5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇင်ဘာ ၆၊ ၂၀၂၀
M-Media

-အသိပညာပေးစခန်းလို့ခေါ်တဲ့ တရုတ်အစိုးရရဲ့ အကျဉ်းစခန်းတွေမှာ ဝီဂါမွတ်စလင်တွေကို အဓမ္မဝက်သားကျွေးတာမျိုး သိသိသာသာဖြစ်နေတယ်လို့ ဒီအကျဉ်းစခန်းမှာ နေထိုင်ခဲ့ရသူတွေက ဖွင့်ဟလာကြပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်က အကျဉ်းစခန်းကနေ စေရာဂျွလ် ဆအွတ်ဘေတစ်ယောက် လွတ်မြောက်လာတာ ၂ နှစ်ကျော် ရှိပါပြီ။ ဒါပေမယ့် ထိန်းသိမ်းခံရစဉ်အတွင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ‘အရှက်တကွဲအကျိုးနည်းမှု၊ အကြမ်းဖက်မှု’ အိပ်မက်ဆိုးတွေဟာ ကလေးနှစ်ယောက်မိခင် သူမကို အခုအချိန်အထိ ခြောက်လှန့်ဆဲပါ။

ဆရာဝန်တစ်ဦးနဲ့ ဆရာမတစ်ဦးဖြစ်တဲ့ ဆအွတ်ဘေဟာ လက်ရှိ ဆွီဒင်မှာ နေထိုင်နေပြီး မကြာသေးခင်က စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ အကျဉ်းစခန်းအတွင်း ရိုက်နှက်ညှင်းပမ်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အဓမ္မ သားကြောဖြတ်ခိုင်းတာ စတဲ့ သူမကိုယ်တွေ့ အကြမ်းဖက်မှုတွေကို အသေးစိတ် ရေးသားထားပါတယ်။

မကြာသေးမီက အလ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ တရုတ်နိုင်ငံအတွင်း ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေ ခံစားနေရတဲ့ တစ်ခြား ဖိနှိပ်ညှင်းပမ်းမှုတွေကို ဆအွတ်ဘေက ထပ်မံဖွင့်ဟခဲ့ပါတယ်။ အဲဒီ ဖိနှိပ်မှုတွေမှာ အစ္စလာမ်ဘာသာက ‘မစားရ’ လို့ တားမြစ်ထားတဲ့ ဝက်သားကို အဓမ္မစားခိုင်းတာလည်း ပါဝင်ပါတယ်။

“သောကြာနေ့တိုင်း ကျွန်မတို့ကို ဝက်သား အတင်းစားခိုင်းတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေ့ကို ရွေးပြီးတော့မှ တမင် ဒီလိုလုပ်တာပါ။ မစားဘူးလို့ငြင်းရင် ဆိုးဆိုးဝါးဝါး ပြစ်ဒဏ်တွေ ခံရဖို့သာ ပြင်ထားတော့ပဲ”

အကျဉ်းစခန်းထဲက အစ္စလာမ်ဘာသာဝင်တွေ အရှက်ရစေဖို့၊ အကုသိုလ်တစ်ခု ကျူးလွန်မိလိုက်ပါလားဆိုတဲ့ ခံစားမှုမျိုး ဖြစ်လာအောင် ဒီလိုလုပ်တာဖြစ်ပြီး၊ ဝက်သားစားရတိုင်း ခံစားရတဲ့ စိတ်ဒဏ်ရာကို ဖော်ပြဖို့ ‘စကားလုံးတောင်မရှိဘူး’ လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။

“ကျွန်မဟာ ဘာသာပျက်သွားသလို ခံစားရတယ်။ စိတ်နှလုံး ချုံးချုံးကျပြီး လက်ခံဖို့ တကယ်ကို ခက်ခဲခဲ့ပါတယ်”

ဆအွတ်ဘေနဲ့ အကျဉ်းစခန်းက အခြားလူတွေရဲ့ ပြောကြားချက်တွေကိုကြည့်ရင် တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးယုံကြည်မှုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်ညှင်းပမ်းနေတယ်ဆိုတာကို ပြဆိုပါနေပါတယ်။ ၂၀၁၇ ခုနှစ်ကတည်း ရှင်ကျန်းမှာ စောင့်ကြည့်ကင်မရာတွေ ကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်ကာ စောင့်ကြည်တာ၊ အကျဉ်းစခန်းကွန်ယက်တွေ တည်ဆောက်ပြီး ဖမ်းဆီးချုပ်​နှောင်တာတွေကို တရုတ်အစိုးရက လုပ်ဆောင်ခဲ့ပြီး ‘အစွန်းရောက်တိုက်ဖျက်ရေး’ အတွက် လိုအပ်လို့ လုပ်ဆောင်တာဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ဂျာမန်မနုဿဗေဒပညာရှင်ဖြစ်ပြီး ဝီဂါအရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ အက်ဒရီယန် ဇန့် ရည်ညွှန်းတဲ့ တရုတ်အစိုးရရဲ့ ‘ဘာသာရေးမရှိရ’ ပေါ်လစီမှာ စိုက်ပျိုးမွေးမြူရေး စီမံကိန်းတွေ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေတယ်ဆိုတာကို အလ်-ဂျာဇီးရားသတင်းဌာနက ရရှိတဲ့ အထောက်အထားတွေမှာ တွေ့ရပါတယ်။

ရှင်ကျန်းပြည်နယ်အတွင်း ဝက်မွေးမြူရေးစီမံကိန်းကို တရုတ်အစိုးရက အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့ ဝီဂါလူမျိုးတွေရဲ့ ပြောကြားမှုကို တရုတ်အစိုးရကထုတ်တဲ့ စာရွက်စာတမ်းတွေ၊ ရေးသားတဲ့ သတင်းဆောင်းပါးတွေက သက်သေခံနေတယ်လို့ လို့ ဇန့်က ပြောပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး ရှိုရတ် ဇာကီရ်က ဒေသဟာ ‘ဝက်မွေးမြူရေး အချက်အခြာနေရာ’ ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဝီဂါလူမျိုးတွေက ဒီစီမံကိန်းဟာ သူတို့ရဲ့ လူမှုဘ၀အပေါ် ရိုင်းပျစော်ကားတာလို့ ပြောပါတယ်။

မေလမှာ ရေးသားခဲ့တဲ့ သတင်းစောင်းပါးတစ်ခုမှာ ရှင်ကျန်းပြည်နယ်တောင်ပိုင်း ကက်ရှ်ဂါမြို့မှာ တစ်နှစ်ကို ဝက်ကောင်ရေ ၄ သောင်း မွေးမြူထုတ်လုပ်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားတာကို ဇန့်က ထောက်ပြပါတယ်။

​ကက်ရှ်ဂါမြို့ ကိုနက်စ်ဇာဟာရ်မြို့နယ်မှာရှိတဲ့ စက်မှုဇုန်က စကွဲယားမီတာ ၂၅၀၀၀ လောက်ရှိတဲ့နေရာမှာ ဒီစီမံကိန်း လုပ်မှာ​ဖြစ်ပါတယ်။ တရုတ်ဝဘ်ဆိုက် Sina က ဆောင်းပါးမှာ ကိုနက်စ်ဇာဟာခရိုင်ရဲ့ အမည်ကို ‘ရှူဖူ’ လို့ ဖော်ပြပါတယ်။

ဒီ ဝက်မွေးမြူရေး စီမံကိန်းကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့ဖြစ်တဲ့ အခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်တာပါ။ ဝက်မွေးမြူရေးဟာ နိုင်ငံခြားကို ဝင်သားတင်ပို့ဖို့မဟုတ်ဘဲ ကက်ရှ်ဂါဒေသမှာ ‘ဝက်သားဖူလှုံရေး’ အတွက် ဖြစ်တယ်လို့လည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ကက်ရှ်ဂါနဲ့ ပတ်ဝန်းကျင်မြို့တွေက လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဝီဂါလူမျိုးတွေ ဖြစ်ပါတယ်။

“ဒါဟာ ရှင်ကျန်းပြည်သူတွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို လုံး၀ ပပျောက်သွားအောင် ကြိုးစားမှု တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာသာရေးကိုဖယ်ထုတ်မယ့် နည်းဗျူဟာ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဝီဂါတွေကို ဘာသာပျက်သွားအောင်လုပ်​ပြီး ကွန်မြူနစ်ပါတီနောက်လိုက်အောင်၊ ဘုရားတရားမယုံကြည်သူတွေ၊ ဘာသာမဲ့တွေဖြစ်အောင် ဖန်တီးတာပါ” လို့ ဇန့်က ပြောပါတယ်။

​မကောင်းဆိုးဝါး ၃ ကောင်

တရုတ်အစိုးရကတော့ ရှင်ကျန်းပြည်နယ်က သူတို့ရဲ့ ပေါ်လစီတွေကို ကာကွယ်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ရှင်ကျန်းမြို့တော် အွမ်ရူကီမှာဖြစ်တဲ့ အဓိကရုဏ်း နောက်ပိုင်း ‘အစွန်းရောက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အကြမ်းဖက်ဝါဆိုတဲ့ မကောင်းဆိုးဝါး ၃ ကောင်’ ကို တိုက်ဖျက်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

လူပေါင်း ၁ သန်းကျော်လောက်ကို ဖမ်ဒးဆီးထိန်းသိမ်းထားတယ်လို့ ကုလကပြောတဲ့ အကျဉ်းစခန်းတွေ ရှိတာကိုလည်း တရုတ်က ငြင်းပါတယ်။ ဒါတွေဟာ ဝီဂါလူမျိုးတွေကို ကျွမ်းကျင်မှုအသစ်ရအောင် ​ေ့လကျင့်သင်ကြားပေးတဲ့ အသက်မွေးဝမ်းကြောင်း စင်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆအွတ်ဘေလိုပဲ ဝီဂါစီးပွားရေးလုပ်ငန်းရှင် ဇူမရတ်ဒါဝွတ်တစ်ယောက်လည်း အကျဉ်းစခန်းထဲမှာ ဖမ်းဆီးထိန်းသိမ်းမှု ခံရဖူးပါတယ်။ သူမမွေးဖွားကြီးပြင်းခဲ့တဲ့ မြို့တော် အွမ်ရူကီကနေ ၂၀၁၈ ခုနှစ် မတ်လမှာ သူမကို လာခေါ်သွားတာပါ။

ခင်ပွန်းဖြစ်သူရဲ့မွေးရပ် ပါကစ္စတန်နဲ့ အဆက်အသွယ်ရှိတဲ့ကိစ္စအတွက် အာဏာပိုင်တွေက ၂ လလောက် ဖြေရှင်းချက်တောင်းတယ်လို့ ဇူမရတ်က ပြောပါတယ်။ ကလေးဘယ်နှစ်ယောက်ရှိလဲ၊ ဘာသာရေးလေ့လာလား၊ ကုရ်အာန်ကျမ်းစာဖတ်လား စတာတွေကိုလည်း မေးပါတယ်။

တရုတ်အာဏာပိုင်တွေက သူမကို အကြိမ်ကြိမ် အရှက်ရအောင်လုပ်ခဲ့ပြီး တစ်ကြိမ်ဆိုရင် စစ်ဆေးသူက စိတ်ဆိုးကာ မျက်နှာကို စာရွက်လိပ်နဲ့ ရိုက်တယ်လို့ ဆိုပါတယ်။

အကျဉ်းစခန်းက အမျိုးသားတာဝန်ရှိသူတစ်ယောက်ကို အိမ်သာသွားခွင့်ပြုဖို့ တောင်းပန်ခွင့်တောင်းတဲ့အခါ လက်ထိပ်ကို ဖြုတ်ပေးခဲ့ပေမယ့် အိမ်သာတက်နေစဉ်တစ်လျှောက်လုံး ဒီအမျိုးသားက စောင့်ကြည့်ခဲ့ပါတယ်။

ဝက်သားကို အတင်းအဓမ္မ အကြိမ်ကြိမ် စားခိုင်းတဲ့ ကိစ္စကိုလည်း ဇူမရတ်က ဖွင့်ဟခဲ့ပါတယ်။

“အကျဉ်းစခန်းထဲကိုရောက်သွားရင်။ ဘာစားမယ်၊ မစားဘူးဆိုတာမျိုး လုပ်လို့မရပါဘူး။ အသက်ရှင်ဖို့ ဘာလာလာစားရတာပါ”

နောက်ထပ် သူမကြုံတွေ့ခဲ့ရတာတွေက ပိုမိုဆိုးရွားပါတယ်။

ဇူမရတ်နဲ့ အခြား အထိန်းသိမ်းခံအမျိုးသမီးတွေဟာ သားကြောဖြတ်ခံခဲ့ရပါတယ်။ ဒီအကြောင်းကို အခုနှစ်စောပိုင်းက AP သတင်းဌာနကနေ ဖော်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးက တရုတ်ကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ဘာသာရေးအကြမ်းဖက်

ခင်ပွန်းနဲ့ ကလေးနှစ်ယောက် ၂၀၁၆ ခုနှစ်ကတည်းက ကာဇက်စတန်နိုင်ငံကို ထွက်သွားတယ်ဆိုတာ သိရပြီးတဲ့နောက် အကျဉ်းစခန်းအာဏာပိုင်တွေက စအွတ်​ဘေကို နောက်ထပ်အကျဉ်းစခန်းတစ်ခုဆီ ပို့ဆောင်ခဲ့ပါတယ်။ စအွတ်ဘေဟာ အီလီမြို့မှာ နေထိုင်တာပါ။

ကာဇက်စတန်ကို လိုက်သွားဖို့ သူမ စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေက ဆအွတ်ဘေရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းခဲ့တာကြောင့် မသွားလိုက်ရပါဘူး။ တရုတ်အစိုးရဟာ ရှင်ကျန်းက အစိုးရဝန်ထမ်းတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း သိမ်းထားတတ်ပါတယ်။

ဆရာဝန်ဖြစ်တာနဲ့ မူကြိုကျောင်းတွေမှာ စာသင်ပေးဖူးတဲ့ အတွေ့အကြုံကြောင့် အကျဉ်းစခန်းထဲက တစ်ခြားသူတွေကို တရုတ်စာသင်ပေးဖို့ အာဏာပိုင်တွေက စအွတ်ဘေကို တာဝန်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ဝီဂါလူမျိုးတွေ ဘယ်လို ခံစားနေရလဲဆိုတာ အနီးကပ် စောင့်ကြည့်လေ့လာခွင့် ရခဲ့ပါတယ်။

မွတ်စလင်တွေကို ဝက်သားအဓမ္မစားခိုင်းတာဟာ အကျဉ်းစခန်းတွေရဲ့ အပြင်ဘက်မှာလည်း ရှိနေတယ်လို့ သူမက ဆိုပါတယ်။

ရှင်ကျန်းပြည်နယ်မြောက်ပိုင်းက အလ်တေမြို့မှာဆိုရင် ကျောင်းသားတွေကို အဓမ္မ ဝက်သားစားခိုင်းပြီး တော်တော်များများက ငြင်းဆန်ကာ ကျောင်းတာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့တာကြောင့် အစိုးရက စစ်သားတွေလွှတ်ပြီး ကြားဝင်ဖြေရှင်းခိုင်းရတယ်လို့ ဆအွတ်ဘေက ဆိုပါတယ်။

မူကြိုက မွတ်စလင်ကလေးငယ်တွေအတွက် ထမင်းအလကားကျွေးတဲ့အစီအစဉ်ကိုလည်း ပြည်နယ်အစိုးရက ဆောင်ရွက်ပါတယ်။ ကလေးတွေကို မသိမသာ ဝက်သားကျွေးတဲ့အစီအစဉ်လို့ ဆအွတ်ဘ​ေက ပြောပါတယ်။

​မွတ်စလင်ကလေးငယ်တွေကို ငယ်ငယ်ကတည်းက ဟာလာလ်မဟုတ်တဲ့ အစားအသောက်တွေ စားခိုင်းရမယ်ဆိုတဲ့ အယူအဆပါ။

“ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစုတွေကို ၀က်သားကျွေးဖို့အတွက် တရုတ်ဟာ နည်းလမ်းမျိုးစုံသုံးနေပြီး နောင်လည်း ဆက်သုံးနေအုံးမှာပါ”

‘ဝက်နှစ်’ ဖြစ်တဲ့ မနှစ်က တရုတ်နှစ်ကူးမှာ တရုတ်အစိုးရအာဏာပိုင်တွေဟာ အီလီမြို့က ဝီဂါမွတ်စလင်အိမ်တွေဆီ ဝက်သားတွေပို့ခဲ့ပြီး၊ ဝက်နှစ်အတွက် နေအိမ်တွေကို ပြင်ဆင်ချယ်သဖို့ ခိုင်းစေခဲ့တယ်လို့ အီတလီအခြေစိုက် AsiaNews သတင်းဌာနက ပြီးခဲ့တဲ့နှစ်မှာ ဖော်ပြခဲ့ပါတယ်။

တားမြစ်ထားတာတွေနဲ့ ယဉ်ပါးအောင်လုပ်

တူရကီအခြေစိုက် ဝီဂါအရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ‘ဝီဂါပြန်လည်နိုးထရေးအသင်း’ ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ အရ်စလန် ဟီဒါယတ်က ဝက်မွေးခိုင်းတာ၊ ဝက်သားစားခိုင်းတာ၊ အရက်သောက်ခိုင်းတာတွေဟာ ရှင်ကျန်းပြည်နယ်က မွတ်စလင်တွေ တားမြစ်ထားတဲ့အရာတွေကို ပုံမှန် စားသောက်လာစေဖို့ တရုတ်အစိုးရက ကြိုးစားနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရှင်ကျန်းပြည်နယ်အတွင်းက ဟာလာလ်စားသောက်ဆိုင်တွေအနေနဲ့ ရမ်ဇာမ်ဥပုသ်လမှာ နေ့ခင်းပိုင်း မပိတ်ဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချသွားရမယ်လို့ ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်မှာ အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အရင်က ပြည်နယ်အတွင်း စားသောက်ဆိုင်တွေဟာ ရမ်ဇာန်ဥပုလ်တစ်လုံး နေ့ခင်းဖက် ဆိုင်မဖွင့်ဘဲ ညဘက်မှ ဆိုင်ဖွင့်ကြတာ ဖြစ်ပါတယ်။

ရှင်ကျန်းပြည်နယ်အစိုးရရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်တစ်ခုမှာ ‘ရမ်ဇာန်ဥပုသ်လအတွင်း ပုံမှန်နေထိုင်မှုအတိုင်း’ ရှိနေဖို့အတွက် မွတ်စလင်တွေကို အစားအသောက်တွေ ဝေငှပေးရမယ် ဆိုတာမျိုးလည်း ပါဝင်ပါတယ်။

ဝီဂါတွေ ရမ်ဇာန်ဥပုလ်လမှာ ‘ဥပုသ်မစောင့်ဘဲ ပုံမှန်စားသောက်ဖို့’ ရည်ရွယ်ပြီး အစိုးရက ဒီညွန်ကြား ချက်ထုတ်ပြန်တာလို့ ဇန့်က သုံးသပ်ပါတယ်။

အစိုးရဝန်ထမ်း ဝီဂါတွေကို ရမ်ဇာန်လအတွင်း ငွေ​ပေးကာ အစားအသောက်စားခိုင်းဖို့ ညွှန်ကြားတဲ့ အာဏာပိုင်တွေရဲ့ အခြားညွှန်ကြားချက်နှစ်ခုကိုလည်း ဇန့်က ပြန်လည် မျှဝေပါတယ်။

တရုတ်ဟာအစိုးရက ‘ဟာလာလ်အပေါ် စစ်ဆင်နွှဲမှု’ လုပ်ဆောင်နေတယ်ဆိုတာ ဒါတွေကိုကြည့်ရင် သိနိုင်တယ်လို့ ဇန့်က သုံးသပ်ပါတယ်။ ‘ဟာလာလ်’ ဆိုတာ အစ္စလာမ်ဘာသာက သတ်မှတ်ထားတဲ့ နေ့စဉ်ဘ၀ စားသောက်နေထိုင်၊ အသက်မွေးမှု စနစ် ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ‘နေ့စဉ်ဘ၀မှာ အစ္စလာမ်ဘာသာကျင့်သုံးမှု တားဆီးရေး၊ အစွန်းရောက်ဝါဒ တားဆီးရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်ကျန်းမြို့တော် အွမ်ရူကီမှာ ‘ဟာလာလ်ဆန့်ကျင်ရေးကမ်းပိန်း’ လုပ်ဆောင်နေတယ်လို့ ၂၀၁၈ ခုနှစ်မှာ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အစွန်းရောက်ခြင်း

ဘေဂျင်းအခြေစိုက် တရုတ်ရေးရာကျွမ်းကျင်သူ အီနာရ် တန်ဂျန်က ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှင်ကျန်းကလူတွေဟာ ‘အစွန်းရောက်သွားတယ်’ လို့ တရုတ်အစိုးရက ထင်မြင်ယူဆ​နေကြောင်း တရုတ်အစိုးရရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး အလ်ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေကို ဖြေရှင်းရေး တစ်ခုတည်းသောနည်းလမ်းဟာ ရှင်ကျန်းပြည်သူတွေကို ‘ငယ်ငယ်ကတည်းက ရသင့်ရထိုက်တဲ့ ပညာရေး ပေးအပ်ဖို့’ ဖြစ်တယ်လို့ တရုတ်အစိုးရက ရှုမြင်ကြောင်း သူက ဆိုပါတယ​်။

“အစိုးရကတော့ ဒီလိုပြောတာပဲဗျ။ ဒီ ပညာပေးစခန်းတွေကနေ လူတွေကို ပြောင်းလဲပေးနေတယ်။ ကျွမ်းကျင်မှု၊ ဘာသာစကား၊ သမိုင်းတွေကို သူတို့သင်ပေးတယ်။ အစွန်းရောက်မှု မရှိအောင် ဒီလိုမျိုး ကိုင်တွယ်ဆောင်ရွက်နေတာပေါ့”

ဒါပေမယ့် လူများစု ‘ဟန်’ လူမျိုးရဲ့ ပုံစံအတိုင်း လိုက်နေတဲ့​ ဝီဂါတွေ အထူးသဖြင့် အစိုးရဝန်ထမ်းတွေလည်း ဖိနှိပ်မှုဒဏ်ကနေ မလွတ်ကင်းဘူးလို့ တက်ကြွလှုပ်ရှားသူ ဟီဒါယတ်က ပြောပါတယ်။ သူတို့တွေကို လူမျိုးရေးအခြေခံပြီး အကျဉ်းစခန်းတွေထဲ ပို့ဆောင်ပါတယ်။

ရှင်ကျန်းပြည်နယ်က စီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာသလို၊ လူတွေရဲ့ အခြေအနေလည်း ကောင်းလာတယ်လို့ တန်ဂျန်က ပြောပါတယ်။

“လူတွေ အသက်ရှည်ရှည်နေနိုင်လာတယ်။ အခွင့်အလမ်းတွေလည်း ပိုရလာပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့်ဆိုပြီး အနောက်နိုင်ငံတွေက ပြောတဲ့ကိစ္စနဲ့ စီးပွားရေးအခွင့်အလမ်းမရှိဘူး၊ စားပွဲပေါ်မှာ စားစရာမရှိဘူးဆိုရင် လူ့အခွင့်အရေးဆိုတာလည်း ဘာမှ အဓိပ္ပါယ်မရှိဘူးဆိုတဲ့ အမြင်အကြား ပွတ်တိုက်မှု ဖြစ်တာပါ”

မွတ်စလင်တွေကို အဓမ္မ ဝက်သားစားခိုင်းတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါက မှန်လား၊ မှားလားဆိုတာ မသိဘူးလို့ တန်ဂျန်ကပြောပါတယ်။ တကယ်လို့ ဒါမျိုးဖြစ်တယ်ဆိုရင်လည်း ဗဟိုအစိုးရရဲ့ ပေါ်လစီမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အလ်ဂျာဇီးရားသတင်းဌာနက ရရှိတဲ့ တရုတ်အစိုးရရဲ့ စာရွက်စာတမ်းတွေထဲမှာ AP သတင်းဌာနက ဖော်ပြတဲ့ သားကြောဖြတ်ရေးစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်ပါတယ်။

“ဒီလိုဖြစ်နေတာတွေဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အချက်အလက် အခိုင်အမာမရှိဘဲနဲ့တော့ ဒီစွပ်စွဲချက်တွေဟာ အမှန်ပါလို့ ဆုံးဖြတ်လို့ မရပါဘူး” လို့ တန်ဂျန်က ပြောပါတယ်။

အုပ်ချုပ်ရေးယန္တရား ကြီးမားလွန်းတဲ့ တရုတ်လိုနိုင်ငံမျိုးမှာ အဏာအလွဲသုံးစားလုပ်သူ​တွေ ရှိနိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

“အဓိကက ဒီလူတွေကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးဖို့ပါ”

တရုတ်အစိုးရကတော့ ဒီပြဿနာတွေအကြောင်း သိပ်မပြောပါဘူး။ ရှင်းကျန်းက ကိစ္စတွေနဲ့ပတ်သက်ပြီး ဆအွတ်ဘေနဲ့ ဇူမရတ်တို့ရဲ့ ပြောကြားချက်တွေရဲ့ မှန်ကန်ခိုင်မာမှုကို မေးခွန်းထုတ်​တဲ့ ဆောင်းပါးတွေကိုတော့ တရုတ်အစိုးရပိုင် မီဒီယာတွေက ရေးသားကြပါတယ်။

အလ်ဂျာဇီးရားသတင်းဌာနက ဒီအတွက်မှတ်ချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနေကို မေးခဲ့ပေမယ့် ပြန်မဖြေပါဘူး။ တရုတ် နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်က လူ့အခွင့်အရေးအင်စတီကျုကိုလည်း အလ်ဂျာဇီးရားက မေးခဲ့ပြီး သူတို့ကလည်း ဒီဆောင်းပါးဖော်ပြတဲ့အချိန်မှာ ပြန်မဖြေသေးပါဘူး။

လက်ရှိ အမေရိကန်မှာ နေထိုင်နေတဲ့ ဝီဂါစီးပွားရေးလုပ်ငန်းရှင် ဇူမရတ်က သူမပြောခဲ့တဲ့ အကျဉ်းစခန်း ကအကြောင်းတွေအတွက် တာဝန်ယူတယ်လို့ ​ဆိုပါတယ်။

ဆအွတ်ဘေကတော့ သူမရဲ့အတွေ့အကြုံ ထုတ်ဖော်ပြောဆိုမှုကိုကြည့်ပြီး အကျဉ်းစခန်းထဲက အခြားသူတွေလည်း ဒီလိုထုတ်ဖော်ပြောဆိုလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“အကျဉ်းစခန်းထဲမှာ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ မှတ်ဉာဏ်ထဲကနေ ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ပါဘူး။ တစ်သက်လုံး စွဲထင်ကျန်ရစ်နေမှာပါ”

Ref: Aljazeera

(အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Uighurs forced to eat pork as China expands Xinjiang pig farms ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.