6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၆၊ ၂၀၁၉
M-Media


ပည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) ပိုင် ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံ

-မြန်မာစစ်တပ်က ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အဲဒါတွေနဲ့ ဆက်သွယ်နေတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနေသလို ဖြစ်နေတဲ့အတွက် ဒီလုပ်ငန်းတွေကို အရေးယူဖို့ ကုလ အချက်အလက်ရှာဖွေရေးကော်မရှင်က နိုင်ငံတကအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ အပါအ၀င်၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပေါ် စစ်ခေါင်းဆောင်တွေက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အချအလက်ရှာဖွေဖို့ ကုလကဖွဲ့စည်းထားတဲ့ အဖွဲ့က မနေ့မှာ အစီရင်ခံစာစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို စစ်ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်ထားပြီး၊ စစ်တပ်ပိုင်လုပ်ငန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

“ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေကနေ စစ်တပ်က ရရှိနေတဲ့ အကျိုးအမြတ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လွတ်ခြေလွတ် လုပ်ဆောင်နေတာကို တွန်းအားပေးလို ဖြစ်နေပါတ” လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတွေက လုပ်ငန်းတွေအပါအ၀င် မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၅၉ ခုအကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစ္စရေး၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က နိုင်ငံပိုင်လုပ်ငန်းတွေအပါအ၀င် အနည်းဆုံး နိုင်ငံခြား ကုမ္ပဏီ ၁၄ ခုလောက်က မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

လက်ဝါးကြီးအုပ်ထား

ကုလရဲ့ အစီရင်ခံစာမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ရဲ့ တည်ဆောက်ပုံတွေ စီးပွားရေးကွန်ယက် ဖြန့်ကျက်ထားပုံတွေကို ဖော်ပြထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် လက်ရှိ စစ်ခေါင်းဆောင်တွေ၊ အရင်က စစ်ခေါင်းဆောင်ဟောင်းတွေ ချုပ်ကိုင်ထားတဲ့ အဲဒီ လုပ်ငန်းကြီး ၂ ခုဟာ ကျောက်စိမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ နိုင်ငံရဲ့ အဓိက၀င်ငွေရတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ လောက်ကို လုပ်ကိုင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အကျိုးအမြတ်ပေါင်းများစွာ ရနေတဲ့ အဲဒီလုပ်ငန်းတွေဟာ အရပ်သားအစိုးရရဲ့ စောင့်ကြည့်ထိန်းချုပ်မှုအောက်မှာ မရှိဘဲ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဒီအကျိုးအမြတ်တွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကနေ လွတ်မြောက်နေရုံသာမကဘဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို လိုချင်ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်က ကြီးကြီးမားမား ၀င်ရောက်စွက်ဖက်နေမှုကို အနည်းဆုံးဖြစ်အောင်၊ စစ်တပ်ကို အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ပြည်ပလုပ်ငန်းများလည်း တာဝန်မကင်း

၂၀၁၆ ခုနှစ်ကစလို့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၄ ခုကို အစီရင်ခံစာမှာ ဖော်ပြထားပြီး၊ ဒီလို ရောင်းချမှုတွေကို လုံးဝ ပိတ်ပင်နိုင်ရေး ဆောင်ရွက်ဖို့လည်း ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန်၊ ဥရောပသမဂ္ဂ ကနေဒါနဲ့ သြစတေးလျတို့က ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ကတော့ တကယ်တမ်း ထိရောက်ဖို့ဆိုရင် ပိုပြီးထိရောက်တဲ့ အရေးယူမှု၊ မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအုပ်စု ၂ ခု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာနိုင်ငံတွေက သီးခြား ပစ်မှတ်ထားအရေးယူတဲ့ လှုပ်ရှားမှုမျိုး လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်တဲ့ မာဇူကီ ဒါရုစ်မန်က မြန်မာနိုင်ငံရဲ့စီးပွားရေး
လက်ဝါဒကြီးအုပ်ခံရမှုကနေ ကင်းလွတ်ရေးအတွက် စစ်တပ်နဲ့ကင်းတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်တွန်းတာ၊ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“ဒါဟာ သဘာဝသယံဇာတ အပါအ၀င် မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးရာရောက်သလို၊ ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိစေရေး၊ တန်းတူညီမျှဖြစ်ရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး အကူအညီပေးရာလည်း ရောက်ပါတယ်”

Ref: DW, hrw.org

Comments are closed.