြမ်းဖက်ရန် ကြိုးစား
3 weeks ago
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။
3 weeks ago
မလေးရှားရှိ ရွှေတိဂုံ ပုံစံတူ စေတီ စုပေါင်းသန့်ရှင်းရေးနှင့် ဆုတောင်းပွဲ ပြုလုပ်မည်။
4 weeks ago
ကျောက်ပန်းတောင်းတွင် ဗလီဟု စွပ်စွဲပြီး ဖြိုချသည်အိမ်မှာ ဗုဒ္ဓဘာသာဝင် ပိုင်ဆိုင်သည့်အိမ်ဖြစ်
4 weeks ago
ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား
4 weeks ago
ကမန်များ မြေယာ စွန့်လွှတ်ကြောင်း အစိုးရ သတင်းစာ ဖော်ပြချက် မမှန်ကန်ဟုပြော
4 weeks ago
ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေစိုးရိမ်
1 month ago
IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိကြောင်း သတင်းအမှားကို သေနင်္ဂ အဖွဲ့တည်ထောင်သူ မှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့


သခင် မင်းညို (ခေါ်) ဦးကျော်အေး (ခေါ်) ရှိုက်ခ်မုဟမ္မဒ်မူစာ ကို ခရစ်သက္ကရာဇ် ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ်၊ နတ်တော် လပြည့်ကျော် (၉) ရက်၊ ကြာသပတေးနေ့ နံနက် (၄)နာရီတွင် အဘ ဦးသာဒင်(ပန်းရံ ဆရာကြီး)၊ အမိ ဒေါ်ရွှေရင့် (ရွှေဘော်ကျွန်း သူ) တို့ထံမှ ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၊ ကျွန်းတော်ရွာ (ဘုမ္မိဇေယျ-ရွှေဘော်ကျွန်း)တွင် ဖွားမြင်သည်။ မွေးချင်း လေးဦးအနက် ဒုတိယမြောက် သားဖြစ်သည်။

ကျွန်းတော်ရွာတွင် အင်္ဂလိပ်အစိုးရခေတ် ဆရာ ဦးတေဇကျောင်းဇရပ်တွင် တတိယတန်းအထိ ပညာသင် ယူခဲ့သည်။ ဗန်းမော်မြို့ရှိ အစိုးရမြူနီစပယ်ကျောင်း (ခေါ်) ဆရာကြီး ဦးသောင်းကျော်တွင် စတုတ္ထတန်းအထိ ပညာ သင်ယူခဲ့သည်။ ထို့နောက် မြူနီစပယ်အလယ်တန်းကျောင်း တွင် စတုတ္ထတန်းမှ သတ္တမတန်းထိကို ဆရာကြီး ဦးလွန်းပြေ၊ ဒေါ်အေးလှိုင်၊ ဦးစိန်ဖေ၊ ဦးထွန်းစိန်၊ ဆရာကြီး ဦးငယ်၊ ဆရာမ ဒေါ်စိန်ကြူ၊ ဦးဘရီ တို့ထံမှ သင်ယူခဲ့ သည်။ စာ စဖတ်တတ်စဉ်ကပင် မြန်မာရာဇ၀င်စာအုပ်များကို အလွန်နှစ်ခြိုက်စွာ ဖတ်ရှုခဲ့သည်။ အူရဒူစာပေကို စတုတ္ထတန်းထိ သင်ကြားခဲ့ပြီး အူရဒူမစ္စတာဂဖားက စာ စစ်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် မူလတန်းဆရာဖြစ်သင်တန်းကို တောကြိုတောင်ကြားများ ဖြတ်၍ အခက်အခဲများကြား မှ သက်စွန့်ဆံဖျား သွားရောက် သင်ယူခဲ့ရသည်။

သခင်လှုပ်ရှားမှု
—————–
ကချင်ပြည်နယ် ဟူ၍ပင် သတ်သတ်မှတ်မှတ် မဖြစ်ပေါ်သေးသည့် ၁၉၃၀-၄၀ ခုနှစ်ကာလတွင် မြစ်ကြီးနား၊ ဗန်းမော် စသည့် မြို့များတွင် နယ်ခြားဒေသဥပဒေ (Frontier Act) ပုဒ်မ-၂ အရ ၂၄ နာရီအတွင်း ပြည်မသို့ နယ်နှင်ဒဏ်ပေးနိုင်သည့် ဥပဒေ ခြိမ်းခြောက်နေချိန် ဖြစ် သည်။ ပြည်မတွင်လည်း ဒို့ဗမာအစည်းအရုံးနှင့် နဂါးနီ စာပေတို့၏ လှုံ့ဆော်မှုကြောင့် အမျိုးသားစိတ်ဓာတ် တ ဟုန်ထိုး မြင့်တက်နေချိန်ဖြစ်သည်။ နယ်ခြားဒေတွင်မူ နယ် ချဲ့လက်ပါးစေများ ဘုန်းမီး​နေလ ထွန်းတောက်နေသော ကာလဖြစ်သည်။ ထိုကာလ `နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ် လပ်ရေး´ အသံများ ဟပင် မဟရဲကြချိန်တွင် စတီးဘရား သားကုမ္ပဏီမှ ဦးသီလ (အထက်အရာရှိ အင်္ဂလိပ်ကပြား နှင့် စကားများပြီး မျက်နှာကိုထိုးပြီး လခပင် မယူဘဲ ပြောင်းလာခဲ့သူ)သည် ဗျူရိုကရက်ဆန့်ကျင်ရေး၊ အမျိုးသား စိတ်ဓာတ်ထွန်းကားရေးများကို မန္တလေး သူရိယသတင်းစာ တွင် လက်သံပြောင်စွာပင် အဆက်မပြတ် လှုံ့ဆော်ရေးသား လေသည်။ နောင်တွင် သခင်မင်းညိုဖြစ်လာမည့် မောင်ကျော်အေးသည် ၎င်းပုဂ္ဂိုလ်ကြီးနှင့် ဆက်စပ်မိရာမှ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓာတ်များ စတင်တက်ကြွလာ တော့သည်။ ထိုမှတဆင့် ၁၉၃၆ ခုနှစ်၊ အောက်တိုဘာလတွင် လူ(၇)ဦးနှင့် သင်္ဃန်းဝတ်တစ်ပါးတို့ ပါဝင်သည့် ”ဗန်း မော်စီရင်စု-ဒို့ဗမာအစည်းအရုံး ကလပ်စည်း” ကို စတင် ဖွဲ့စည်းလိုက်သည်။ ၎င်းတို့မှာ –
၁။ ဦးသီလ (နာယက)
၂။ သခင်ဗဦး (အကျိုးဆောင်)
၃။ သခင်မကြီး မှုံ
၎။ သခင်မြရင်
၅။ ကိုစိန်-လခစား ၀န်ထမ်း၊ လျှို့ဝှက်အမည်(သခင်ဗဖိုး)
၆။ သခင်ဥတ္တမ (လူဝတ်လဲပြီးနောက် – သခင်စိန်)
၇။ သခင်မင်းညို (အသက်အငယ်ဆုံး)
၈။ ရဲဘိုးအောင် တို့ ဖြစ်သည်။

ဧည့်သည်အဖြစ် ရွှေကူမြို့ ခုန်ခမ်းရပ်မှ သခင် ကျော်ရ ပါဝင်ခဲ့ပြီး ၎င်းသခင်အစုကို မင်းတိုင်ပင်အမတ် ဆရာထီး၊ ရှေ့နေ ဦးစောရီ၊ စာရေးကြီး ကိုခင်မောင်နှင့် သိမ်ကျောင်းဆရာတော် ဦးဝါသ၀(သခင်မင်းညို ဖခင်နှင့်  ဆရာရင်း ဒကာရင်းကဲ့သို့ ခင်မင်) တို့က အားပေးခဲ့သည်။ ထိုမှစ၍ အသက် ၂၁ နှစ်အရွယ်ခန့် မောင်ကျော်အေးသည် `သခင်မင်းညို´ ဟု အမည်တွင်လာခဲ့သည်။

သတင်းထောက်ဘ၀ သခင်မင်းညို
————————————–
သခင်မင်းညိုသည် နာယကကြီး ဦးသီလ အဆက် အသွယ်ဖြင့် မန္တလေးသူရိယသတင်းစာ ဗန်းမော် သတင်း ထောက် ဖြစ်လာပြီး ”အရေးပိုင်ပြီးရင်ငါ၊ ဘယ်ဗမာမှ လူ ရာမသွင်း ” ဆိုသူ အရေးပိုင်ရုံး စာရေးကြီး၏ လာဘ်စားမှု များကို ”နင်မတတ်လို့” ခေါင်းစဉ်ဖြင့် သတင်းစာတွင် ရေး လိုက်သည်။ ဗန်းမော်မြို့ တခွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြီး ”နတ်မဲကြီး” ခေါင်းစည်းနှင့် ဆောင်းပါးတစ်ပုဒ် ထပ်ပါ လာသည့်အခါတွင်မူ နာယကကြီး ဦးသီလကို မျက်နှာဖြူ အရေးပိုင်ကြီး ခေါ်တွေ့လေတော့သည်။ ဦးသီလက ဆောင်းပါးရှင် မည်သူဆိုသည်ကို မပြောသည့်အပြင် ပြန် လည် ဟိန်းဟောက်သည့်အခါတွင်တော့ မျက်နှာဖြူတို့ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ထိုစဉ်မှစ၍ ဦးသီလအား ဗန်း မော်လူထုက `မီးခဲကြီး´ ဟူသော ဘွဲ့အမည် ပေးလိုက်သည်။

ရက်အနည်းငယ် အကြာမှာပင် နယ်ခြားဒေသ ဥပဒေပုဒ်မ-၂ အရ သခင်ဗဦးနှင့် သခင်မင်းညိုတို့အား ကသာသို့ နယ်နှင်ဒဏ်ပေးရန် စီစဉ်နေကြောင်း မင်းတိုင်ပင်အမတ် ဆရာထီး သတင်းရ၍ ဆရာထီးနှင့် အရေးပိုင်တို့ တချီတစ်ပွဲ နွှဲခဲ့ကြရပြန်သည်။

ရက်ပိုင်းအတွင်း အမျိုးသားအောင်ပွဲနေ့ ရောက် ရှိလာသည့်အခါ ရဲဘိုးအောင်၊ ရှေ့နေဦးစောရီ နှင့် စာရေး ကြီး ကိုခင်မောင်တို့ သုံးဦးခေါင်းဆောင်၍သခင်မင်းညို အရွယ်(၁၃)ဦး ပါဝင်သည့် သမဂ္ဂ တူရိယာအဖွဲ့သည် ဒေါင်းအလံရှေ့က လွှင့်ထူ၍ တစ်​မြို့လုံးပတ်ချီတက်ခဲ့ကြသည်။ ၎င်းအဖွဲ့တွင် သခင်မင်းညိုသည် ဘင်ဂျိုတီး အဆိုတော် အဖြစ် ပါဝင်ခဲ့ပြီး နယ်ချဲ့သမားတို့၏ တပ်စိပ်များအနီး ရောက်သည့်အခါ ကြောက်ရွံ့၍ ရပ်ဆိုင်းသွားခြင်းမရှိသည့် အပြင် အသံပိုကျယ်လောင်စွာပင် တီးမှုတ်သီဆိုခဲ့လေသည်။

ကျောင်းအသိအမှတ်ပြု လက်မှတ်ရရေး
——————————————-
သခင် မင်းညိုသည် ကျောင်းအသိအမှတ်ပြု လက်မှတ် ရုပ်သိမ်းခံရသည့် ညောင်ပင်ရပ် တောင်ပိုင်း မဟာစေတီ ကျောင်းတိုက် အလယ်တန်းကျောင်း လက်မှတ် ပြန်ရရေးအတွက် ကျောင်းထိုင်ဆရာတော် ဦးကုလနှင့်အတူ မဆုတ်မနစ် ကြိုးပမ်းပေးခဲ့ရာ နွားပင် အခမဲ့ နှစ်နှစ်နီးပါး ကျောင်းပေးခဲ့ရသည်။ ကသာမြို့ရှိ ဟေမာယသွလ်အစ္စလာမ် အသင်းကလည်း ၎င်းတို့ကျောင်းတွင် ဆရာသာရှိလျှင် အသိအမှတ်ပြုလက်မှတ် ရနိုင်မည်ဟု ဆိုလာသည့်အတွက် ကသာသွား၍ ဆရာကြီး မော်လ၀ီဦးဟာရှင်(ဥက္ကံ) နှင့်အတူ ကြိုးစားလိုက်ရာ ခြောက်လခန့် အတွင်း ကျောင်း အသိအမှတ်ပြုလက်မှတ် ရရှိခဲ့သည်။ အစ္စလာမ်ဘာသာရေး စာပေရော၊ ခေတ်ပညာပါ တွဲဖက် သင်ကြားပေးနိုင်သည့် ဆရာဖြစ်လက်မှတ်ရ ပုဂ္ဂိုလ်ရှားပါးလွန်း၍ ၀ါးခယ်မမြို့နယ်၊ ကျွန်းကုန်းရွာကပင် သခင်မင်းညို အား လှမ်းခေါ်ခဲ့သေးသည်။

ယုံကြည်ချက် မစွန့်သူ သခင်မင်းညို
—————————————
သခင် မင်းညိုသည် ကသာတွင် သခင် ဗဦး (ရှေ့နေ)၊ သခင်ချစ်ထူး (ဘိလပ်ရည်)၊ သခင် ကျော်ဝင်း (ရှေ့နေ-မန္တလေး)၊ သခင်အာယု(မိုးတား-သီဟိုဠ်ပြန်၊ ပါဠိ ပါမောက္ခ)၊ ဆရာကြီး ဦးစောပိုင်၊ ကိုနေ၀င်း(ကာယဗလ) တို့နှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး ပြောင်ပြောင်တင်းတင်း လှုပ်ရှားခဲ့သည်။ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ နဘား၊ မော်လူး၊ မဲဇာ၊ ကောလင်း၊ ၀န်းသို မြို့များအထိ အခွင့်သာတိုင်း သခင်တရား လိုက်ဟောခဲ့သည်။ ကောလင်းတွင် အရှေ့ဗလီအရောက် သခင်ဦးထုပ် (၀ါးဖတ် ဦးထုပ်) ချွတ်၍ အဆွရ်ဆွလာသ် ၀င်ဝတ်ပြုသည်ကိုမြင်၍ ဒေသခံ ဗမာမွတ်စ်လင်မ်များအဖို့ အထူးအဆန်းသဖွယ် ဖြစ်ခဲ့ရသည်။ ဟေမာယသွလ် အစ္စလာမ်ကျောင်းတွင် ကျောင်းဆရာလုပ်ချိန် ကျောင်းသား သပိတ်ကြီးပေါ်ပေါက်ခဲ့သည်။ လူထုအုံကြွနေချိန်တွင် ကျောင်းကို ဆရာကြီး မော်လ၀ီဦးဟာရှင် နှင့် လွှဲထားပြီး သပိတ်တွင် တက်ကြွစွာ ၀င်ရောက်ပါဝင်ခဲ့သည်။ အရေးအခင်းကြီး အေးသည့်အချိန်တွင် ပညာအုပ်က သခင်မင်းညိုကို ကောလင်းမြို့နယ် တာရွာ ဘုန်းတော်ကြီး ဦးအာစရ (ငှက်တွင်းဂိုဏ်း)ကျောင်းသို့ ရွှေ့ပြောင်းလိုက်သည်။ ကောလင်းတွင် လက်ရုံးတပ်ဗိုလ် သခင်ဘထွန်း၊ သခင်ဗဆင်၊ သခင်အောင်ဘ စသည့် လူငယ်သခင်များနှင့် တွဲမိခဲ့သည်။ ၎င်းင်းတွင် လက်ရုံးတပ်သား ၂၀ ခန့်ကို သခင်ဘထွန်း အုပ်ချုပ်ပြီး သခင်မင်းညိုသည် အကြံပေး တာဝန်ယူခဲ့သည်။

တစ်ရက်တွင် ရာဇ၀တ်အုပ် ဦးမြဒင် ရောက်ရှိလာပြီး အစိုးရဆန့်ကျင်ရေး မလုပ် ရန် လာရောက် သတိပေးရာ သခင်မင်းညိုက ” ဟားဟား …ကိုမြဒင် ..ခင်ဗျား တာဝန် နဲ့ ခင်ဗျားပဲ …  ကျွန်တော်တော့ ကျောင်းဆရာ အဖြစ်က နှုတ်ထွက်ပြီး ယုံကြည်ချက်အတိုင်း ဆက်လုပ်မယ် ” ဟု ဆိုကာ ကျောင်းဆရာအဖြစ်မှ နှုတ်ထွက်လိုက်လေတော့သည်။

ဗမာမွတ်စ်လင်မ်လူငယ်များ နိုးကြားရေးအဖွဲ့ တာဝန် ထမ်းဆောင်စဉ်
—————————————————————————–
ဒေါက်တာရွှေခဲ သဘာပတိအဖြစ် ဆောင်ရွက် သည့် ဗမာမွတ်စ်လင်မ်လူငယ်များ နိုးကြားရေးအဖွဲ့ ညီလာခံကို မန္တလေးမြို့တွင် ကျင်းပခဲ့ရာ ၎င်းတွင် သခင် မင်းညိုက ”ရဲရဲတောက် မကြောက်တရား” ဟောကြားခဲ့ပြီး အထက်ဗမာပြည် စည်းရုံးရေး တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

မြေဒူးနယ်တွင် ဗမာမွတ်စ်လင်မ်များ ရွာနှင့်ချီ ရှိသည်ဟု သခင်ဗဆင်တို့၏ ပြောကြားမှုကြောင့် သခင် မင်းညိုသည် ကန့်ဘလူသို့ ခရီးဆက်ခဲ့သည်။ ထိုမှတဆင့် မြေဒူး ဗုတ်တောရွာရှိရာ အနောက်ဘက် ၁၀ မိုင်ခန့်ကို ကိုရဲလှ (ဗုတ်တောရွာသား)နှင့်အတူ တောကြီးမျက်မည်း ဖြတ်၍ သွားသည်။  နောက်ဆုံး ရွာသို့ရောက်ရာ ကျောင်းအုပ် ဆရာကြီး ဦးညွန့်နှင့် ဆရာဦးဘိုးချယ်တို့၏ စီစဉ်မှုဖြင့် `နိုးကြားရေးအဖွဲ့အကြောင်းနှင့် မကြောက်တရား´ ဟောကြား ခဲ့သည်။ အေရှာဆွလာသ်အပြီးတွင် ဗုတ်တော၊ ဆားကုန်း၊ ဆားကိုင်းနှင့် ရွာသစ်တို့ ပါဝင်သည့် လေးရွာအုပ်စုမှ တောင်သူလယ်သမား တိုင်းရင်းသား မွတ်စ်လင်မ်ထုကြီးကို အာရဗီသိပ္ပံကျောင်းကြီး ဗလီမျက်နှာစာရှေ့တွင် ဟော ကြားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ၎င်းကျောင်းကြီးသည် မြေပိုင်ရှင် ဒေါ်မယ်မသား ကိုဧမောင် ဆောက်လုပ်လှူဒါန်းထားသည့် ဆားကုန်းဗလီ မျက်နှာစာရှေ့ရှိ တစ်ထပ်ကျောင်းအဆင့်သာ ဖြစ်သည်။ ဆရာကြီးခွာ၊ ဆရာကြီးသိန်း တို့ ဘာသာရေးပညာသင်ကြားပြီး ကျောင်းအုပ်မှာ ဆရာကြီးပုံ ဖြစ်သည်။ သည်ဘက်ခေတ်တွင် ကန့်ဘလူမြို့ ပေါ်တွင် မြေပိုင်ရှင် ဒေါ်မိ (ဗုဒ္ဓဘာသာ) လှူထားသည့် မြေကွက်တွင် ခန့်ညားထည်ဝါစွာ ကျောင်းသား သုံးလေးရာကို ဘာသာရေးပညာ သင်ကြားပေးနေသည့် ကန့်ဘလူ အာရဗီသိပ္ပံကျောင်းကြီးသည် ထိုစဉ်က ကျောင်းသား သုံး လေးဆယ်သာ ရှိသေးသည်။ သခင်မင်းညိုသည် ဗုတ်တော တွင်နေစဉ် ထိုကျောင်းကြီးတွင် မော်လ၀ီလောင်းများကို သမိုင်းနှင့် မြန်မာဘာသာကို တစ်ပတ်တစ်ကြိမ် လက်ချာ ပေးခဲ့သည်။

လေးရွာအုပ်စု တရားပွဲသို့ လမ်းကြုံဝင်ရောက် နားထောင်သည့် ဦးကာလုံဆိုသူကလည်း နောက်နေ့တွင် ၎င်း၏ မှော်တောရွာတွင်ပါ လာရောက် ဟောပြောပေးရန် ဖိတ်သွားခဲ့သည်။ ထို့ကြောင့် တရားပွဲပြီး နောက်တစ်နေ့ အဆွရ်အပြီးတွင် မှော်တောရွာသို့ တစ်ဦးတည်း သွားခဲ့သည်။ ရွာလယ်ရောက်သည့်အခါ ဗလီ (ဗုဒ္ဓဘာသာ ဘုန်း ကြီးကျောင်းဟု အထင်မှားရလောက်အောင် မြန်မာမှု ပီသ၊ အဇာန်သံကြား၍သာ ၀င်သွားခဲ့) တွင် ဦးကာလုံနှင့် အပေါင်းပါတစ်စုနှင့် တွေ့ပြီး တရားပွဲအတွက် စီစဉ်ကြသည်။ ၎င်းဗလီ မျက်နှာစာရှေ့တွင် တရားပွဲကျင်းပပြီး ဦးဆင့်(မှော်တော အစိုးရမူလတန်းကျောင်းဆရာကြီး) က သဘာပတိ လုပ်ခဲ့သည်။ ပရိသတ် ၁၅၀ ခန့် ရှိသည့် ၎င်းတရားပွဲတွင် တောင်ဘက်ခြမ်းရွာမှ ဗုဒ္ဓဘာသာ ဆရာ တော်ကြီးနှင့် ကိုရင်သုံးပါးကပင် တကူးတက လာရောက် နားထောင်ခဲ့ရသည်။

ထိုမှတဆင့် သခင်မင်းညိုသည် ဗန်းမော်ပြန်ရန် စီစဉ်နေစဉ် `ကောလင်းကျောင်း တစ်ဆင့်မြှင့်ရန် လုံးပမ်းနေသည်။ အခမဲ့လုပ်အားပေးရန်´ ဟု စာရောက်လာ၍ သွားရောက် လုပ်အားပေးခဲ့သည်။

၁၉၃၈ ခုနှစ်တွင် မန္တလေးတွင် ကျင်းပသည့် နိုးကြားရေးညီလာခံမှ သခင်မင်းညိုအား ၀ါဒစည်းရုံးရေးမှူး တာဝန်ပေးအပ်ခဲ့သည်။ သခင်မင်းညိုသည် မြေဒူးနယ် တစ်ဝိုက် နိုးကြားရေးဝါဒဖြန့် စည်းရုံးရင်း နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး လှုံ့ဆော်တရားပွဲများကို အခွင့်သာတိုင်း ဆရာဦးဘိုးချယ်နှင့်အတူ ပြုလုပ်ခဲ့သည်။ ဗုတ်တော(၄)ရွာမှ လူငယ်လူရွယ်များကို ဗမာ့လက်ရုံးတပ်၏စစ်ရေးလေ့ကျင့်မှုများ သင်ကြားပေးခဲ့သည်။ အင်္ဂလိပ်လက်ပါးစေ ပုလိပ်ဦးသူတော် ဆိုသူသည် ကန့်ဘလူပုလိပ်ဌာနမှ အထူးတာဝန်ပေးအပ်မှုအရ သခင်ကြီးနောက်သို့ မြင်းပုစီးပြီး တကောက်ကောက် လိုက်နေခဲ့သည်။ နိုးကြားရေးပြန်တမ်းတွင် မြေဒူးမြို့နယ် စည်းရုံးရေးလှုပ်ရှားမှုကို အတက်ကြွဆုံးအဖြစ် ဖော်ပြခဲ့သည်။ (ပသီကိုကိုလေး ပြုစုသော `မြန်မာ နိုင်ငံနှင့် အစ္စလာမ့်သမိုင်း´ ပထမတွဲ)

နိုးကြားရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးကိုကိုလေး (စိုက်ပျိုးရေးဝန်ထောက်-မန္တလေး-ပင်စင်) ဗမာပြည် အ ရပ်ရပ်မှ ဘာသာ၊ သာသနာ၊ ပညာရေးတိုးတက်မှု လိုလားသူ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ကြွရောက်ကြသည့် အာရဗီသိပ္ပံကျောင်းကြီး အတန်းတင်စာမေးပွဲကြီး ကျင်းပရာတွင်လည်း စာမေးပွဲကြီး မကျင်းပမီအကြိုညများတွင် ရွာဆရာများ၏ ဘာသာရေးတရားပွဲ၊ သခင်ကြီးတို့၏ နိုးကြားရေး တရားပွဲများဖြင့် ညတစ်နာရီ၊ နှစ်နာရီတိုင် စည်ကားခဲ့ သည်။

တရားဟောကြားပုံ
———————
ဦးစွာ တတ်သမျှ ဖတ်ရွတ်သရဇ္ဈယ်သည်။ ”တကောင်း အဘိရာဇာ တို့ ဗမာ….” အစချီ ဒို့ဗမာသီချင်းကို ခုနှစ်မောင်းတင် လက်သီးလက်ရုံးတန်း၍ ဟဲသည်။ ဗမာ မွတ်စ်လင်မ် (နိုးကြားရေး) သီချင်းတစ်ပုဒ် ဟဲသည်။ ထို့နောက် ဗမာမွတ်စ်လင်မ်သမိုင်း၊ ဗမာမွတ်စ်လင်မ်တို့ တိုင်းပြည်အကျိုး ကျရာ တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်ခဲ့ပုံ၊ အင်္ဂလိပ်နယ်ချဲ့များနှင့် သုံးကြိမ် ဆင်နွှဲခဲ့ရသည့် သူ့ကျွန်မခံ စစ်ပွဲများတွင် တိုင်းပြည်အတွက် အသက်အိုးအိမ်စည်းစိမ် စွန့်လွှတ်ခဲ့ပုံ၊ မျက်မှောက် မွတ်စ်လင်မ်တို့ အခြေအနေ၊ နိုးကြားရေးအဖွဲ့ ရည်ရွယ်ချက်၊ လဆန်းရောင် စာစောင်ကြော်ငြာ၊ နယ်ချဲ့ဆန့်ကျင်ရေး ”ရဲရဲတောက် မကြောက်တရား” စသည်တို့ကို နှစ်နာရီကြာတင်ပြပြီး ”အ ရေးတော်ပုံ အောင်ရမည်” ဟူသော ကြွေးကြော်သံနှင့် နိဂုံးချုပ်လေ့ရှိသည်။
တရားပွဲ အချို့တွင် ဆိုလျှင် အမျိုးသမီးထု၏ တောင်းဆိုမှုကြောင့် အမျိုးသမီး သီးသန့်ဝိုင်းများကို နောက်ဆက်တွဲအဖြစ် ဖဂျရ်အဇာန် ဆိုသည့်တိုင် ဟောကြားခဲ့ရဖူးသည်။

သခင်မင်းညို၏ ဘာသာတရား ကိုင်းရှိုင်းမှု
———————————————-
မွတ်စ်လင်မ် မိဘများက မိမိသားသမီးများကို ”ဒီသခင်ကောင်နဲ့ မပေါင်းနဲ့၊ ဒီကောင် ထောင်စာ…”ဟု ဆိုကာ သခင်မင်းညိုနှင့် အပေါင်းအသင်းမပြုရန် တားကြ သည်။ သို့သော် သခင်ကြီး၏ ဘာသာတရားကိုင်းရှိုင်းမှုကြောင့် နောက်ဆုံးမှာမူ ၎င်းတို့သည် သခင်ကြီးနှင့် ဖက်လဲတကင်း ခင်ခင်မင်မင် ဖြစ်လာကြရတော့သည်။

သခင်မင်းညိုပြောသည့်  အစ္စလာမ်နှင့်  ကွန်မြူနစ်ဝါဒ
———————————————————–
အစ္စလာမ်တွင် ဖန်ဆင်းတော်မူသည့် အလ္လာဟ် ရှိသည်။ ကျမ်းမြတ်ကုရ်အာန် ရှိသည်။ တမန်တော်ရှိသည်။ ရတနာသုံးပါး ဖြစ်သည်။ ကွန်မြူနစ်ဝါဒတွင်မူ ဖန်ဆင်းရှင် မရှိ၊ ကာလ်မက်စ်၊ လီနင်တို့ ထိုးထွင်းကြံဆ တီထွင်ထားသည့် လက်ဝဲ၀ါဒ တရားသာ ရှိသည်။

သခင်မင်းညိုသည် ဗမာမွတ်စ်လင်မ်ကွန်ဂရက် (ဗမက)၏ ဗန်းမော်မြို့နယ် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ၁၉၄၇ ခုနှစ်တွင် ဗန်းမော်မြို့ ပြဇာတ်အဖွဲ့နှင့် ဘားကျွမ်းအဖွဲ့တို့တွင်လည်း ပါဝင်ခဲ့သည်။ ဗန်းမော်မြို့ မဟာသိမ်တော်ကြီးပွဲခင်း `နေသူရိန်´ ဇာတ်ရုံတွင် ဦးကျော်ဇော၊ ဦးကျော်အေးတို့နှင့်အတူ နှစ်ရက်အတွင်း ဇာတ်တိုက်၍ ဗမက ရန်ပုံငွေအတွက် ကပြခဲ့သည့် ”နိုင်ငံတော် လုပ်ကြံမှု” ပြဇာတ်ဆိုလျှင် ရန်ပုံငွေ နှစ်သောင်းကျပ်ကျော် ရခဲ့သည်အထိ အောင်မြင်ခဲ့သည်။ (ထိုခေတ်က လက်ဖက်ရည်တစ်ခွက် ပြား ၂၀)။ ပြဇာတ် ကြည့်ရှုကြသည့် အဖွားအိုများ ဆိုလျှင် ” အောင်ဆန်းရေ…. ”ဟု အော်ကာ ထိုင်ငိုခဲ့ရသည်အထိ လူအများ၏ ရင်ကိုထိကြေကွဲ ၀မ်းနည်းစေခဲ့သည်။ ထိုခေတ်တွင် ဘာသာပေါင်းစုံ စိတ်ဝမ်းကွဲပြားမှု လုံးဝမရှိခဲ့ပေ။

အသက် (၁၀၁)နှစ်ရှိပြီ ဖြစ်သော်လည်း သခင်ကြီးသည် စကားကို ကြာရှည်စွာ မမောနိုင်ပြောနိုင် သေးသည်။ စာများစွာကို အချိန်ကြာကြာ မျက်မှန်မလိုဘဲ ဖတ်နိုင်သေးသည်။ တစ်ဦးတည်း သွားလာလှုပ်ရှား နိုင်သေးသည်။ ကျန်းမာရေး အထူးလိုက်စားသည်။ နေ့စဉ်အချိန်မှန် လမ်းလျှောက်ထွက်သည်။ လူငယ်များအား ဆွလာသ် ၀တ်ပြုရန်နှင့် ဒိုအာတောင်းရန်၊ မကြောက်ရန်၊ မဆဲရန်၊ မလိမ်ရန်၊ မခိုမကပ်ရန် ဆုံးမလေ့ရှိသည်။ ”ရဲရဲတောက် မကြောက်တရား သခင်မင်းညို” သည် သားသမီး ငါးဦး၊ မြေး ၂၂ ဦး၊ မြစ်များနှင့် အတူ ဟသ/၄၊ ဗလမင်းထင်လမ်း ကန်တော်ရပ်ကွက်၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ်တွင် ကျန်းမာစွာနေထိုင်လျက် ရှိပါသည်။

မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်သည့် အဘ သခင်မင်းညို၏ အတ္ထုပတ္တိကို ခေတ်ကြေးမြင် မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

(ဝေးလံခေါင်ဖျားသည့် ကြားမှပင် အဘ သခင်မင်းညိုထံ တကူးတက အပင်ပန်းခံ ကိုယ်တိုင် သွားရောက် အင်တာဗျူးခဲ့သည့် ပသီဆောင်းနှင်းဖြူ ၏ အင်တာဗျူးကို ပြင်ဆင် တည်းဖြတ် ဖော်ပြပါသည်။
ပသီ ဆောင်းနှင်းဖြူအား ကျေးဇူးအထူး တင်ရှိပါသည်။)
စာတည်းအဖွဲ့

တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန်ရက် – မြန်မာ ၏ တတိယအကြိမ်မြောက် `ခေတ်ကြေးမြင်´နှစ်လည်မဂ္ဂဇင်း(၂၀၁၅-၂၀၁၆) ပါ ဆောင်းပါးဖြစ်ပါသည်။
==========================
ခေတ်ကြေးမြင်မဂ္ဂဇင်းကို ဝယ်ယူချင်ရင်တော့
ရွှေလက်​​ဆောင်​စာ​ပေ
အမှတ်​ ၂၃၃/၂၃၅၊ ၃၂လမ်း(အထက်​)၊ ပန်းဘဲတန်းမြို့နယ်​၊ ရန်​ကုန်​မြို့။
ဖုန်း- ၀၁ ၃၇၅၃၅၇၊ ၀၁ ၃၇၄၆၃၈၊ ၀၁ ၃၈၉၀၂၂ နဲ့  UMS Network ဖုန်း- ၀၉ ၂၆၁၃၅၀၈၃၀ } တို့ကို ဆက်သွယ်နိုင်ပါတယ်။

ရောင်းဈေးကတော့ တစ်​အုပ်​ ၂၈၀၀ိ/- ကျပ်ပါ။



Comments are closed.