6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၅၊ ၂၀၁၇
M-Media

မိတ္ထီလာ အကြမ်းဖက်မှု မြင်ကွင်းတစ်ခု

– ဘာလီက သူ့အိမ်ကောင်းကင်ပေါ်မှာ အဂွန်တောင်က မီးတောင်ပြာတွေ ပြည့်နှက်နေတာကြောင့် ဂျကာတာက သမ္မတအိမ်တော်အနီးမှာ အခြား သိန်းနဲ့ချီတဲ့သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့ ခိုင်ရီ ဆူဆန်ဆိုတစ်ယောက် လေယာဉ်နဲ့ အိမ်ပြန်ဖို့အရေးဟာ မသေမချာ ဖြစ်နေပါတယ်။

“ဘုရားသခင်အလိုတူရင် ကျွန်တော်တို့ ပြန်နိုင်မှာပါ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒီမှာလည်း အဆင်ပြေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အောင်ပွဲအတွက် ဒီမှာရှိရတာ ပျော်ရွှင်မိပါတယ်” လို့ ဆူဆန်တိုက ပြောပါတယ်။

ဆူဆန်တို ပါဝင်ခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ ဆန္ဒပြပွဲကြီးဟာ လွန်ခဲ့တဲ့တစ်နှစ်အရင်က ဂျကာတာအုပ်ချုပ်ရေမှူး ဘာဆူကီ ဂျာဟာဂျာ ပူရ်နာမာကို ဖမ်းဆီးခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်ပြီး လူပေါင်း သန်းဝက်လောက် မိုးထဲရေထဲမှာ ချီတက်ခဲ့ကြပါတယ်။ အဟော့က်လို့ ချစ်စနိုးခေါ်ကြပြီး တရုတ်လူမျိုး ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ပူရ်နာမာတစ်ယောက် အဲဒီအချိန်ကစလို့ ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သလို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင် ၂ နှစ်လည်း ချမှတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သိန်းနဲ့ချီတဲ့လူတွေဟာ ဂျကာတာက လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီအနေအထားက အင်ဒိုးနီးရှားနိုင်ငံမှာ ဘာသာရေးသည်းခံမှုရှိတဲ့ စံမီအစ္စလာမ်သာသနာနဲ့ ဘာသာရေးမစွက်တဲ့ ဒီမိုကရေစီစနစ်တို့ တိုက်ခိုက်ခံရပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ကမ္ဘာတစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ်အုပ်စုတွေရဲ့ အင်အားကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုတွေကို စီစဉ်သူတွေထဲမှာ FPI လို့ခေါ်တဲ့ Islamic Defenders Front နဲ့ Islamic Ummah Forum တို့လို အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

အဲ့ဒီအုပ်စုတွေဟာ ၂၀၀၂ ခုနှစ် ဘာလီမှာ လူပေါင်း ၂၀၂ ဦး သေဆုံးတဲ့ ဗုံးခွဲမှုကို ပြုလုပ်ခဲ့တဲ့ အလ်ကိုင်းဒါးနွယ် စစ်သွေးကြွတွေနဲ့ ဆက်စပ်မှု မရှိသလို၊ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အကြမ်းဖက်အဖွဲ့တွေနဲ့ သွားပေါင်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၁၅၀ နဲ့လည်း ချိတ်ဆက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရကတော့ အဟော့က်ကို ဆန့်ကျင်မှုမှာ ပါဝင်ခဲ့ပြီး ခါလီဖိတ်ပုံစံမျိုး ပုံဖော်ချင်နေတဲ့ ပြည်တွင်းက Hizbut Tahrir အဖွဲ့ကို ပိတ်ပင်ကာ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။

အာရှတစ်ဝှမ်းမှာ သဘောထားတင်းမာတဲ့ ဘာသာရေးအခြေပြု လှုပ်ရှားမှုတွေဟာ ရန်လိုတဲ့အမျိုးသားရေးဝါဒကို မီးထိုးပေးနေပြီး လူ့အဖွဲ့အစည်းတွေကြားမှာ အန္တရာယ်ရှိတဲ့ အကွဲအပြဲတွေ ဖြစ်လာစေပါတယ်။ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေရှိတဲ့ အင်ဒိုနီးရှားအပြင် မြန်မာနိုင်ငံက အစွန်းထွက် ဗုဒ္ဓဘာသာအဖွဲ့တွေဟာလည်း မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို မီးထိုးပေးနေပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှုတွေအထိ လုပ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ Hefazat-e-Islam အပါအ၀င် အခြေခံ အစ္စလာမ်ဝါဒီတွေ ခေါင်းထောင်လာပြီး၊ သီရိလင်္ကာမှာတော့ အစွန်းရောက် ဆင်ဟာလီ ဗုဒ္ဓဘာသာအဖွဲ့ Bodu Bala Sena ရှိနေပါတယ်။

အာရှတစ်လွှား ဒါဇင်နဲ့ချီတဲ့ ဒီလို ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ ဟိန္ဒူအခြေခံဝါဒီ အုပ်စုတွေဟာ အရင်က ရှိခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ မီးတောက်အပေါ်မှာ ဓာတ်ဆီလောင်းပေးနေကြတာပါ။ တစ်ချို့အုပ်စုတွေဟာ ဆိုရှယ်မီဒီယာအကူအညီ၊ အထောက်အပံ့တွေ၊ ထိရောက်တဲ့ ရန်ပုံငွေ ရှာဖွေမှုတွေနဲ့အတူ အဖွဲ့ဝင် သိန်းနဲ့ချီရအောင် လုပ်လာခဲ့ကြပါတယ်။ ဆင်းရဲတဲ့ နောက်လိုက်တွေက နည်းနည်းပါးပါး ထည့်ဝင်တာအပါအ၀င် ရရှိတဲ့အလှူငွေတွေက သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေ ရပ်တည်ဖို့အတွက် ရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။

ဒီလို လူမျိုးကြီး၊ ဘာသာကြီးဝါဒဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒေသတွင်းမှာ ရရှိခဲ့တဲ့ စီးပွားရေးတိုးတက်မှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ပိုမို နီးနီးကပ်ကပ် ဆောင်ရွက်နိုင်ရေး ရည်မှန်းချက်အတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စီးပွာရေး လျင်လျင်မြန်မြန် တိုးတက်မှုတွေက အာရှဒေသတော်တော်များများမှာ လူနေမှုအဆင့်အတန်းကို မြင့်တက်ခဲ့ပေမယ့် ဖိလစ်ပိုင်က မင်ဒါနာအိုပြည်နယ်၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်လို တစ်သီးတစ်ခြား ဒေသတွေကတော့ ဒီအကျိုးကျေးဇူးကို မခံစားရဘဲ ကျန်တဲ့ဒေသတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး ဆင်းရဲတွင်း နက်ခဲ့ပါတယ်။ ဒါဟာ ဒီဒေသတွေမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ ပဋိပက္ခနဲ့ သွားတိုက်ဆိုင်တာမျိုး မဟုတ်ပါဘူး” လို့ Centre for Humnitarian Dialogue အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ မီခေးလ် ဗာတီကီယိုတစ်က ပြောကြားခဲ့ပါတယ်။

စီးပွားရေးမညီမျှ၊ ခါးသီးတဲ့ နိုင်ငံရေးအကွဲအပြဲတွေ မြင့်တက်လာမှုက အဓိက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ ပဋိပက္ခတွေ ပိုဖြစ်ဖို့ လေပင့်ပေးတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဗာတီကီယိုတစ်က သတိပေးခဲ့ပါတယ်။ IS၊ အခြား ဂျီဟတ်အဖွဲ့တွေနဲ့ မတူတာက အာရှဒေသတွင်း ဘာသာရေးအစွန်းရောက်အုပ်စုတွေဟာ ဆန္ဒပြမှု၊ ၀ါဒဖြန့်မှု၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုတွေကို ပိုအဓိက ထားတာပါ။ လူရိုသေ ရှင်ရိုသေ ခေါင်းဆောင်တွေကနေ တစ်ဆင့် သူတို့တွေဟာ တော်တော်လေး အလယ်အလတ်ကျတဲ့ လူ့အဖွဲ့အစည်းတွေထံကပါ ရန်ပုံငွေရတာ၊ ထောက်ခံမှုရတာတွေ ရှိနေပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ် စိန့်အန်ထော်နီကောလိပ်ရဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူ မက်သယူး ဂျေ ဝေါလ်တန်က တစ်ချို့ သဘောထားတင်းမာတဲ့ အုပ်စုတွေဟာ ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းပေါင်းကူးရေး အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ထောက်ပြပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှုဟာ ‘ဘာသာရေး၊ နိုင်ငံရေး လှုံ့ဆော်မှုတွေ ပါးပါးနဲ့ အပြင်ပန်းက မမြင်ရတဲ့ အသိုင်းအ၀ိုင်းမှာ ကျင်လည်နေတဲ့’ လူတွေ၊ အုပ်စုတွေ ရောနှောဆောင်ရွက်နေတာဖြစ်တယ်လို ဝေါလ်တန်က ဆိုပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့လို့ခေါ်တဲ့ မဘသအဖွဲ့မှာ နိုင်ငံတစ်ဝှမ်းက ဘုန်းကြီးတွေနဲ့ လူဝတ်ကြောင် သိန်းချီပါဝင်ပါတယ်။ ဒါပေမယ့် သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေရဲ့ ထောက်ခံမှုက အဓိကဖြစ်နေပြီး ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ကာကွယ်ဖို့လို့ ဒီအဖွဲ့က ဆိုပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတွေက ရခိုင်ပြည်နယ်မှာ မွတ်စလင်စစ်သွေးကြွတွေ တိုက်ခိုက်မှုပြုလုပ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အဲဒီက ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွေကို ကူညီဖို့ဆိုပြီး ကန်ဒေါ်လာ ၃ သန်းလောက်နဲ့ညီတဲ့ ငွေပမာဏကို ရှာဖွေနိုင်ခဲ့တယ်လို့ မဘသက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို စစ်တပ်က ရက်ရက်စက်စက် တုန့်ပြန်တာကြောင့် ရိုဟဟင်ဂျာ ၈ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရပြီး ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေ ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာဆိုတဲ့ အမှတ်သညာကို လက်မခံဘဲ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို ‘ခိုးဝင် ဘင်္ဂါလီ’ အဖြစ် တံဆိပ်ကပ်ကြပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းဟာ များပြားလာပြီး ဗုဒ္ဓဘာသာဝင်တွေအပေါ် လွှမ်းမိုးသွားမယ်ဆိုတဲ့ အယူအဆတွေကလည်း မြန်မာနိုင်ငံမှာ အမြစ်တွယ်နေပါတယ်။ တကယ်တော့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ၅ ရာခိုင်နှုန်းအောက်သာ ရှိတာပါ။ မဘသလို အဖွဲ့မျိုးတွေဟာ ဒီလိုအယူအဆတွေကို ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်အကောင်အထည်ဖော်ကတည်းက ၀ါဒဖြန့်လာတာ ဖြစ်ပါတယ်။

မဘသရဲ့ စီမံကိန်းက ‘ဗုဒ္ဓဘာသာဟာ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေရဲ့ ဖိအားအောက်ရောက်နေတယ်ဆိုတဲ့ သူတို့ရဲ့ ၀ါဒဖြန့်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြောကြားရေး’ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ ဘာသာရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှုနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ မီလန် မက်ကေးက ပြောကြားခဲ့ပါတယ်။

ဂျကာတာက ငါတို့ဟာ

အင်ဒိုနီးရှားမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ အစ္စလာမ့်မစ် သဘောထားတင်းမာသူတွေဟာ ခရစ်ယာန်တွေ၊ တရုတ်တွေနဲ့ အခြား လူနည်းစုတွေကို ပစ်မှတ်ထားနေကြတာပါ။ သူတို့တွေရဲ့ ဆန္ဒပြမှုအတွက် ပူရ်နာမာရဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့က ငွေကြေးထောက်ပံ့ပြီး ဧပြီလ ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပညာရေးဝန်ကြီးဟောင်း မွတ်စလင်တစ်ဦးဖြစ်တဲ့ အန်နီးစ် ဘက်စ်ဝီဒန်က ပူရ်နာမာကို အနိုင်ရရှိခဲ့ပါတယ်။

အဟော့က်ဆန့်ကျင်ရေး လှုပ်ရှားမှုက သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုမှာ အဓိကကျခဲ့တယ်လို့ ဘက်စ်ဝီဒန်က ၀န်ခံခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ‘ဂျကာတာဟာ ငါတို့မြို့ပါ။ တစ်ချို့လူတွေနဲ့သာ ဆိုင်တာမဟုတ်ပါဘူး’ လို့ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့ပြီး အခြားသော ဘာသာရေးလူနည်းစုတွေ၊ အခြားလူမျိုးတွေအပေါ် ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။

ယီမင်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဘက်စ်ဝီဒန်က သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ ‘ဌာနေလူမျိုးစုတွေ’ ရဲ့ အခွင့်အရေးကို အသားပေးပြောကြားသွားပြီး ဒါဟာ အင်ဒိုနီးရှားရဲ့ အမျိုးသားအယူအဆ ‘လူမျိုးစုံ ဘာသာစုံညီညွတ်ရေး၊ တန်းတူအခွင့်အရေး’ နဲ့ ဆန့်ကျင်နေပါတယ်။

၂၀၁၆ ခုနှစ်က ဆန္ဒပြမှုမှာ ဆိုးဆိုးရွားရွားတွေကို မြင်ရပြီး ပူရ်နာမာကို ကွပ်မျက်ဖို့ တောင်းဆိုတဲ့ စာတမ်းတွေကိုလည်း တွေ့ရပါတယ်။ ဒါဟာ ဆယ်စုနှစ်ချီ အုပ်စိုးခဲ့တဲ့ အာဏာရှင် ဆူဟာတို ပြုတ်ကျသွားစေတဲ့ ၁၉၉၈ ခုနှစ်က အဖြစ်အပျက်တွေကို အမှတ်ရစေပါတယ်။ ဆန္ဒပြမှုမှာ နိုင်ငံအတွင်းက တရုတ်လူနည်းစုတွေ
အပေါ် လူမျိုးရေးခွဲခြားတဲ့ အသံတွေလည်း ညံခဲ့ပါတယ်။

“သူ (ပူရ်နာမာ) ထောင်ကျသွားတာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒါမှ ကျွန်တော်တို့အပေါ် ရန်လိုတာတွေ၊ ခြိမ်းခြောက်တာတွေ လျော့သွားမှာပါ” လို့ တရုတ်-အင်ဒို ပညာရှင်တစ်ယောက်က ပြောပါတယ်။

အဟော့က် ပြုတ်သွားမှုဟာ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးအရ ၀ါဒဖြန့်မှုတွေက အကျိုးဖြစ်ထွန်းစေမယ်ဆိုတာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အဓိကပြိုင်ဘက်တွေကို လမ်းပြသလိုမျိုး ဖြစ်ခဲ့ပါတယ်။ ၀ီဒိုဒိုရဲ့ နိုင်ငံရေးဆိုင်ပြိုင်ဘက်တွေဟာ လူမျိုးအခြေခံတဲ့ နိုင်ငံရေးအပေါ် မူတည်ပြီး သူ့ကို စိန်ခေါ်နိုင်မယ့် အခွင့်အလမ်းမျိုးကို မြင်နေပါပြီ။

“သူတို့လည်း ဒီလမ်းအတိုင်းလိုက်ဖို့ ကြိုးစားနေပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်” လို့ အင်ဒိုနီးရှားမှာ ဘာသာရေးနဲ့ နိုင်ငံရေးဆိုင်ရာတွေကို လေ့လာနေတဲ့ Setara Institute က ဘိုနာ တီဂေါ်ရ် နိုင်ပို့စ်ပို့စ်က ပြောကြားခဲ့ပါတယ်။

FPI လို သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ ရှေ့တန်းရောက်လာပြီး ပူရ်နာမာကို အောင်မြင်စွာ ဖြုတ်ချနိုင်ရုံသာမက အဓိကနိုင်ငံရေးသမားတွေဟာ သူတို့အပေါ် လက်ခံမှုမြင့်တက်လာတာကြောင့် သူတို့ဟာ အားလည်း ကောင်းလာပါတယ်။

ဘက်စ်ဝီဒန်ဟာ ဘာသာသာသနာ ညှိုးနွမ်းစေမှုကိစ္စကို ‘လက်နက်တစ်ခုအဖြစ်’ အသုံးချခဲ့ပြီး FPI ကိုလည်း ပိုမိုအားကောင်းစေခဲ့တယ်လို့ Islam and Democracy in Indonesia: Tolerance without Liberalism စာအုပ်ကို ရေးသားခဲ့တဲ့ Boston တက္ကသိုလ်က ဂျယ်ရီမီ မန်ချစ်က်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်က မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့လို အစ္စလာမ်နွယ်တဲ့ နိုင်ငံရေးပုံစံနဲ့ တိုင်းပြည်မှာ အာဏာရရေး ပုံဖော်တာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ဒီထက်နည်းနည်းလျော့တဲ့ Taliban Nusantara ပုံစံမျိုးပါ။ အင်ဒိုနီးရှားအစိုးရက တည်ငြိမ်မှု၊ နိုင်ငံရေးနဲ့ကင်းရှင်းတဲ့ အစ္စလာမ်သာသနာတို့ကို လိုလားနေပြီး အခြေခံအဆောက်အဦးနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် စိတ်ပျက်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ညိုညင်တာမျိုး အဖြစ်မခံချင်ပါဘူး။

မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်။ သံဃမဟာနာယကအဖွဲ့ဟာ မဘသအဖွဲ့ဝင်ဖြစ်တဲ့ အစွန်းရောက်ဘုန်းကြီး ၀ီရသူကို တစ်နှစ်တာ တရားဟောခွင့် ပိတ်ခဲ့ပါတယ်။ မေလမှာ မဘသဟာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်အဖြစ် အမည်ပြောင်းခဲ့ပြီး သံဃမဟာနာယကအဖွဲ့ရဲ့ မဘသဖျက်သိမ်းဖို့အမိန့်ကို ရှောင်လွှဲဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

တင်းကြပ်တဲ့ ထေရ၀ဒါဒဗုဒ္ဓဘာသာကိုပဲ ကျင့်သုံးနဲ့ သီရိလင်္ကာက ဘုန်းကြီးတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေ နိုင်ငံရေးမှာ ၀င်မစွက်ရဆိုတဲ့ စည်းမျဉ်းရှိနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မျိုးချစ်ရဟန်းတော်လို့ဆိုသူတွေကတော့ သီရိလင်္ကာက အာကြမ်းလျှာကြမ်းဘုန်းကြီး Galogadaththe Gnanasara ဦးဆောင်ပြီး ဗုဒ္ဓတပ်ဖွဲ့လို့ အမည်ရတဲ့ Bodu Bla Sena အစွန်းရောက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို အတုယူဆောင်ရွက်နေကြပါတယ်။

သီရိလင်္ကာက ကွန်ဆာဗေးတစ်တွေရဲ့ တောင်းလွန်းမက တောင်းဆိုမှုကြောင့် ဘုန်းကြီးတွေဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးတဲ့ Jathika Hela Urumaya ပါတီသစ်ဟာ ဘုန်းကြီးအမတ်လောင်းတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လွှတ်တော်အမတ် ၂၂၅ နေရာမှာ ဒီပါတီက ၉ နေရာ အနိုင်ရခဲ့ပြီး သီရိလင်္ကာမှာ ပထမဆုံး ဖြစ်ပါတယ်။ ဘုန်းကြီးတွေ လွှတ်တော်အမတ်ဖြစ်သွားတယ်ဆိုတဲ့ အခင်းအကျင်းဟာ သီရိလင်္ကာရဲ့ ထေရ၀ါဒအယူအဆကို တစ်မျိုးတစ်ဘာသာ ပြောင်းလဲစေခဲ့ပြီး ထေရ၀ါဒကျင့်သုံးတဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုတို့နဲ့ ခြားနားသွားစေပါတယ်။ စစ်သွေးကြွ ရန်လိုမှုလည်း မြင့်တက်လာခဲ့ပြီး ဘုန်းကြီးတွေဟာ မြို့တော် ကိုလံဘိုက ရိုဟင်ဂျာ ဒုက္ခသည်တွေကို တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့တွေက နိုင်ငံကနေ အဲဒီရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ သန္ဓိဌာန်ချခဲ့ပြီး ဟိန္ဒူလူများစုဖြစ်တဲ့ အိန္ဒိယရဲ့ နယ်ပယ်တစ်ချို့က သဘောထားတွေ ရောင်ပြန်ဟပ်တာ ဖြစ်ပါတယ်။

အက်ကြောင်းနက်လာမယ်

စစ်သွေကြွဖက်ယိမ်းတဲ့ လူမျိုးကြီး၊ ဘာသာကြီးဝါဒ ပိုမိုပြန့်နှံ့လာမှုက သယံဇာတ ပေါကြွယ်ဝတဲ့ အာရှရဲ့ စီးပွားရေးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။

ဆစ်ဒနီအခြေစိုက် Institute for Economics & Peace က ထုတ်ပြန်တဲ့ ‘၂၀၁၇ ခုနှစ် ကမ္ဘာ့ အကြမ်းဖက်ဝါဒအညွှန်းကိန်း’ အရ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း စစ်သွေးကြွတိုက်ခိုက်မှုတွေမှာ အရှေ့အလယ်ပိုင်းပြီးရင် အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့ဟာ အနောက်ကလိုက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အခုနှစ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ အသိမ်းခံရတာ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာတွေဟာ အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး လာမယ့်တွက်ချက်မှုတွေမှာ အရှေ့တောင်အာရှဒေသကို ပိုမိုအဆင့်တက်လာစေမယ့် ကိစ္စတွေပါ။

ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ Institute of Security and International Studies က အကြီးတန်းလေ့လာသူ ကာဗီ ချောင်ကစ်တာဗွန်က ဒီအဖြစ်အပျက်တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဘာသာရေးဆိုင်ရာ အက်ကြောင်းတွေကို ဘယ်တုန်းကမှနဲ့မတူအောင် ဖြစ်လာစေတယ်လို့ သုံးသပ်ပါတယ်။

“အာဆီယံရဲ့ လူဦးရေ သန်းပေါင်း ၆၄၀ လောက်မှာ ၆၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေက (ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) ၅ နိုင်ငံမှာ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ ခရစ်ယာန် သန်း ၁၁၀ ရှိနေပါတယ်။ ခေါင်းဆောင်တွေက ရိုဟင်ဂျာမွတ်စလင်ကိစ္စကို အာရုံစိုက်ပြီပဲထား။ ဒါဟာ ဘာသာရေးအုပ်စုတွေ တစ်ခုနဲ့တစ်ခုကြားထဲမှာ မကျေမချမ်းမှုတွေ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်” လို့ ကာဗီက ဆိုပါတယ်။

လတ်တလော မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဆောင်ရွက်နေတာဟာ အတိုက်အခံတွေနဲ့ အခြား တိုင်းရင်းသားအုပ်စုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကြောင့် ပြည်သူတွေရဲ့အမြင်မှာ ကာလရှည် ကျဆင်းနေတဲ့ သူတို့ရဲ့ ပုံရိပ် ပြန်တက်လာမယ့်ပုံ ရှိနေပါတယ်။ မဘသနဲ့ သူ့ရဲ့ရှေ့ပြေး ၉၆၉ လှုပ်ရှားမှုက လမ်းကြောင်းပေးတဲ့ ကြက်သီးထစရာ ၀ါဒဖြန့်မှုအချို့ကို လက်ခံလာတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေလည်း ပိုများလာပါတယ်။

တစ်ချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသည်သုက္ခတွေက မွတ်စလင်ကမ္ဘာကို အုံကြွလာစေပြီး အလ်ကိုင်းဒါးနဲ့ အခြား ဂျီဟတ်အုပ်စုတွေက မြန်မာနိုင်ငံနဲ့ အစိုးရခေါင်းဆောင်တွေကို တိုက်ခိုက်ဖို့ ပေါ်ပေါ်တင်တင် ဆော်သြလာတာမျိုးတွေ ရှိတယ်လို့ International Crisis Group ရဲ့ မကြာသေးခင်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ဂျီဟတ်အုပ်စုတွေက တိုက်ရိုက်ဖြစ်စေ၊ သူတို့ကို အားကျတဲ့လူတွေက တစ်ဆင့်ဖြစ်စေ လုပ်လာနိုင်တဲ့ အဲဒီလိုတိုက်ခိုက်မှုမျိုးကို တားဆီးဖို့၊ ကိုင်တွယ်ဖို့ မြန်မာနိုင်ငံက မပြင်ဆင်ထားပါဘူး” လို့ အစီရင်ခံစာက ဖော်ပြထားပြီး ဒါမျိုးဖြစ်လာရင် လူမျိုးရေးအကြမ်းဖက်မှုတွေဆီ ဦးတည်လာမယ်လို့လည်း သတိပေးထားပါတယ်။

လတ်တလော စိုးရိမ်မှုဟာ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒေသမှာရှိတဲ့ ပြွတ်သိပ် ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဓိကစိုးရိမ်မှုက အဲဒီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အစွန်းရောက်သွားနိုင်တဲ့ကိစ္စနဲ့ ဒေသတွင်း နောက်ထပ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု ဖြစ်လာမလားဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ သြဂုတ်လမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့နောက်လိုက်တွေကို ‘အာဇာနည်ဘ၀’ ခံယူကြဖို့ တိုက်တွန်းနေပြီး တစ်ချိန်တည်းမှာပဲ သူတို့ဟာ နိုင်ငံတကာ ဂျီဟတ်အုပ်စုတွေနဲ့ ပတ်သတ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

“လူပေါင်း ၆ သိန်းကျော်လောက် ဒုက္ခသည်စခန်းမှာ ပိတ်မိနေပြီး စိတ်ဒဏ်ရာတွေရနေတာ၊ အနာဂတ်အတွက် မျှော်လင့်ချက်မရှိတွေက ARSA လို စစ်သွေးကြွအဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုအန္တရာယ်၊ ပိုပြီး အန္တရာယ်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ခြားနိုင်ငံတွေက အစ္စလာမ့်မစ်အုပ်စုတွေရဲ့ အစွန်းရောက်အောင်လုပ်မယ့်၊ သိမ်းသွမ်းမယ့် အန္တရာယ်တွေ အပါအ၀င် အန္တရာယ်တော်တော်များများ ရှိနေတာပါ” လို့ ရန်ကုန်အခြေစိုက် အကြံပေးတစ်ဦးဖြစ်တဲ့ ရစ်ချက် ဟော်ဆေးက ပြောကြားခဲ့ပါတယ်။ အာရှမှာ ခါလီဖိတ်တစ်ခု ထူထောင်ရေးဆိုတဲ့ IS ထောက်ခံသူတွေရဲ့ ရည်မှန်းချက်နဲ့ မတူတာက ရိုဟင်ဂျာအများစုဟာ နေ့စဉ်အသက်ရှင်နေထိုင်ရေးဖြစ်ပြီး ဒီထက်ပိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေး၊ မြန်မာနိုင်ငံမှာ နေထိုင်ရှင်သန်ခွင့်ရရေးအတွက်သာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို အကြံပေးနေတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုပြီး အဆိုးမြင်နေပါတယ်။

“အာရှဒေသတွင်းမှာ အစွန်းရောက်နိုင်ခြေဟာ အခုအချိန်လောက် ဘယ်တုန်းကမှ မမြင့်မားခဲ့ပါဘူး။ ရိုဟင်ဂျာတွေရဲ့အခြေအနေ ပိုမိုဆိုးရွားလာတာနဲ့အတူ ကျွန်တော်တို့ဟာ ထိန်းမရသိမ်းမရ အခြေအနေမျိုးမှာ ရောက်နေပါပြီ” လို့ ဟောင်ကောင်အခြေစိုက် အကြံပေးအဖွဲ့ ISS Risk က နိုင်ငံရေးအန္တရာယ်နဲ့ လေ့လာဆန်းစစ်မှု အကြီးအကဲ ဖီလ်ဟိုင်းစ်က ပြောပါတယ်။

Centre for Humanitarian Dialogue က ဗာတီကီယိုတစ်က တကယ့်အန္တရာယ်ဟာ ဘာသာရေးအုပ်စုကြီးတွေကြားထဲမှာ စွဲကိုင်ထားတဲ့ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ အစွန်းရောက်အပြုအမူတွေအပေါ်မှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။

“လူ့အဖွဲ့အစည်းတွေကြားထဲမှာ အကွဲအပြဲတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်မလာခင် ဒီလို အန္တရာယ်ရှိတဲ့ ဘာသာရေးဆိုင်ရာ သပ်လျှိုမှုတွေ ပြန့်နှံ့နေတာကို ရပ်တန်ဖို့ အချိန်တန်ပါပြီ။ ဒါပေမယ့် နောက်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနဲ့ မြန်မာတို့လို အဆိုးဝါးဆုံးနိုင်ငံတစ်ချို့မှာ ရွေးကောက်ပွဲတွေရှိနေတာက ပြဿနာကို ပိုဆိုးလာစေမယ့် အနေအထားပါပဲ”

Ref: Nikkei

(Nikkei တွင် ဖော်ပြထားသည့် Religious extremism poses threat to ASEAN’s growth ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်များ၏ အမြင်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

Comments are closed.