10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျွန်တော့်ကိုယ်ပွားလေးရေ…

လောကကြီးကို ကျွန်တော်စွန့်ခွာခဲ့တာ အခုဆိုရင် လေးလကျော်ကြာခဲ့ပြီနော်။ အခုလို စောစောစီး စီးထွက်ခွာသွားမှုက ကျွန်တော့်ကို ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားကို အခု လိုမျိုး စာပြန်ရေးနိုင်လောက်တဲ့အထိ ရင့်ကျက်စေခဲ့ပါတယ်ဆိုပါတော့ဗျာ။ ကျွန်တော်ဆိုတာကအ ခြားသူမဟုတ်ပါဘူး။ အလန်ကာဒီ (Alan Kurdi) ပါဗျ။ တူရကီနိုင်ငံရဲ့ ဘိုဒရမ် (Bodrum) ကမ်းခြေမှာ သောင်တင်သေဆုံးခဲ့တဲ့ သုံးနှစ်အရွယ်ဆီးရီးယားနိုင်ငံသား ကမ္ဘာကျော်လေးပါဗျ။ အခု ကျွန်တော်က အသက်၄၅ နှစ်ရှိနေမှာဖြစ်တဲ့ ကမ္ဘာမြေက ကျွန်တော့်ကိုယ် ကျွန်တော် (ခင်ဗျားကို) စာရေးလိုက်ပါတယ်ဗျာ။

ချစ်ရပါသော ကျွန်တော့်ကိုယ်ပွားလေးရေ…

ကျွန်တော်ကတော့ အခုကောင်းကင်ဘုံမှာဗျ။ ဘယ်လောက်တောင် ထွန်းလင်းတောက်ပပြီး စွဲမက် ဖွယ်ကောင်းတဲ့နေရာလဲဗျာ။ ဒီမှာက နေ့တွေ ညတွေ ဆိုပြီး ခွဲခြားရှိမနေဘူးဗျ။ နေ၊လ နဲ့ကြယ်တွေက ကြည်လင်နေတဲ့ ကောင်းကင်ပြင်မှာ အတူတကွ ဝင်းလက်နေလိုက်တာများဗျာ။ အမေနဲ့အစ်ကိုလား? သူတို့လည်း အခြားသူတွေနဲ့အတူ ပြုံးလို့ပျော်လို့ဗျ။ ဒီမှာဆို နိုင်ငံတွေ၊ နယ်စပ်တွေဆိုပြီးလည်း ခွဲခြားကန့်သတ်ထားတာမျိုးမရှိသလို ရွှေ့ပြောင်းနေထိုင်မှုတွေ၊ ဘာသာရေးခွဲခြားမှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းသမားတွေလည်းမရှိကြဘူးဗျ။ အားလုံးက တန်းတူရည်တူတွေပါပဲဗျာ။ ကျွန်တော်တို့ ဝိညာဉ်အားလုံးက အေးအေးချမ်းချမ်း ညီညီ ညွတ်ညွတ်ပဲနေထိုင်ကြတာဗျ။

အခု ခင်ဗျားတို့ ကမ္ဘာကြီးရဲ့ နှစ်သစ်ကူး အခါသမယကို ကျွန်တော်တို့ရဲ့ ကြည်နူးစရာကောင်းကင် ဘုံကနေ ကောင်းကောင်းမြင်နေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ခမ်းနားတဲ့ မီးရှုး၊မီးပန်းတွေကို မြင်နေရ သလို ခေါင်းလောင်းသံချိုတွေကိုလည်း ကြားနေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ကမ္ဘာကြီးကတော့ (ထုံးစံ အတိုင်း) ဆန့်ကျင်ဘက်တွေကို ဖြီးလိမ်းဆဲပါပဲလား။ ကမ္ဘာရဲ့တစ်ချို့နေရာတွေက လင်းလို့ထင်းလို့ နေပေမယ့် တစ်ချို့နေရာတွေကျပြန်တော့ မှောင်ဆဲမိုက်ဆဲပါလား။ ကြည်နူးဖွယ်ခေါင်းလောင်းသံ တွေနဲ့ ချောက်ချားဖွယ်သေနတ်သံတွေကလည်း ရောထွေးဆဲပါလား။ ပျော်ရွှင်မှုတွေရဲ့ နောက်မှာလည်း ဝမ်းနည်းပူဆွေးမှုတွေက ကပ်လျက်ပါဆဲပါလား။ အမုန်းတရားတွေကလည်း မေတ္တာတရားနဲ့ လက်တွဲညီညီလျှောက်လှမ်းဆဲပါလား။ အလိုလေးဗျာ… လူ့ဘဝဆိဆုတာကြီးက အဲ့လိုကြီးပါပဲဗျာ။ ကျွန်တော်နဲံတော့ ဒီအရာတွေ အကုန်လုံးက အဝေးကြီးဝေးခဲ့ပါညပီဗျာ။

ကိုယ်ပွားလေးရေ…

ကျွန်တော့်အဖြစ်ကိုရော မှတ်မိသေးလားဗျ။ ဥရောပ သုခကမ္ဘာကို မျှော်ရည်မှန်းပြီး ဇာတိမြေ ကိုဘာနီ (Kobani) ရဲ့ အကြမ်းဖက်မှုကနေလွတ်မြောက်ဖို့ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ကြတာကို လေဗျာ။ လှေထွက်ပြီး မိနစ်အစိတ်လောက်အကြာမှာ ကျွန်တော်တိုရဲ့ စိတ်ကူးအိမ်မက်လေး အဆုံး သတ်ခဲ့ရတယ်လေဗျာ။ ကြီးမားတဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်တော်တို့စီးခဲ့တဲ့ လှေကလေးမှောက် တော့ ကျွန်တော့်လက်က အမေ့ဆီကနေ လွတ်သွားခဲ့တယ်လေ။ ကျွန်တော်က “သားကိုချန်မထားခဲ့ပါနဲ့ ဖေဖေ”လို့ အော်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်ဗျာ လှိုင်းလုံးကြီးတွေကြား မှာ လူးလွန့်ရင်း မျှော်လင့်ချက်ရောင်နီလေးကို ဆုပ်ကိုင်ဖို့ မရှုမလှ ကြိုးစားရင်းပေါ့။ မှောင်မိုက်နေ တဲ့ ပင်လယ်ကျယ်ကြီးထဲမှာ သုံးနှစ်သား ဒီကောင်လေးက ဘယ်လောက်များတတ်စွမ်းနိုင်မှာ မို့လို့ လဲဗျာ။ နောက်ဆုံးမှာတော့ သမုဒ္ဒရာကြီးက ကျွန်တော့်ကို လက်ကမ်းပေးပြီး သူမရဲ့ရင်ခွင်ထဲမှာ သိမ်မွေ့စွာ ပွေ့ဖက်ထားပေးပါတယ်။ သူမရဲ့ကြင်နာလိုက်ပုံများဗျာ… နောက်ပြီးတော့ဗျာ ကျွန်တော့်ကို သူမက ဟိုးအောက်အထိ ဆွဲနှစ်မချဘဲ အပေါ်ဘက် ကမ်းစပ်ကို ပို့ပေးခဲ့ရှာသေး တယ်ဗျ။ အဲ့ဒီနေ့ကို ခင်ဗျားသေချာမှတ်မိပါတယ်နော်။ အနီရောင်ရှပ်အင်္ကျီလေးနဲ့ အပြာရောင် ဘောင်းဘီလေးဝတ်ထားပြီး ဖိနပ်ကလေးပါစီးထားတဲ့။ မျက်နှာကိုလည်း ကမ်းခြေမှာမှောက်လျက် အပ်လို့ အိပ်ပျော်နေတဲ့ ကျွန်တော်လေဗျာ။ လှိုင်းကြပ်ခွပ်ကလေးတွေကတောင် ကျွန်တော့်ကို ချော့ မော့နေခဲ့သေးတယ်ဗျာ။ အဲ့ဒီနေ့က အိပ်စက်ခြင်းကတော့ ကျွန်တော့်အတွက် ထာဝရအိပ်စက်ခြင်း ပါပဲဗျာ။

ကျွန်တော့်ရဲ့အဲ့ဒီပုံလေးက လူမှုကွန်ယက်တွေနဲ့ သတင်းမီဒီယာတွေကြားမှာ တော်တော်လေးပျံ့နှံ့ ခဲ့တယ်လေဗျာ။ လူတွေက ဘာတွေများပြောခဲ့ကြသလဲဗျာ။ ကမ္ဘာ့လူသားဆန်မှု ဘေးဒုက္ခလား။ လွတ်မြောက်ရေးအတွက် ဆိုးဆိုးဝါးဝါးကြိုးစားခဲ့တဲ့ ဆီးရီးယားလူမျိုးတွေရဲ့ နာကျင်မှုသင်္ကေတ လား။ အဲဒီပုံက ကမ္ဘာကြီးကို ဆွံ့အသွားစေခဲ့တာလား။ လူတွေရဲ့ အသိစိတ်ကိုရော နိုးဆွစေခဲ့သလား။ သူတို့တွေကျွန်တော့်အတွက် နတ်သားတောင်ပံတွေတပ် ပေးခဲ့ကြသေးတယ်။ ဒါတွေဟာ တကယ်တော့ကျွန်တော့်ရဲ့သေခြင်းကို အကျယ်ချဲ့ အလွမ်းသယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ နာကျင်မှုကို သူတို့ဘာသာ နှစ်သိမ့်ခဲ့ကြတာပါ။ အမှန်တော့ (သူတို့ဘယ်လိုပဲလုပ်လုပ်) အသက်တစ်ချောင်းကတော့ ဘယ်တော့မှ ပြန်လည်ရှင်သန်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်က ထာဝရသုံးနှစ်သားလေးပဲပေါ့ဗျာ။ ကျွန်တော်တို့မိသားစုက ကျည်ဆံမိုးတွေ၊ ဗုံးမုန်တိုင်းတွေကြား မငြိမ်းချမ်းတဲ့ ဆီးရီးယားက လွတ်မြောက်အသက်ရှင်ဖို့ ရုန်းကန်ခဲ့ကြတယ်။ တည်ငြိမ်အေးချမ်းတဲ့မြေမှာ အခြေချဖို့ကြိုးစားရင်း ကျွန်တောတို့ဘဝတွေ အခုလို ဆုံးရှုံးခဲ့ကြရတယ်ဗျာ။ ဒီလိုသေဆုံးမှုတွေကြောင့် အလွန်ပဲနာကျင်ရပါတယ်။ မထိုက်တန်လှပါဘူး။ အလိုလေးလေး… စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်ရဲ့သုံးနှစ်ဆိုတဲ့ သက်တမ်း က အလွန်တိုတောင်းလွန်းမနေဘူးလားဗျာ။

အကယ်၍ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်…

အကယ်၍ ပိုကောင်းတဲ့ လှေတစ်စီးသာ ကျွန်တော်တို့ စီးခွင့်ရခဲ့မယ်ဆိုရင်…

အကယ်၍ ကျွန်တော့်အဖေသာ အသက်ကယ် အင်္ကျီဝတ်ထားခဲ့မယ်ဆိုရင်…

အကယ်၍ ဥရောပနိုင်ငံတွေက သူတို့ရဲ့နှလုံးသားနဲ့ အတူ သူတို့ရဲ့နယ်စပ်တွေကို ဖွင့်ထားခဲ့မယ် ဆိုရင်… ကျွန်တော်သေရပါ့မလားဗျာ။

အခုတော့ဗျာ ကျွန်တော့်ရဲ့(အသက်မဲ့) ခန္ဓာကိုယ် ကျွန်တော်ရဲ့အမိမြေ (ကျွန်တော်ထွက်ပြေးခဲ့တဲ့ နေရပ်ပေါ့ဗျာ) ဆီကို သယ်ဆောင်သွားကြပြီ။ ကျွန်တော့်ခန္ဓာကိုယ် အဲဒီမှာမြေချခဲ့ကြတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ဘဝဟာ အပေါစား ကံကြမ္မာနဲ့ ဆိုးဝါးတဲ့ဘဝတစ်ခုပါပဲဗျာ။

ကျွန်တော်ကတော့ဗျာ အနည်းဆုံး လူသိများခဲ့ရပြီး နှစ်သိမ့်ခံခဲ့ရပါတယ်။ အခြားထောင်ပေါင်းများ စွာ ဒုက္ခသည် တွေကတော့ အမေ့ခံတွေပေါ့ဗျာ။ ထောင်ချီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ (ကျွန်တော်တို့လိုပဲ) မြေထဲပင်လယ်ကိုကျော်ဖြတ်ရင်း သေနေကြတယ်။ များစွာသော ကလေးသူငယ်တွေကလည်း အငတ်ဘေးနဲ့ အအေးဒဏ်တွေကြောင့် သေနေကြတယ်။ ရာနဲ့ချီတဲ့ လူတွေဟာလည်း အကြမ်းဖက်မှုကြောင့် သေနေကြသေးတယ်။ (ဖြတ်ပြောရဦးမယ်) ရေမနစ်ခင်က ကျွန်တော်နဲ့ တစ်နယ်တည်းသား သူငယ်ချင်းက ပြောခဲ့တယ်။ သူက သမုဒ္ဒရာကြီးကို အရမ်းကျေး ဇူးတင်ပါသတဲ့။ ဘာကြောင့်ဆို သူ့ကိုသမုဒ္ဒရာကြီးက ဗီဇာလည်းမစစ်ဘဲ၊ ကိုးကွယ်တဲ့ဘာသာလည်း မမေးဘဲ လက်ခံခဲ့လို့ပါတဲ့။ အေးဗျာ… ကျွန်တော်တို့လို နှစ်သိမ့်ခံ သတိရခံရတဲ့ သေသူတွေရှိသလို အပယ်ခံ၊ အမေ့ခံပြီး သေသွားတဲ့သူတွေလည်းရှိပါတယ်။ အိုဗျာ… တကယ်တော့ သေခြင်းတရားဟာ တရားမှ တရားရဲ့လားဗျာ။

ဒီနေရာမှာ မေးစရာရှိတာက နာကျင်စွာသေဆုံးခဲ့ရပြီး ငြိမ်းချမ်းလှတဲ့ သုခဘုံရောက်ကလေးတစ် ယောက်ဟာ ဘာကြောင့်များ ကမ္ဘာမြေက (၄၅) နှစ်ရှိတဲ့ ခင်ဗျားဆီကို စာရေးရသလဲဆိုတာကိုပါ။ (၄၅)နှစ်ဆိုတဲ့ အသက်အရွယ်ကိုမှ ဘာကြောင့်ရွေးချယ်ပြီး စာရေးရသလဲ။ အမှန်ကတော့ (၄၅) နှစ် ဆိုတဲ့ အရွယ်ဟာ ဘဝမှာ ပြည့်စုံတည်ငြိမ်တဲ့ အရွယ်မဟုတ်လားဗျာ။ ကျွန်တော်သာ အသက်ရှင်ပြီး အခုလို (၄၅) နှစ်အရွယ်ကို ရောက်မယ်ဆိုရင် ကျွန်တော်ဘာများဖြစ်နေမလဲ မသိဘူးနော်။

အဖေတစ်ယောက်လား? ဒါမှမဟုတ် အရာရှိတစ်ယောက်လား ? ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် အထင်ကရတစ်ယောက်လား? ဒါနဲ့ စကားမစပ်ဗျာ Apple ကုမ္ပဏီရဲ့ CEO စတီးဗ်ဂျော့ ကလည်း ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်ဆိုတာ ခင်ဗျားသိပါတယ်နော်။ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ကျွန်တော်ဘယ်နေရာမှာများ ရောက်နေမှာလဲ။ အမိမြေဆီးရီးယား ကို ပြန်ရောက်နေမှာလား? ဒါမှမဟုတ် ဥရောပနိုင်ငံတစ်ခုခုကိုများ ရောက်နေမလား။ ကမ္ဘာကြီးကရော ဘယ်လိုအခြေအနေမှာ ရှိနေမလဲ? ကျွန်တော်အခုရောက်နေတဲ့ နိဗ္ဗာန်ဘုံနဲ့ ကမ္ဘာ ကြီးက တူနေမှာလား? တကယ်တော့ဗျာ အသက်တွေကြီးဖို့နဲ့ (၄၅) နှစ်ရောက်ဖို့ဆိုတာ သဘာဝပဲ မဟုတ်လားဗျာ။ ဒါပေမယ့်လူတော်တော်များများနဲ့ ကျွန်တော် အတွက်တော့ လုံးဝမဟုတ်ပါဘူး။ အသက်(၄၅)နှစ်ဆိုတာ ကျွန်တော်တို့အတွက် ထာဝရအိမ်မက်တစ်ခုပါဗျာ။ ဘယ်တော့မှဖြစ်လာ မျာမဟုတ်တဲ့ အိမ်မက်တစ်ခုပေါ့ဗျာ။ ဘယ်သူကများ ကျွန်တော်နဲ့ ကျွန်တော့်လိုကလေးတွေကို (၄၅) နှစ်ဆိုတဲ့ အသက်ကို ရအောင်လုပ်ပေးနိုင်မှာလဲဗျာ။ ဘယ်သူကများ ကျွန်တော်တို့တွေရဲ့ အသက်တွေကို ပြန်ပေးနိုင်မှာလဲဗျာ။ ကျွန်တော်တို့တွေအသက် (၄၅) နှစ်၊ (၅၅) နှစ်နဲ့ နောက်ထပ် နှစ်များစွာအထိ ဘယ်လိုလုပ်နေထိုင်ခွင့်ရနိုင်တော့မှာလဲဗျာ။ ဒီမေးခွန်းကို ဘယ်သူကများ ဖြေပေး နိုင်မှာလဲ ကိုယ်ပွားလေးရာ။

ချစ်ခြင်းအားဖြင့်
ကျွန်တော်
ဗီယက်နမ်နိုင်ငံမှ ၁၅ နှစ်အရွယ်ရှိကျောင်းသူလေး “ငုယင်သီသူထရန်” ၏ ရွှေတံဆိပ်ဆုရ
“အသက် ၄၅ နှစ်ရှိသော သင့်ကိုယ်သင်စာတစ်စောင်ရေးပါ” ဟူသောပေးစာကို ဆီလျော်အောင် ဘာသာပြန်သည်။

စန္ဒာမြင့် (ပညာရေး)

Comments are closed.