6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၃ ၊ ၂၀၁၇
သာလွန်ဇောင်းထက် ရေးသည်။

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက် နတ်မောက်လမ်းသွယ် ၁ မှာရှိတဲ့ အမျိုးသမီး အသက်မွေးပညာအတတ်သင်ကျောင်းမှာ မနေ့က ကျနော်တို့ Noble Friends အဖွဲ့လေး သွားပြီး အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းကို အလွယ်ခေါ်ကြတာကတော့ နတ်မောက်ကျောင်းလို့ ခေါ်တဲ့ နေရာလေးကို သွားလှူဖြစ်ပါတယ်။

နတ်မောက်လမ်းသွယ် ၁ လမ်းရှိတဲ့ ဒီကျောင်းလေးက ရန်ကုန်မြို့လယ်ခေါင် အင်မတန်မှ အချက်အချာကျတဲ့နေရာမှာ ရှိပေမယ့် ဒီကျောင်းလေးအကြောင်း လူတွေ သိပ်မသိကြဘူး။

သာမန်အားဖြင့် ပြင်ပက ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးအသက်မွေး ပညာအတတ်သင်ကျောင်းလို့ နာမည်တပ်ထားတာမို့ ကျောင်းတစ်ခုလိုသာ ထင်စရာရှိတယ်။ ဒါပေမယ့်လည်း တကယ်တော့ အဲဒီနေရာလေးက ကျောင်းတစ်ခု ဆိုတာထက် ပိုပါတယ်။

ဒီကျောင်းလေးမှာ အားငယ်မှုတွေ ရှိတယ်၊ ဒီကျောင်းလေးမှာ ဘ၀မှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်၊ ဒီကျောင်းလေးမှာ မျှော်လင့်ချက်မဲ့နေတဲ့ ဘ၀တွေ ရှိနေတယ်။ ဒီကျောင်းလေးမှာ အရွယ်နဲ့မလိုက်အောင် ကြမ်းတမ်းခက်ထန်တဲ့ လောကဓံကို ခံလိုက်ရတဲ့ ရိုက်ချိုးခံလိုက်ရတဲ့ ဘ၀တွေလည်း ရှိနေတဲ့ နေရာလေး။


နတ်မောက်ကျောင်းဆိုတာ
================

အမျိုးသမီး အသက်မွေးပညာ အတတ်သင်ကျောင်း(နတ်မောက်ကျောင်း) ဆိုတာက အသက် ၁၈နှစ်အောက် အမျိုးသမီးငယ်လေး ခိုလှုံနေတဲ့ နေရာလေးပါ။

ဒီနေရာလေးမှာ နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မိဘမဲ့ သမီးငယ်လေးတွေနေတယ်။ ပြစ်မှုတစ်ခုခု ကျူးလွန်လို့ ပြစ်ဒဏ်ကျနေတဲ့ အသက် ၁၈ နှစ်အောက် သမီးငယ်လေးတွေ ယာယီ ခိုလှုံကြတယ်။ လူကုန်ကူးမှုကြောင့် ပြည့်တန်ဆာဖြစ် အခိုင်းခံရပြီး HIV/AIDS ကူးစက်ခံနေရတဲ့ သမီးငယ်လေးတွေ ရှိနေတယ်။ တရုတ်နိုင်ငံကို မယားအဖြစ် လူကုန်ကူးခံရပြီး ပြန်လည် ရောက်ရှိလာတဲ့ အမျိုးသမီးငယ်လေးတွေ ရှိနေတယ်။ သိပ်မကြာသေးခင်က အင်းဝအပ်ချုပ်ဆိုင်မှာ အနှိပ်စက်ခံခဲ့ရတဲ့ အိမ်ဖော် သမီးငယ်လေး ၁ ဦးလည်းရှိနေတယ်။

စိတ်ကျန်းမာရေး မကောင်းလို့ ကျန်းမာရေး မကောင်းလို့ ၂ ပေ ၊ ၆ ပေ ကုတင်လေးပေါ်မှာ ဘ၀ကို ကုန်လွန်နေကြတဲ့ ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကြီး ၇ ဦး လည်းရှိနေတယ်။ တွေ့တဲ့လူတိုင်းကို ရယ်ပြပြီး ခြေဟန် လက်ဟန်နဲ့ ဆက်သွယ်နေတဲ့ မသန်စွမ်း အမျိုးသမီးငယ် ၁ ဦးလည်းရှိနေတယ်။ စုစုပေါင်း ကံဆိုးကြတဲ့ အမျိုးသမီးငယ် ၅၇ ဦး ခိုလှုံရာ နေရာလေး။

နတ်မောက်ကျောင်းဆိုတာ တကယ်တော့ လောကဓံက မျက်နှာမပေးလို့ အဖြစ်ဆိုးကြတဲ့ သမီးငယ်တွေ ခိုလှုံရာနေရာလေး။

ဒီကျောင်းမှာ ပြစ်ဒဏ်ကျ သမီးငယ်တွေက အလုပ်လုပ်ရင်း ကုန်ဆုံးကြသလို အခြားသမီးငယ်တွေလည်း တွယ်တာမဲ့ ဘ၀တွေနဲ့ မျှော်လင့်ချက်မဲ့ နေထိုင်နေကြတယ်။

ဒီကျောင်းမှာ ရှိနေကြတဲ့ သမီးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေက သူ့ထက်သူ ပိုဆိုးကြတာမို့ အဆိုးပြိုင်နေကြသလားလို့တောင် တွေးထင်ရတယ်။

အငိုမျက်လုံး၊ အပြုံးမျက်ရည်
=================

Noble Friends အဖွဲ့ မေလ ၂၁ ရက်နေ့ နတ်မောက်ကျောင်းမှာ ရှိနေကြတဲ့ အမျိုးသမီးနဲ့ သမီးငယ် ၅၇ ဦးကို မနက်စာ မုန့်ဟင်းခါး၊ နေ့လယ်စာ ၀က်သား၊ ကြက်သားဟင်း၊ ညနေစာ ငါးဟင်းနဲ့ ကြက်သား ၃ နပ်စာ ထမင်းကျွေးဖြစ်ခဲ့တယ်။

နေ့လယ်စာ စားပြီးတော့ သူတို့လေးတွေနဲ့ ကျနော်တို့ အဖွဲ့က အဖွဲ့ဝင်တွေ ဂိမ်းဆော့ကြ၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲလေးတွေလုပ်ဖြစ်တယ်။

သူတို့အားလုံးမှာ သတိထားမိတာက တူညီတဲ့ မျက်ဝန်းတစုံ ရှိနေကြတာပဲ။ သူတို့အားလုံး မျက်ဝန်းတွေက ဖျော့တော့တယ်။ သူတို့အားလုံးရဲ့ မျက်ဝန်းတွေမှာ အားငယ်မှုတွေ တွေ့နေရတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ရှိနေတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ အနာဂတ်မဲ့နေတာ မြင်ခဲ့ရတယ်။ သူတို့အားလုံး မျက်ဝန်းတွေမှာ ဆောက်တည်ရာမရတွေ မြင်ခဲ့ရတယ်။

ကျေန်ာတို့နဲ့ ကစားနေကြချိန်မှာတော့ သူတို့ ခေတ္တ ခဏလေး ဘ၀ရဲ့ ကြမ်းတမ်းမှုတွေ ကို မေ့ပြီး သူတို့ ပျော်ရွှင်ကြတယ်။ သူတို့ ရယ်မောကြတယ်။ သူတို့ ပြုံးကြတယ်။ သူတို့နဲ့အတူ ကျနော်တို့ လည်း ဘ၀ရဲ့ အမောတွေ ခဏလေး လျစ်လျူရှုပြီး ပီတီဖြစ်ခဲ့ကြတယ်။

သူတို့ အငိုမျက်လုံးတွေမှာ အပြုံးတွေ ရှိလာဖို့ ကျနော်တို့ ယာယီ အလှဆင်နိုင်ခဲ့တယ်။ အားလုံးကို ကျနော်တို့ နှုတ်ဆက်တော့ သူတို့က ထွက်မသွားကြဘဲ ကျနော်တို့ကို စိုက်ကြည့်နေတယ်။ သူတို့ ပျော်နေတဲ့အချိန်လေးကို စွန့်ခွာရမှာ သူတို့ ကြောက်နေပုံပါပဲ။ သူတို့ ရယ်မောနေခဲ့ကြတဲ့အချိန်လေးကို လွတ်သွားမှာ သူတို့ ၀မ်းနည်းနေပုံပါပဲ။

နတ်မောက်ကျောင်းက ပြန်တော့ သူတို့ဘ၀တွေကို တွေးရင်း ကျနော် မျက်ရည်ဝဲမိတယ်။ သူတို့ပျော်ရွှင်တာကို ကြည့်ရင်း ကျနော် ပြုံးမိတယ်။ ကျနော်တို့တွေလည်း သူတို့လိုပဲ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ပါ။ နတ်မောက်ကျောင်းက ကျနော်တို့တွေ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ ပြန်ခဲ့ကြတယ်။

Comments are closed.