4 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
10 months ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
10 months ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
10 months ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
11 months ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
11 months ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
11 months ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
12 months ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
12 months ago
ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ

မေ ၂၃၊ ၂၀၁၇
M-Media

ရာဟာ မိုဟာရက်၏ တောင်တက်မှုမြင်ကွင်း

– အမေရိကန်ပြည်ထောင်စု အလာစကာက ဒီနာလီတောင်ရဲ့ အမြင့်ပေ ၁၇၀၀၀ ကို ရောက်ရှိနေတဲ့ ရာဟာ မိုဟာရက်တစ်ယောက် မြောက်အမေရိကရဲ့ အမြင့်ဆုံးတောင်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ဆော်ဒီအမျိုးသမီးဖြစ်ရေး သူမရဲ့အိပ်မက်တွေ ပြည့်ဝဖို့ နီးကပ်လာချိန်မှာတော့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့
ရပါတယ်။

သူနဲ့ သူ့ရဲ့အဖွဲ့ဟာ လေပြင်းတိုက်ခတ်မှု၊ သွေးခဲမတတ် အေးလွန်းတဲ့ အပူအချိန်၊ ဆိုးရွားတဲ့ ရေခဲချောက်ကြီးတွေအကြား ပိတ်မိနေခဲ့ပြီး ရေခဲထု ပြိုဆင်းတဲ့ ဘေးကနေလည်း သီသီလေး လွတ်မြောက်ခဲ့ပါတယ်။

“သိပ်ကို ကြမ်းတမ်းတဲ့ တောင်ကြီးရှင့်။ ရာသီဥတုကလည်း မကောင်းဘူး။ ကျွန်မဆို သေမလိုကို ဖြစ်တာ။ ဒီခရီးရဲ့ ထိတ်လန့်ကြောက်ရွံဖွယ်ရာ စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကျွန်မ တစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်” လို့ ၂၀၁၅ ခုနှစ် ဒီနာလီတောင်ကို တက်ရောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး သူမက ပြောကြားခဲ့ပါတယ်။

ဒီနာလီတောင်ကိုတက်တဲ့အချိန် သူနဲ့ သူမရဲ့အဖွဲ့ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေဟာ မမေ့နိုင်စရာတွဖြစ်ပြီး၊ တောင်ပေါ်မှာ တစ်ပတ်လောက် ပိတ်မိနေမှုကလည်း သူမမှာရှိနေတဲ့ အကြောက်လွန်စိတ်ကို ပြင်းထန်လာစေပါတယ်။

အရေပြားရောဂါ၊ အစာအိမ်ရောဂါတွေကို မိုဟာရက်တစ်ယောက် ခံစားခဲ့ရပြီး ခြေသည်းတွေအားလုံး ကွာသွားတဲ့ဘ၀ ရောက်ခဲ့ပါတယ်။ သေတော့မှာပါလားဆိုတဲ့ အတွေးက တစ်နေ့ကို အကြိမ်များစွာ ခေါင်းထဲ ရောက်ရောက်လာတယ်လို့လည်း သူမက ဆိုပါတယ်။

လက်ရှိ ဒူဘိုင်းမှာ နေထိုင်နေတဲ့ အသက် ၃၁ နှစ်အရွယ် ဆော်ဒီအမျိုးသမီး မိုဟာရက်အတွက် ဒီနာလီတောင်ကို တက်ရတာဟာ အခက်ခဲဆုံး အလုပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သူမဟာ ဧ၀ရက်တောင်အပါ အ၀င် ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်ဖို့ဆိုတဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရေး ရုပ်ပိုင်း၊ နာမ်ပို
င်းနဲ့ လူ့အဖွဲ့အစည်းက အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတာပါ။

“ကျွန်မဟာ ကိုယ့်ရဲ့စိတ်က ဖြစ်ချင်တဲ့အရာမှန်သမျှ ဖြစ်လာရမယ်ဆိုတာရဲ့ သက်ရှိထင်ရှားရှိနေတဲ့ သက်သေပါ။ ကမ္ဘာ့ထိပ်ဆုံးကို ဆော်ဒီအမျိုးသမီးတစ်ယောက် ရောက်နိုင်တယ်လို့ ဘယ်သူက ထင်မှာလဲ”

မိုဟာရက်ဟာ ဒီနှစ်နွေရာသီမှာ ဒီနာလီတောင်ကို ဒုတိယအကြိမ် ပြန်တက်ဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာတော့ စပွန်ဆာ ရှာနေပါတယ်။

ဒီနာလီတောင်ဟာ တိုက်ကြီး ၇ တိုက်က အမြင့်ဆုံးတောင် ၇ ခုမှာ မိုဟာရက် မတက်ရသေးတဲ့ တစ်ခုတည်းသောတောင် ဖြစ်ပါတယ်။ သူမဟာ ကီလီမန်ဂျာရို၊ ဧ၀ရက်၊ ဗင်ဆန်၊ အဲလ်ဘရက်စ်၊ ပွန်ကျက်ဂျာယာနဲ့ အေကွန်ကာဂွါ စတဲ့ အခြား တောင် ၆ ခုစလုံးကို အောင်မြင်စွာ တက်ရောက်ခဲ့ပြီးပါပြီ။

“ကျွန်မဘာလုပ်နေလဲဆိုတာ ကိုယ်တိုင်တောင်မသိတဲ့ အခါမျိုးတွေရှိတယ်။ ကျွန်မဟာ အခုထက် နည်းနည်းလေး ခြားနားသွားရင် ပိုကောင်းမယ်၊ ဆော်ဒီနိုင်ငံသားတစ်ယောက်မဟုတ်ရင် ပိုပြီး လွယ်ကူမယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်တဲ့အချိန်လည်း ရှိပါတယ်။ ကျွန်မ လုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့၊ အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ ကြံ့ကြံ့ခံနိုင်မှုမျိုးဟာ ဒါတွေကို မလုပ်ဘဲ စွန့်လွှတ်ဖို့ လိုအပ်တဲ့ သန်မာမှုမျိုးထက်ကို ပိုပါတယ်” လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ငယ်ဘဝ

မိုဟာရက်က သူမဟာ ငယ်ငယ်ကလေးကတည်းက သွက်လက်တယ်၊ ဖော်ရွေတယ်၊ ပြောင်းလဲလိုစိတ်ရှိတယ်၊ သတ္တိရှိတယ်လို့ ဆိုပါတယ်။ မိဘနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက လူတော်တော်များများဟာ သူမကို အခြားကလေးတွေနဲ့ မတူဘူးလို့ မှတ်ယူကြပါတယ်။ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်တော့ မိုဟာရက်တစ်ယောက် ဆော်ဒီအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ရှေးရိုးစွဲအမြင်တွေကို ချေဖျက်ခဲ့ရပါတယ်။

ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ်နဲ့ ဘွဲ့ရပြီး ဒူဘိုင်းက ဒီဇိုင်းလုပ်ငန်းတစ်ခုမှာ ၃ နှစ်တာ ကျင်လည်ခဲ့ပြီးတဲ့နောက်ပိုင်း ၂၀၀၈ ခုနှစ်မှာ မိုဟာရက်ဟာ မိဘတွေက ဆော်ဒီကိုပြန်လာနေဖို့ ခေါ်ယူမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ဟာ သူမအတွက် အချိုးအကွေ့ အချိန်တစ်ခုပါ။

မိဘတွေက သူ့ကို ပြန်ခေါ်ပြီး သင့်တော်တဲ့လူနဲ့ အိမ်ထောင်ချပေးမယ့်အချိန်အထိ စောင့်ဆိုင်းရတဲ့ ‘ကစားပွဲတစ်ခု’ ကို ကစားစေချင်တယ်လို့ မိုဟာရက်က ပြောပါတယ်။ ဒါပေမယ့် သူမကတော့ ဒီလိုဆန္ဒမျိုး မရှိပါဘူး။

“သူများတွေရဲ့ သမရိုးကျအမြင်တွေကို ကျွန်မ ဘယ်တော့မှ မဖျက်ပါဘူး။ ကျွန်မနဲ့ပတ်သက်တဲ့ အမြင်တွေကိုပဲ ဖယ်ရှားတာပါ။ သူများတွေရဲ့ မျှော်လင့်ချက်အပေါ်မှာ မူတည်ပြီး ကျွန်မတို့ ဘာ့ကြောင့် အသက်ရှင်ရမှာလဲ”

“ချောမောခန့်ညားတဲ့ အမျိုးသားမျိုးကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။ ကျွန်မ အိမ်ထောင်မပြုချင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါကြီးကို ထိုင်စောင့်မနေသင့်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မအတွက်တော့ ဒီ အယူအဆကြီးဟာ တော်တော်လေး ရူးနှမ်းပါတယ်” လို့ မိုဟာရက်က ပြောကြားခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဆော်ဒီကိုပြန်တဲ့အချိန်ဟာ ကပ်ဆိုးတစ်ခု ကျရောက်ခဲ့သလိုပဲလို့လည်း သူမက ၀န်ခံခဲ့ပါတယ်။ ဒူဘိုင်းမှာနေတုန်းက သူဟာ တက်ကြွပြီး အားကစားသမားတစ်ယောက် ဖြစ်ခဲ့ကာ တင်းနစ်၊ ဘောလီဘောတွေကိုလည်း ကစားခဲ့ပါတယ်။ အားကစားနဲ့ ပြင်ပလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ အမိမြေကို ပြန်ရောက်တဲ့အခါမှာတော့ မိုဟာရက်တစ်ယောက် အံဝင်ခွင်ကျ မဖြစ်တော့ပါဘူး။

အိပ်မက်များဆီသို့

တစ်ရက် သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတဲ့အချိန် ‘တောင်တက်ခြင်း’ ဆိုတဲ့ စကားတစ်လုံး ပါလာတဲ့အချိန်မှာ ခရီးသွားခြင်းနဲ့ စွန့်စားခြင်းကို ကြိုက်နှစ်သက်တဲ့ သူမအတွက် ရုတ်တရက်ဆိုသလို ဒီနယ်ပယ်ထဲဝင်ရောက်ဖို့ ဆန္ဒပြင်းပြလာခဲ့ပါတယ်။

ဒီအတွေးကို သူငယ်ချင်းတွေထံ ပြောပြတဲ့အခါမှာ အလေးထားခြင် မခံရဘဲ၊ တိုက်တွန်းအားပေးမှုလည်း မရခဲ့ပါဘူး။

ဒါပေမယ့် မိုဟာရက်ဟာ လက်မလျှော့ခဲ့ပါဘူး။

“ဒါကိုလုပ်တာက ကျွန်မအတွက် အရေးကြီးပါတယ်။ ပြီးတော့ ကိုယ့်အတွက် လုပ်ချင်တာပါ။ ဘယ်သူကမှ ကျွန်မလုပ်နိုင်လားပါ့မလား၊ လုပ်နိုင်ရဲ့လား၊ မလုပ်နိုင်ဘူးလားဆိုတာ ဝေဖန်လို့ မရပါဘူး”

မိုဟာရက်ရဲ့ ဒီဆုံးဖြတ်ချက်အတွက် မိဘတွေက သဘောမတူပေမယ့် ကန့်ကွက်တာမျိုးတော့ မလုပ်ကြပါဘူး။ သူမရဲ့ပထမဆုံး တောင်တက်ခရီးဖြစ်တဲ့ ကီလီမန်ဂျာရိုတောင်ကို မတက်ခင် မိုဟာရက်ဟာ ဘာ့ကြောင့် ဒီနယ်ပယ်ထဲကို ခြေစုံပစ် ၀င်ရောက်ခဲ့လဲဆိုတာ ဖခင်ကို အီးမေးလ်တစ်စောင်ပို့ အသေးစိတ် ရှင်းပြခဲ့ပါတယ်။

“အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ကျွန်မဆီ သွတ်သွင်းပေးခဲ့တာအဖေပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့၊ အိပ်မက်တွေ၊ စွမ်းဆောင်ရည်တွေအပေါ်မှာ ယုံကြည်မှုရှိဖို့လည်း အဖေ သင်ပေးခဲ့တယ်။ ဒါ့ကြောင့် ကျွန်မ ကြီးပြင်းလာတဲ့ ဒီယုံကြည်ချက်တွေအပေါ် လျှောက်လှမ်းဖို့ထက် အခြားအရာကိုလုပ်ဖို့ အဖေကပြောအုံးမှာလားလို့ ကျွန်မစာရေးခဲ့ပါတယ်” လို့ မိုဟာရက်က ဖွင့်ဟခဲ့ပါတယ်။

လအနည်းငယ်ကြာအောင် ဒီလို စည်းရုံးပြီးနောက်ပိုင်းမှာ မိုဟာရက်ဟာ ကီလီမန်ဂျာရိုတောင်ကို တက်ဖို့အတွက် မိဘတွေထံကနေ ယုံကြည်မှုတစ်ခု ရှရှိခဲ့ပါတယ်။

“အချိန်တော့ နည်းနည်းယူရတယ်။ လူ့အဖွဲ့အစည်းရဲ့ အယူအဆကို ဖြည်းဖြည်းချင်း ချေဖျက်ရတာကိုး။ ဆံပင်တွေကို စည်းမထားချင်ဘူး။ လွတ်လွတ်လပ်လပ် ဖြန့်ထားချင်တယ်။ စကတ်မ၀တ်ချင်ဘူး။ ဘောင်းဘီပဲ ၀တ်ချင်တယ်။ ကျွန်မဟာ စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တစ်ချို့ဟာတွေကြတော့ ဖောက်ထွက်ရမှာပါ။ တစ်ဖြည်းဖြည်းနဲ့ ကိုယ်ဖြစ်ချင်တဲ့လူ ဖြစ်လာလိမ့်မယ်။ ကျွန်မမိဘတွေ ကတော့ ဒါတွေအားလုံး မြင်ဖူးသွားပါပြီ။ ကျွန်မေ ရေငုပ်တယ်၊ လေပေါ်မှာ ဒိုင်ဗင်ထိုးတယ်။ ကျွန်မ ပြုံးပျော်နေတာကို သူတို့တွေ့တယ်။ ဒီလိုနဲ့ပဲ နည်းနည်းချင်းဖောက်ထွက်ပြီး ကျွန်မ လုပ်လာခဲ့တာပါ” လို့ မိုဟာရက်က ပြောပါတယ်။

ထောက်ခံမှုနဲ့ ဝေဖန်မှု

ရာဟာ မိုဟာရက်၏ တောင်တက်မှုမြင်ကွင်း

မိဘတွေက သူတို့မျှော်လင့်ထားတာမျိုး မဟုတ်ပေမယ့် သမီးဖြစ်သူရဲ့ အားထုတ်မှုတွေကို တစ်စိုက်မတ်မတ် ထောက်ခံ အားပေးခဲ့ပါတယ်။

“သူတို့က အရာရာတိုင်းအတွက် စိုးရိမ်ကြတယ်။ ယဉ်ကျေးမှုရှုထောင့်၊ ကျွန်မရဲ့ အန္တရာယ်ကင်းမှု စတာတွေပေါ့။ သူတို့ ဘာမျှော်လင့်ထားရမလဲဆိုတာ မသိကြပါဘူး”

မိုဟာရက်အကြောင်း သိနေတဲ့ သူငယ်ချင်းတွေက သူ့ရဲ့ ဒီ ကြိုးပမ်းမှုတွေအတွက် မအံ့သြကြပေမယ့် တစ်ချို့တွေက ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးလည်း ရှိပါတယ်။

“သိပ်အစာမကြေတဲ့ သူတွေလည်း ရှိတာပေါ့။ ကျွန်မဟာ မိသားစုကို အရှက်ရစေတယ်လို့ သူတို့ ပြောကြတယ်။ ‘အခြားမိန်းကလေးတွေလို ဘာ့ကြောင့်မနေတာလဲ’ ‘ဘာ့ကြောင့် သူများထက် ထူးချင်နေတာလဲ’ ဆို ပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်”

တောင်ကြီး ဖ၀ါးအောက်

ဝေဖန်မှုတွေရှိနေပေမယ့် မိုဟာရက်ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ အာဖရိကရဲ့ အမြင့်ဆုံး ကီလီမန်ဂျာရိုတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီတောင်တက်ခရီးစဉ်ကို သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ အကုန်အကျခံ စီစဉ်ခဲ့တာပါ။ မိုဟာရက်ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဒီခရီးစဉ်အတွက် တစ်ဦးတည်း လေ့ကျင့်ခဲ့ပြီး သက်လုံ၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

အလွန်အင်မတန် လေးလံတဲ့ ကျောပိုးအိတ်ကြီးကိုလွယ်ကာ သဲကန္တာရထဲမှာ ၆ နာရီလောက် လမ်းလျှောက်ရတာဟာ သူမ ခရီးစဉ်ရဲ့ အဓိကအခက်အခဲ ဖြစ်ခဲ့ပါတယ်။

မိုဟာရက်နဲ့ အခြား တောင်တက်သမား ၈ ဦးဟာ ကီလီမန်ဂျာရို တောင်ထိပ်ကို ၇ ရက်နဲ့ တက်နိုင်ခဲ့ပြီး မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ သူမက ဆိုပါတယ်။ ဒီခရီးစဉ်အတွက် ကန်ဒေါ်လာ သောင်းနဲ့ချီ ကုန်ကျခဲ့တာပါ။

“တောင်တက်တာနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံ လုံးဝ မရှိခဲ့ဘူး။ ဒီခရီးစဉ်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် တော်တော်လေး ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ မိုဟာရက်က ဆိုပါတယ်။

ဆော်ဒီလိုနိုင်ငံက လာတဲ့သူတစ်ယောက်အတွက် ဒီ တောင်တက်ခရီးစဉ်မှာ အခက်ခဲဆုံးအပိုင်းက ရာသီဥတု အလွန်အေးမှုကို ကြုံတွေ့ရတာပါ။ ဒီအခြေအနေကြောင့် သူမရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ အလွန်ကျဆင်းခဲ့ပြီး သေမလိုဖြစ်တဲ့အထိ ခံစားခဲ့ရပါတယ်။

“အပူချိန် အနုတ်အောက်ရောက်တဲ့အခြေအနေကို ကျွန်မ ပထမဆုံး ကြုံတွေ့ခဲ့ရတာပါ။ အလွန်အမင်း ချမ်းအေးမှုက တုန်လှုပ်စရာပါပဲ”

ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီး အာဖရိကရဲ့ အမြင့်ဆုံး တောင်ထိပ်ကိုရောက်တဲ့အချိန် တိမ်တွေကြားထဲက မျက်စိတစ်ဆုံး မြင်ရတဲ့မြင်ကွင်းဟာ သူမကို နှလုံးပီတိ ဂွမ်းဆီထိစေခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကိုလည်း မေ့ပျောက်စေနိုင်ခဲ့ပါတယ်။

“ထိပ်ဆုံးကို ရောက်တဲ့အချိန်မှာ ဒီရောက်ရှိမှုဟာ ကျွန်မရဲ့ နောက်ဆုံး တောက်တက်မှု ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ်။ သိပ်ကို စွဲမက်ဖွယ်ရာကောင်းပြီး ကျွန်မဟာ တောင်တက်ဖို့များ မွေးဖွားလာသလားဆိုပြီး ထင်မြင်မိပါတယ်”

ဒီလို ပွဲဦးထွက် ကီလီမန်ဂျာရိုတောင်မှာ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက် မိုဟာရက်တစ်ယောက် ၁၂ လတာ ကာလအတွင်းမှာပဲ နောက်ထပ် တောင် ၈ ခုကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ သူမရဲ့ အဆုံးအဖြတ်ကာလက ၂၀၁၃ ခုနှစ်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ဆော်ဒီအမျိုးသမီး၊ အသက်အငယ်ဆုံး အာရပ်လူမျိုးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ရာဟာ မိုဟာရက်ဟာ လက်ရှိမှာ ကမ္ဘာ့ တိုက်ကြီး ၆ တိုက်က အမြင့်ဆုံးတောင် ၆ ခုကို အောင်မြင်စွာ တက်ရောက်ထားနိုင်ပြီး၊ မြောက်အမေရိကတိုက်က ဒီနာလီတောင်ကို တက်နိုင်ခဲ့ရင်တော့ ကမ္ဘာ့ တိုက်ကြီး ၇ တိုက်က အမြင့်ဆုံးတောင် ၇ ခုကို တက်ရောက်နိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်မှာပါ။

ဆော်ဒီအမျိုးသမီးများအတွက် သတင်းစကား

သူမရဲ့ ဒီဇာတ်လမ်းဟာ ဆော်ဒီအမျိုးသမီးတွေ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ဖို့၊ ဆော်ဒီအမျိုးသမီးတွေဟာ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အယူအဆကို ပြန်လည်သုံးသပ်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ မိုဟာရက်က မျှော်လင့်နေပါတယ်။

နောက်ပြီး လူငယ်တွေအနေနဲ့ အထူးသဖြင့် ဆော်ဒီလိုဒေသမျိုးကလာတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်နောက်လိုက်ဖို့၊ မိမိတို့ ခန္ဓာကိုယ်ထဲမှာ မြုပ်နေတဲ့ စွမ်းရည်တွေကို ဖော်ထုတ်ကြဖို့လည်း သူမက တိုက်တွန်းခဲ့ပါတယ်။

“ပြောင်းတော့ ပြောင်းလဲနေကြတာပဲ။ ဒါပေမယ့် ထင်သလောက် မမြန်ပါဘူး”

မိုဟာရက်ဟာ သူမရဲ့ တောင်တက်မှု အတွေ့အကြုံ၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ဆော်ဒီအမျိုးသမီး တစ်ယောက်ဖြစ်ရတဲ့ဘ၀၊ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ စတာတွေနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်ကိုလည်း ရေးသား ပြုစုနေပါတယ်။

မိဘတွေကတော့ သူမရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပြီး အခုအချိန်မှာ သမီးဖြစ်သူဟာ မလုပ်နိုင်တာမရှိဘူးလို့ ယုံကြည်နေကြပါပြီ။

မိုဟာရက်ဟာ ကျား၊ မ တန်းတူညီမျှရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပြီး အားကစားမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး အခွင့်အလမ်းအားလုံးကို အသုံးချကာ တိုက်တွန်းနှိုးဆော်နေပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသွားတွေနဲ့ ဘာမှ လျော့နည်းမနေဘူးဆိုတဲ့ သတင်းစကားမျိုး အမျိုးသမီးငယ်တွေကို ပေးဖို့ဟာ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း သူမက ယုံကြည်နေပါတယ်။

“လူ့အဖွဲ့အစည်းကို ကျွန်မရဲ့ ကူညီမှုဟာ လွယ်ကူတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် မိမိဖြစ်ချင်တာကို သတ္တိရှိရှိလုပ်မယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်တွေဟာ မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ အယူအဆလေးတစ်ခုကို ထားခဲ့နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ တောင်တက်တယ်ဆိုတာ သိပ်မခက်လှတဲ့ ကိစ္စပါ။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြောင်းလဲဖို့ဆိုတာ ခက်ပါတယ်။ အရင်လူတွေ မလုပ်ရသေးတာတွေကို အာရပ်အမျိုးသမီးတွေက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပထမဆုံးလုပ်ရမယ်ဆိုတဲ့ အခြေအနေမျိုးကို မကြုံတွေ့ရတဲ့ မျိုးဆက်တစ်ခုကို မြင်တွေ့ရတဲ့အထိ အသက်ရှည်ရှည်နေချင်တာ ကျွန်မရဲ့ အိပ်မက်ပါပဲရှင်”

Ref: Middle East Eye



Comments are closed.