1 day ago
ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ
3 days ago
ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ
4 days ago
ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ
1 week ago
ဘာသာရေးကို ခုတုံးလုပ် အမုန်းတရားဟောပြောမှုများအား မန္တလေးမြို့ ဘာသာပေါင်းစုံ အဖွဲ့ ရှုတ်ချ
1 week ago
ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်
1 week ago
သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး
1 week ago
Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး
2 weeks ago
မင်္ဂလာတောင်ညွှန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း ၂ ပါးကို တရားခံပြေးအဖြစ် အမိန့်ချ
2 weeks ago
မိထ္ထီလာတွင် မွတ်စလင်မ်ဥပုသ်လ ဝတ်ပြုခွင့်ရဖို့ တိုင်းအစိုးရကို တရားဝင် တင်ပြထားသော်လည်း အကြောင်းမထူးသေး
3 weeks ago
လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

ဘာသာပြန်သူ – ရဲမင်းဒင်

မြန်မာပြည်မှ အာဏာပိုင်ပုဂ္ဂိုလ်များသည် လူနည်းစုရိုဟင်ဂျာမွတ်စလင်များအား အမှန်တကယ်ရှိနေသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်အန္တရာယ်ပြုနေကြသူများအဖြစ် ပုံဖေါ်သတ်မှတ်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဤသို့ ရိုဟင်ဂျာမျိုးနွယ်စုဝင်များအား နိုင်ငံခြားသားများ သို့မဟုတ် သူစိမ်းတရံများအဖြစ်ဆက်ဆံကာ ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် မူဝါဒများကြောင့် ရိုဟင်ဂျာများသည် ‘ပြင်ပရန်သူများ’ ဖြစ်သည်ဟူသည့် အမြင်များ ဖြစ်လာစေခဲ့သည်။ ယင်းအချက်ကြောင့်ပင် မြန်မာပြည်၌ မည်သို့ပင် ခေါင်းဆောင် သို့မဟုတ် အစိုးရအပြောင်းအလဲများ ဖြစ်လာစေကာမူ ပဋိပက္ခများ အဆုံးမသတ်နိုင်သေးဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။

မြန်မာပြည်တွင် ရိုဟင်ဂျာများကို သူစိမ်းတရံများအဖြစ်သတ်မှတ်ကာ နှစ်ရှည်လများဖယ်ထုတ်ထားခဲ့ပြီး၊ ၎င်းတို့၏ လူမှုဘ၀လွတ်လပ်ခွင့်များအပါအ၀င် အဘက်ဘက်မှ ပိတ်လှောင်ထားရန် ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒအမျိုးမျိုးကြားတွင် ရှင်သန်နေခဲ့ရသည်။ ဥပမာတစ်ခုဆိုရလျှင် ၁၉၈၂ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင်ဟောင်း ဦးနေ၀င်းက မြန်မာ နိုင်ငံသားဥပဒေသစ်ရေးဆွဲခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “ကုလားနှင့် တရုတ်လူမျိုးများသည် ယုံကြည်လို့ မရသည့်အတွက် အပြည့်အ၀နိုင်ငံသားအဖြစ်သတ်မှတ်ကာ နိုင်ငံသားအခွင့်အရေးများပေးရန် မပေးသင့်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။ အကြောင်းရင်းမှာ နိုင်ငံတော်လုံခြုံရေးနှင့်ဆိုင်သည့်အတွက်ဟု ဆိုပါသည်။ ယင်းသို့ပင် ရိုဟင်ဂျာများသည် အခြေခံအခွင့်အရေးများ ငြင်းပယ်ခံခဲ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

စစ်အာဏာရှင်ခေတ် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာများအပေါ် သီးသန့်မူဝါဒများချမှတ်ကျင့်သုံးမှုမှာ ပိုမို၍ စနစ်တကျဖြစ်လာခဲ့သည်။ မြန်မာပြည်၏ ထိပ်တန်းအာဏာပိုင်များနှင့် နိုင်ငံရေးသမားများက ရိုဟင်ဂျာများသည် နိုင်ငံ့အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေး၊ လူမှုဘ၀လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်အန္တရာယ်ပြုနေသူများအဖြစ် ပုံဖေါ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာအရေးသည် သာမန်နိုင်ငံရေး အ၀န်းအ၀ိုင်းတွင် ဆွေးနွေးရမည့် ကိစ္စမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အထူးခေါင်းစဉ်အောက် ရောက်သွားခဲ့သည်။ ထိုမှတဆင့် အစိုးရက ရိုဟင်ဂျာတို့အား ခလေးမီးဖွားခြင်းကို ကန့်သတ်ထိန်းချုပ်သည့် အမိန့်၊ ခရီးသွားလာခွင့်ကို ကန့်သတ်ချုပ်ခြယ်မှုများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့် အပါအ၀င် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားခွင့်ကို ငြင်းပယ်ခြင်းများအထိ အလွန်ဆိုးဝါးပြင်းထန်သောမူဝါဒများ ချမှတ်ကာ ကျင့်သုံး အကောင် အထည်ဖေါ်ခဲ့သည်။ ဤသို့ မူဝါဒများချမှတ်ကျင့်သုံးရခြင်းမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်အတွက် လုပ်သင့် လုပ်ထိုက်ကြောင်း တရားဘောင်ထူကြပြီး၊ ယင်းကပင် မြန်မာလူထုအတွင်း ရိုဟင်ဂျာလူမျိုးများအား “ပြင်ပရန်သူများ” ဖြစ်သည်ဟူသည့် အမြင်ကို ပိုမိုအားကောင်းလာစေသည်။

၂၀၁၂ ခုနှစ် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဤလုပ်ဆောင်ချက်များမှာ ပိုမိုပြင်းထန် လာခဲ့သည်။ အာဏာပိုင်များက သာမာန်လူထုအကြားတွင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား အန္တရာယ်ပေးမည့်ခြိမ်းခြောက်မှု အဖြစ် မကြာခဏပုံဖေါ်ဖန်တီးခဲ့သော်လည်း ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ ယခုအခါ ဤသဘောထားအမြင်များမှာ ပြည်သူလူထုအတွင်း ဆွေးနွေးပြောဆိုမှုများနှင့် စဉ်းစားတွေးခေါ်မှုများအပြင်၊ ပညာရေးကဏ္ဍ၊ အစိုးရသတင်းစာများနှင့် လူမှုကွန်ယက်မီဒီယာများပေါ်တွင်ပါ နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်သည်။ ထို့ပြင် လူဖတ်များသည့် သတင်းစာများမှ သတင်းသမားများ၊ ပညာရှင်များ၊ လူမှုအသိုင်းအ၀ိုင်းများ၏ ခေါင်းဆောင်များအပြင် သာမာန်ပြည်သူများကပါ ထိုကဲ့သို့ “လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအန္တရာယ်”ဟူသည့် ၀ါဒဖြန့်မှုများအတွင်း ကိုယ်တိုင်ပါဝင်စီးမျောရင်း ရိုဟင်ဂျာများကို လူသားမျိုးနွယ်တစ်ခုအဖြစ်ပင် မမြင်နိုင်တော့သည့် ပြောဆိုရေးသားမှုများ ရှိလာသည်။

ရိုဟင်ဂျာပြဿနာအား လုံခြုံရေးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပုံဖေါ်ဖန်တီးမှုက အခိုင်အမာဖြစ်တည်လာသည့်အတွက် အာဏာပိုင်များနှင့် လူထုအကြား အဆိုပါ ရိုဟင်ဂျာခြိမ်းခြောက်မှုဆိုသည့်အယူအဆကို ဖယ်ရှားရန် စိတ်မ၀င်စားတော့ပေ။

ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်မှ ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်သို့ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်လာသော်လည်း ရိုဟင်ဂျာအရေးအပေါ် သိသာသည့်အပြောင်းအလဲ ရှိမလာခဲ့ပေ။ ရိုဟင်ဂျာပြဿနာ ကို ပြန်လည်ပုံဖေါ်ရန် ကြိုးပမ်းလုပ်ဆောင်မှုများလည်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရပါတီဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း နောင်တော်အစိုးရအဆက်ဆက် ကိုင်ဆွဲခဲ့သည့်လမ်းစဉ်ကိုသာ သွေဖီခြင်းမရှိ ဆက်လက်လျောက်လှမ်းနေသည်။ ဤသည်ပင် ရိုဟင်ဂျာပြဿနာ၏ လုံခြုံရေးအယူကဲသည့် သဘောထားမှာ ၎င်းတို့ တတွတ်တွတ်ရွတ်ဆိုခဲ့သည့် လူ့အခွင့်အရေးနှင့် ပြန်လည်သင့်မြတ်ရေးဂါထာမန္တာန်တို့ထက်ပင် ပိုမိုအလေးအနက်ထား ကာ အထိအခိုက်မခံနိုင်ကြောင်း သိသာစေပါသည်။

ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် လုံခြုံရေးအမြင်ကဲသည့် သဘောထားကို ပြန်လည်တည့်ပုံဖေါ်ရန် သိသိသာသာခက်ခဲ သွားစေသည့် အဓိကအကြောင်းရင်း သုံးရပ်ရှိပါသည်။

ပထမအချက်မှာ – “ပြင်ပအန္တရာယ်”ဟူသည့် အယူအဆသည် မိမိကိုယ်တိုင်ပုံဖေါ်ဖန်တီးထားသည့် ခြိမ်းခြောက်မှု အန္တရာယ် (သို့မဟုတ်) အမှန်တကယ်ရှိမနေသည့် စိုးရိမ်ကြောင့်ကြမှုကို ဆက်လက်တည်မြဲနေစေရန် မရှိမဖြစ်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာလူမျိုးများကို လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားမှုမှာ မြန်မာ့နိုင်ငံရေးတွင် ကြားနေကျဖြစ်သည့် အဟောအပြောများအတွင်း စိမ့်ဝင်နေပါသည်။ ၎င်းမှာ ဗုဒ္ဓဘာသာဝင်လူအများစု၏ ရိုဟင်ဂျာများ အပေါ် ‘သူစိမ်း’များအဖြစ် သဘောထားသည့် ဆန့်ကျင်ဘက်အမြင်များ မပြောင်းလဲသမျှကာလပတ်လုံး၊ ၎င်းတို့အပေါ် ထားရှိသည့် သဘောထားအမြင်များ ပြောင်းလဲလာရန်မှာ ဖြစ်နိုင်ချေမရှိချေ။

ဒုတိယအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းနှင့်ပက်သက်သည့် သဘောထားအမြင်များမှာ အခိုင်အမာပီပီပြင်ပြင် ဖြစ်တည်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုမှာ ကဏ္ဍပေါင်းများစွာသို့ ကူးစက်ပျံ့နှံ့သွားသည်။ ရိုဟင်ဂျာဟူသည့် ခြိမ်းခြောက်မှု၏ရင်းမြစ်ကို ဘာသာရေး၊ လူမျိုးရေး အမှတ်လက္ခဏာများ၊ နိုင်ငံတော်နယ်နိမိတ်၊ လူ့အသိုင်းအ၀ိုင်းနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများနှင့် ဆက်စပ်နေမှုအား ဖြတ်ပစ်ရန်မလွယ်ကူပေ။ ယင်းပြဿနာက အလုံးစုံ သို့မဟုတ် နတ္ထိ ဟူသည့် အခြေအနေတစ်ရပ်ကို ဖြစ်လာစေသည်။ ထိုအခြေအနေမျိုးတွင် ခြိမ်းခြောက်မှုရင်းမြစ်ကို ကဏ္ဍတိုင်းမှ အလုံးစုံ ဖယ်ထုတ်ခြင်းမပြုနိုင်ပါက လူမှုရေးဆိုင်ရာဖိအားများကို ခါးစည်းခံနိုင်ရန်မှာ ပေးဆပ်ရမည့်တန်ဖိုး ကြီးမားလွန်းမည် သို့မဟုတ် အန္တရာယ်များလွန်းမည်ဖြစ်သည်။

နောက်ဆုံးအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေသည့် သဘောထားသည် ၎င်းကိုယ်နှိုက်က သက်ဆိုးရှည်စေသည့် သဘောသဘာဝရှိသည်။ ဆိုခဲ့ပါသဘောထားအယူအဆကို လှိုက်စားမည့် စိန်ခေါ်မှုများ မရှိသမျှကာလပတ်လုံး သို့တည်းမဟုတ် လူအဖွဲ့အစည်းအတွင်းရှိ အလွှာအသီးသီးမှ ထောက်ခံမှုများ ရရှိနေသမျှကာလပတ်လုံး ယင်းအယူအဆကို ခုခံရန် သို့မဟုတ် အဆုံးစွန်ထိ ဖယ်ရှားပစ်ရန်မှာ အလွန် ခက်ခဲဦးမည်ဖြစ်သည်။

ထို့ကြောင့်ပင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပစ်မှတ်ထားကာ ဆက်ဆံခြင်း ကသာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများစုနှင့် သာမာန်လူထုအတွက် သင့်တော်သော သို့မဟုတ် ဆင်ခြင်တုံတရား ရှိသော ရွေးချယ်မှုတစ်ခုဖြစ်နေသေးရာ အပြောင်းအလဲကိုသွားရာလမ်းမှာ ဝေးလွန်းနေသေးသည်ဟု ဆိုရမည်ဖြစ်ပါသည်။

 စာရေးသူ ကျော်ဇေယျာဝင်းသည် သုတေသီတစ်ဦးဖြစ်ပြီး၊ လူနည်းစုရေးရာကိစ္စရပ်များကို အဓိကထား၍ သုတေသန ပြုလုပ်နေပါသည်။

ဤ ဆောင်းပါးမှာ Australian National University’s Myanmar Update 2017  တွင် ၎င်းတင်သွင်းခဲ့သည့် စာတမ်းအား အနှစ်ချုပ်ဖေါ်ပြထားခြင်း ဖြစ်သည်။

မူရင်းဆောင်းပါးကို http://www.eastasiaforum.org/2017/03/25/myanmars-perpetual-other/  တွင် ဖတ်ရှုနိုင်ပါသည်။

 



Comments are closed.