5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၃၀၊ ၂၀၁၉
M-Media

ရခိုင်ပြည်နယ်တွင် တွေ့ရသည့် မြန်မာစစ်သားတစ်ဦး (Photo Credit – BBC)

-ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ လတ်တလော ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း ရခိုင်တိုင်းရင်းသားတွေအပေါ် စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြား ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုလအစောပိုင်း AA က ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်မှုအပြီးမှာတော့ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ရဲစခန်းကို AA က တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ ၁၃ ဦး ကျဆုံးခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်း စစ်ဌာနချုပ်က တပ်ရင်းတပ်ဖွဲ့တွေဟာ လတ်တလော မတည်ငြိမ်မှုတွေအတွင်းမှာလည်း ရခိုင်တိုင်းရင်းသားတွေအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်မှုတွေမှာ တွေ့ရှိခဲ့ရကြောင်း မနေ့က Amnesty International က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူတွေဟာ အမှတ် (၂၂) နဲ့ အမှတ် (၅၅) ခြေမြန်တပ်မက စစ်သားတွေဖြစ်ကြောင်း ကျူးလွန်ခံရသူတွေက Amnesty အဖွဲ့ကို ပြောကြားခဲ့ပါတယ်။ အဲဒီတပ်မတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ လှုပ်ရှားကြတာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာလူကအဖွဲ့အစည်းအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေပြုလုပ်မှုကြောင့် ကမ္ဘာကြီးက အုပ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ၂ နှစ် မပြည့်ခင်မှာပဲ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က အခြားလူမျိုးစုတွေအပေါ်မှာလည်း ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို ထပ်လုပ်လာပါတယ်။ စစ်တပ်က နောင်တရမှုမရှိ၊ ပြုပြင်ပြောင်းလဲမှုမရှိ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ အရပ်သားတွေအပေါ် အကြမ်းဖက်နေတယ်၊ ကျူးလွန်မှုတွေကို နည်းစနစ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်ဆိုတာ ဒီလုပ်ရပ်တွေက ပြသနေပါတယ်” လို့ Amnesty International ရဲ့ အရှေ့အာရှနှင့် အရှေ့တောင်အာရှရေးရာ ဒါရိုက်တာဖြစ်သူ နီကိုလက်စ် ဘီကွီလင်က ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ အများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ပြီး၊ ၇ သိန်း ၃ သောင်းလောက် ဘင်္ဂလာဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဒီစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများ ထပ်ခံစားရ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA နဲ့ မြန်မာစစ်တပ်တို့အကြား လတ်တလော တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Amnesty International က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

“အရေးယူမခံရတဲ့ဓလေ့က ဆက်ရှိနေတုန်းပါ။ ပုပ်နေတဲ့ ငခုံးမက တစ်ကောင်တည်း မဟုတ်တော့ပါဘူး။ မြန်မာစစ်တပ် တစ်တပ်လုံးမှာ အမြစ်တွယ်နေတဲ့ ပြဿနာပါ။ စစ်သားတစ်ချို့ကို ပိတ်ဆို့လိုက်တာလောက်နဲ့ ဒီပြဿနာက ပြေလည်မှာမဟုတ်ပါဘူး။ ဒါတွေဟာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ ပြုပြင်ပြောင်းလဲလိုတဲ့ တိုင်းပြည်တစ်ခုရဲ့ လက္ခဏာလည်း မဟုတ်ပါဘူး ” လို့ Amnesty International ရဲ့ မနေ့က အစီရင်ခံစာအတွက် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့သူ လော်ရာဟိုက်က Aljazeera သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အလွန်စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂက ဧပြီလအတွင်းမှာ ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာကို No one can protect us: War crimes and abuses in Myanmar’s Rakhine State (ကာကွယ်မည့်သူမရှိ – ရခိုင်ပြည်နယ်က စစ်ရာဇ၀တ်မှုနှင့် ညှင်းပမ်းမှုများ) ဆိုတဲ့ ခေါင်းစဉ်နဲ့ Amnesty International က ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးထံ လွှဲပြောင်းပေးဖို့၊ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေကို ပိတ်ပင်ပေးဖို့နဲ့ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ ကုလ လုံခြုံရေးကောင်စီကို Amnesty International က တိုက်တွန်းခဲ့ပါတယ်။

အသေးစိတ်မေးမြန်း

အစီရင်ခံစာအတွက် ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားပေါင်းစုံ၊ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံမေးမြန်းမှု ၈၁ ခုပြုလုပ်ခဲ့သလို၊ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာတွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ Amnesty International က ပြောပါတယ်။ စစ်သားတွေက တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥပဒေပတိုက်ခိုက်မှု အနည်းဆုံး ၇ ခုကို စစ်သားတွေက လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး အရပ်သား ၁၄ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က အသုံးပြုတဲ့ ဖြတ်လေးဖြတ်ဗျူဟာဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ပြည်သူလူထုကို သိသိသာသာ ထိခိုက်မှုတွေ ရှိတယ်လို့လည်း Amnesty International က ထောက်ပြခဲ့ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ရွာသားတွေကို စစ်တပ်က ပေါ်တာဆွဲ အဓမ္မလုပ်အားခိုင်းစေမှု အဖြစ်အပျက်တွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

AA ကြောင့်လည်း ဒုက္ခရောက်

တပ်ဖွဲ့ဝင် ၇ ထောင်ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကလည်း ဒေသခံပြည်သူလူထုအပေါ် ကျူးလွန်မှုတစ်ချို့ ရှိတယ်လို့ Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

“ပြည်သူလူထုဟာ အဖွဲ့နှစ်ဖွဲ့ကြားထဲမှာ ညပ်နေတာပါ။ စစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေကို ကျွန်မတို့ တွေ့ရသလို၊ AA နဲ့ပတ်သက်ပြီး ကြောက်ရွံ့မှုတွေလည်း ရှိနေပါတယ်။ တိုက်ပွဲကြောင့် ခံရတာကတော့ သာမန်ပြည်သူလူထုပါပဲ” လို့ လော်ရာဟိုက်က ပြောကြားခဲ့ပါတယ်။

စုံစမ်းတွေ့ရှိမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပို့ဆောင်ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရဘူးလို့လည်း Amnesty International က အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။

Aljazeera သတင်းဌာနက ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ ဖုန်းဆက်ပေမယ့် မရခဲ့သလို၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။

Ref : Aljazeera

Comments are closed.