1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၉၊ ၂၀၁၉
M-Media

Photo Credit – mmtimes

– မြန်မာနိုင်ငံက မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေကို ‘တရုတ်မယား’ အဖြစ် လူကုန်ကူးရောင်းချမှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ အစီရင်ခံစာသစ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး လိင်ကျွန်အဖြစ် ရောင်းစားခံရတဲ့ အဖြစ်အပျက် တော်တော်များများနဲ့ ဒီကိစ္စကို ဖြေးရှင်းရေး တရားဥပဒေစိုးမိုးမှု အားနည်းတာတွေကို ဖော်ပြထားပါတယ်။

“ကျင့်ဝတ်မဲ့ လူကုန်ကူးသူတွေက ကချင်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကျဉ်းချထားတာ၊ ပြောစရာစကားလုံးမျိုးမရှိတဲ့ ညှင်းပမ်းနှိပ်စက်မှုတွကို လုပ်နေတဲ့အချိန်၊ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေက မျက်နှာလွှဲခဲပစ် လုပ်နေကြပါတယ်။ ၀မ်းမ၀၊ ခါးမလှတဲ့ ဘ၀အခြေအနေတွေ၊ အခြေခံအခွင့်အရေးကို ကာကွယ်မပေးခံရတဲ့ အခြေအနေတွေကြောင့် ဒီအမျိုးသမီးတွေဟာ နယ်စပ် ဟိုဘက်ဒီဘက်က အာဏာပိုင်တွေကို ကြောက်ရကောင်းမှန်းမသိတဲ့ လူကုန်ကူးသူတွေရဲ့သားကောင် အလွယ်တကူ ဖြစ်လာပါတယ်” လို့ HRW အဖွဲ့က အမျိုးသမီးအခွင့်အရေးဆိုင်ရာ ခေတ္တပူးတွဲဒါရိုက်တာ ဟီသာ ဘားရ်က ပြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူတော်တော်များများဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။

မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တော်တော်များများကို ပိတ်ပင်ထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အစားအသောက် လုံလုံလောက်လောက် မရသလို၊ တိုက်ပွဲအသစ်တွေကြောင့်လည်း မျှော်လင့်ချက်မဲ့တဲ့အနေအထားကို ရောက်လာပါတယ်။

အမျိုးသားတော်တော်များများက ပဋိပက္ခမှာ ပါဝင်နေတာကြောင့် အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးကို တာဝန်ယူရသူတွေ ဖြစ်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲ သွားရောက်အလုပ်လုပ်ကိုင်ဖို့ကလွဲလို့ တစ်ခြား ရွေးစရာနည်းလမ်း မရှိပါဘူ။ ဒါ့အပြင် မသမာသူတွေရဲ့ သွေးဆောင်ဖျားယောင်းမှုကြောင့် မကြာခဏ လူကုန်ကူးသူတွေရဲ့သားကောင် ဖြစ်ကြရပါတယ်။

“စစ်ရှောင်စခန်းတွေမှာနေတဲ့သူတွေဟာ ငွေကြေးနဲ့ တစ်ခြားအရာတွေ ဘာမှ မရှိပါဘူး။ နေ့စဉ်စားဝတ်နေရေး မပြေလည်ရာကနေ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက စတေးခံဘ၀ ရောက်ကြရပါတယ်” လို့ လူကုန်ကူးခံရသူတွေကို ကူညီနေတဲ့ ကချင်အမျိုးသမီးအသင်း KWA က ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

အခြား ကချင်အရေး တက်ကြွသူတစ်ဦးကလည်း အဲဒီလိုသဘောထားမျိုး ပြောပြခဲ့ပါတယ်။

“သူတို့ ပုံမှန်ပစ်မှတ်ထားတာက ငွေကြေးမပြေလည်တဲ့ မိသားစုတွေကိုပါ။ ဒါပေမယ့် အခုအချိန်မှာတော့ လူကုန်ကူးသူတွေဟာ စစ်ရှောင်စခန်းတွေဖက်ကို မြားဦးလှည့်လာပါတယ်။ အဲဒါက လူစုလို့ကောင်းတဲ့ နေရာတစ်ခုပါ။ တစ်နေရာတည်းမှာ စုပြုံနေကြတယ်။ လူပွဲစားအများစုက အမျိုးတွေ ဒါမှမဟုတ် အသိအကျွမ်းတွေ ဖြစ်ပါတယ်”

လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူ ၃၇ ဦးကို HRW က မေးမြန်းရာမှာ ၁၅ ဦးက သူငယ်ချင်းတွေရဲ့ သွေးဆောင်မှုကို ခံရပြီး ၁၂ ဦးက အသိအကျွမ်းတွေရဲ့ သွေးဆောင်မှုကို ခံရတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ထပ် ၆ ဦးက ဆွေးမျိုးရင်းချာတွေရဲ့ သွေးဆောင်တာ၊ ရောင်းစားတာကို ခံခဲ့ရသူတွေပါ။

HRW က မေးမြန်းခဲ့သူ တော်တော်များများဟာ ၄၅ သိန်းကနေ သိန်း ၂၀၀ လောက်နဲ့ ရောင်းစားခံရတာ ဖြစ်ပါတယ်။ ‘၀ယ်သူတွေ’ ထံ ရောက်သွားတဲ့အချိန်မှာ သူတို့ဟာ အခန်းထဲမှာ ပိတ်လှောင်ခံရတာ၊ ကိုယ်ဝန်ရဖို့ အကြိမ်ကြိမ် အဓမ္မကျင့်တာတွေ ခံရပါတယ်။

ကချင်ပြည်နယ်က ပဋိပက္ခတွေကို ရှောင်ရှားရင်း စစ်ရှောင်စခန်းတစ်ခုကို ရောက်လာတဲ့ အသက် ၁၆ နှစ်အရွယ် Seng Moon ကို ယောင်းမဖြစ်သူက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ထမင်းချက်အလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ကားပေါ်ရောက်တဲ့အခါ ယောင်းမက ကားမူးပြေဖို့ဆိုပြီး Seng Moon ကို ဆေးတစ်လုံးတိုက်ခဲ့ပြီး သောက်ပြီးပြီးချင်းပဲ အိမ်ပျော်သွားခဲ့ပါတယ်။ သူမ နိုးလာတဲ့အချိန်မှာ လက်ပြန်ကြိုတုပ်လျက်သား အနေအထားနဲ့ တရုတ်မိသားစုအိမ်တစ်ခုကို ရောက်နေတယ်လို့ Seng Moon က HRW ကို ပြောကြားခဲ့ပါတယ်။

“ယောင်းမက ကျွန်မကို အဲဒီအိမ်မှာထားခဲ့တယ်။ အဲဒီမိသားစုက ကျွန်မကို အခန်းတစ်ခုတည်းခေါ်သွားပြီး ကြိုးတုပ်ထားတယ်။ တံခါးကို တစ်လ၊ နှစ်လလောက် သော့ပိတ်ထားတယ်။ တရုတ်တစ်ယောက်က ထမင်းလာပို့တိုင်း ကျွန်မကို မုဒိမ်းကျင့်တယ်” လို့ Seng Moon က ပြောပါတယ်။

သူမဟာ တရုတ်တစ်ယောက်နဲ့ လက်ထပ်ခံထားရပြီဆိုတာကို နောက်ထပ် ၂ လလောက်နေမှ သိရပြီး ဆက်လက်ညှင်းဆဲခံခဲ့ရပါတယ်။ Seng Moon တစ်ယောက် ကိုယ်ဝန်ရကာ ကလေးမီးဖွားပြီးတဲ့နောက် သူ့ယောက်ျားက “နင့်ကို ဘယ်သူမှ မတားတော့ဘူး။ အိမ်ပြန်ချင်ရင် ပြန်လို့ရတယ်။ ဒါပေမယ့် ကလေးတော့ ယူသွားလို့မရဘူး” လို့ ပြောပါတယ်။

နောက်ထပ် ၂ နှစ်အကြာမှာတော့ သူမဟာ ကလေးငယ်နဲ့အတူ လွတ်မြောက်ခဲ့ပါတယ်။

အခြားလွတ်မြောက်လာသူတွေကတော့ သူတို့ရဲ့ ကလေးတွေကို ထားရစ်ခဲ့ရပါတယ်။ HRW က တွေ့ဆုံမေးမြန်းသူတွေထဲမှာ ၈ ဦးလောက်က ကလေးတွေကို ထားခဲ့ရတယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရသူ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတစ်ချို့ဟာ အဓမ္မမယားအပြင်၊ အဓမ္မလုပ်သားအဖြစ်လည်း ခိုင်းစေခံရပါတယ်။

Ja Seng Nu ဟာ ရှန်ဟိုင်းမြို့နားက ဖရဲခြံမှာ တစ်နှစ်လောက် နေခဲ့ရပြီး အိမ်ခန်းထဲမှာ သော့ပိတ်ထားတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ခံစားခဲ့ရပါတယ်။ ဖရဲခြံကိုပိုင်တဲ့ မိသားစုရဲ့ သားဖြစ်သူကလည်း ‘ကလေးမြန်မြန်ရဖို့ ‘ သူမကို ညစဉ် အဓမ္မကျင့်ခဲ့ပါတယ်။

သူမဟာ မနက်တိုင်း အစောကြီးထကာ ခြံအလုပ်သမားတွေအတွက် မနက်စာ ချက်ပြုတ်ရပြီး တစ်နေ့လုံး ခြံထဲမှာ အလုပ်လုပ်ရပါတယ်။

ထွက်ပြေးတာကို မိတဲ့သူတွေကတော့ ပိုပိုပြီး နှိပ်စက်ခံခဲ့ရပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာ ရောင်းစားခံလိုက်ရတဲ့ Mai Mai Tsawm က သူမဟာ ထွက်ပြေးဖို့ကြိုးစားတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ခဲ့တယ်လို့ HRW ကို ပြောပါတယ်။ သူမရဲ့ တရုတ်ယောက်ျားက ပြန်မိတဲ့အခါမှာ လည်ပင်းနဲ့ လက်တွေကို ကြိုချည်ကာ ဆိုင်ကယ်နောက်မှာ ကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲသွားတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီး အသက်ရှင်မှရဲ့လားဆိုတာ မသိဘူးလို့ Tsawn က ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ စိတ်ဒဏ်ရာတွေရကာ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ ကြုံရပါတယ်။

“ရောင်းစားခံရသူအများစုဟာ ဆိုးရွားရဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ သူတို့ပြန်ရောက်လာတဲ့အခါ ကျွန်မတို့နဲ့ လုံးဝကွဲသွားတယ်။ ငေးငေးငိုင်ငိုင်တွေ ဖြစ်သွားတယ်။ ပြန်ရောက်လာသူတွေဟာ အပြင်ထွက်ပြီး မျက်နှာမပြရဲကြတော့ဘူး။ လူကုန်ကူးခံခဲ့ရတဲ့အတွက် အပြစ်ရှိသလို ခံစားနေရပါတယ်” လို့ KWA ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီလို လူကုန်ကူးမှုတွေ မြင့်တက်လာတာဟာ တရုတ်နိုင်ငံမှာ မိန်းမရှားပါးမှုကြောင့် ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် တရုတ်အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူမှုအရ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အမျိုးသား ၁၂၀ မှာ အမျိုးသမီး ၁၀၀ သာ မွေးဖွားတယ်ဆိုတာကို တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မွေးဖွားမှုအချိုးဟာ ယောက်ျားလေး ၁၅၀/မိန်းကလေး ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။

တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကြောင့် တရုတ်နိုင်ငံမှာ အမျိုးသားတွေ ရွေးချယ်ဖို့အတွက် အမျိုးသမီး သန်း ၃၀ ကနေ သန်း ၄၀ လောက် လိုအပ်နေပါတယ်။

ဒီလို ကျား၊ မ မညီမျှမှုကြောင့် တရုတ်အမျိုးသား တော်တော်များများဟာ အိမ်ထောင်ဖက်ရှာလို့ မရတော့ပါဘူး။ ၂၀၃၀ ရောက်ရင် အသက် ၄၀ နားကပ်နေတဲ့ အမျိုးသား ၂၅ ရာခိုင်နှုန်းလောက်ဟာ မိန်းမရမယ့်လမ်း မရှိတော့ဘူးလို့ သုံးသပ်မှုလည်း ရှိပါတယ်။

လူကုန်ကူးမှုအထောက်အထားတွေ ရှိနေပမယ့် ဒါကို တားဆီးဖို့၊ လူကုန်ကူးခံရသူတွေကို ကူညီဖို့အတွက် ဥပဒေစိုးမိုးရေးအဖွဲ့တွေက ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်းမရှိတာကို စိုးရိမ်မိတယ်လို့ HRW က ပြောပါတယ်။

တရုတ်နဲ့ မြန်မာ ၂ နှစ်နိုင်ငံစလုံးက လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို ကယ်တင်ဖို့ အားသိပ်မထုတ်ကြဘူးဆိုတာ တွေ့ရတယ်လို့လည်း HRW က ဆိုပါတယ်။ ဆွေမျိုးတွေ ပျောက်သွားလို့ ရှာဖွေဖို့ အကူအညီတောင်းတဲ့သူတွေလည်း လစ်လျူရှုခံရပြီး၊ ရဲက အရေးယူစေချင်ရင် ပိုက်ဆံပေးရမယ်လို့ အပြောခံရပါတယ်။

လူကုန်ကူးခံရသူတွေ ထွက်ပြေးပြီး တရုတ်ရဲတွေထံကိုသွားရင်လည်း ရာဇ၀တ်မှုသားကောင်အဖြစ် သတ်မှတ်ဆောင်ရွက်ပေးတာထက် ခိုးဝင်လာမှုနဲ့ ထောင်ချတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“မြန်မာနဲ့ တရုတ်အစိုးရတွေ၊ ကချင်လွတ်မြောက်ရေးအဖွဲ့တွေဟာ လူကုန်ကူးမှုကို တားဆီးဖို့၊ လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့၊ ကူညီဖို့၊ လူကုန်ကူးသူတွေကို တရားစွဲဖို့ စတာတွေအတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို ကယ်တင်ပြီး ပြည်လည်ထူထောင်ရေးကို အစိုးရက မလုပ်ပေးတဲ့အတွက် အခက်အခဲကြားထဲကနေ ဒါတွေကို လုပ်ဆောင်နေရတဲ့ အရပ်ဖက်အဖွဲ့တွေကို အလှူရှင်တွေ၊ နိုင်ငံတကာ
အဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးသင့်ပါတယ်” လို့ ဘားက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေ တရုတ်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဥပဒေဘောင်အတွင်းက အလုပ်အကိုင်ရှာဖွေခန့်ထားရေး လမ်းကြောင်းတွေ ဖော်ဆောင်ဖို့၊ လူကုန်ကူးမှုလုပ်နေတယ်လို့ သံသယရှိလာတဲ့အခါ တိုင်ကြားလို့ရနိုင်မယ့် နည်းလမ်းတွေ ဖော်ဆောင်ဖို့ HRW က တရုတ်နဲ့ မြန်မာအစိုးရတို့ကို
တိုက်တွန်းခဲ့ပါတယ်။

လွတ်မြောက်လာသူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးဖို့၊ ပညာရေး၊ လေ့ကျင့်သင်ကြားပေးရေးဆောင်ရွက်ဖို့၊ သူတို့ကို ထောင်ချတာမျိုး မလုပ်ဖို့ စတဲ့ IPS လုပ်ငန်းကို လုပ်ဆောင်ဖို့လိုတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါတွေဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လုပ်ဆောင်နေကြတဲ့ ကိစ္စတွေဖြစ်ပြီး IPS လုပ်ငန်းစဉ်ကို Riana Group က ပံ့ပိုးကူညီတာ ဖြစ်ပါတယ်။

Ref: mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Myanmar and China’s bride trafficking problem ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.