3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၈၊ ၂၀၂၁
M-Media

-ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က မဇာနည်ဝင်းတစ်ယောက် ကုလသမဂ္ဂက ငွေကြေးထောက်ပံ့ပေးထားပြီး မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပစ်ရပ်ရေးကို စောင့်ကြည့်တဲ့ ကော်မတီမှာ အလုပ်လုပ်တာပါ။ နိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် သူမဟာ ဒီကနေ့မှာတော့ အဲဒီ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အဖွဲ့တစ်ခုမှာ စာရင်ပေး ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

“အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြုတ်ရေး စတင်ပြင်ဆင်ရတော့မယ့်အချိန် ရောက်ပါပြီ။ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ဖို့ ကျွန်မ အဆင်သင့် ဖြစ်နေပါပြီ”

တပ်မတော်လိုခေါ်တဲ့ စစ်တပ်ဟာ ပြည်သူလူထုကို အကြမ်းဖက်နေပြီး မတည်ငြိမ်တဲ့ တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံဟာ ကြီးမားတဲ့ ပြည်တွင်းစစ်လမ်းကြောင်းပေါ် ရောက်မယ့်အန္တရာယ် ရှိနေပါပြီ။ ကုလသမဂ္ဂ အတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှာရ်နာ ဘာဂီနာက “သွေးချောင်းစီးမယ့် အခြေအနေကို ရောက်နေပြီ” လို့ မတ်လ ၃၁ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ “အရင်ကထက် ပိုပြီးကြီးမားတဲ့” ပြည်တွင်းစစ်မျိုး​ ဖြစ်လာနိုင်ချေရှိသလို၊ လက်ရှိ အခြေအနေတွေဆိုးရွားနေမှုကြောင့် “ကျရှုံးနိုင်ငံ” ဖြစ်တော့မယ်လို့လည်း သူမက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သူတွေဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို တစ်စိုက်မတ်မတ် လုပ်လာခဲ့ပြီး များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဖြစ်ပါတယ်။ လူသန်းနဲ့ချီ လမ်းပေါ်ထွက်လာကြသလို၊ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေကလည်း သပိတ်မှောက်ခဲ့ကြပါတယ်။ မတ်လ ၂၅ ရက်နေ့မှာတော့ မြန်မာနိုင်ငံက CDM လှုပ်ရှားမှုဟာ ၂၀၂၂ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။ အဲဒီမတိုင်ခင် သီတင်းပတ်တွေမှာလည်း မြန်မာပြည်သူတွေဟာ တီထွင်ဖန်တီးမှု၊ ဟာသဉာဏ်၊ အနုပညာ စတာတွေနဲ့ စစ်အာဏာရှင်ကို စည်းစည်းလုံးလုံး ဆန့်ကျင်လှောင်ပြောင်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ​ကြောင့် လက်နက် မဖြစ်မနေကိုင်ရတော့မယ်လို့ အခုအချိန်မှာ ပြည်သူတွေ ခံစားလာရပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားနဲ့ ရဲတွေဟာ လူပေါင်း ၅၆၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီအထဲမှာ အနည်းဆုံး ကလေးငယ် ၄၃ ဦး ပါဝင်ပါတယ်။ ဖမ်းဆီးထိန်းသိမ်း ခံထားရသူက ၂၆၀၀ ကျော် ရှိပါတယ်။ ဖမ်းဆီးထားချိန်အတွင်း နှိပ်စက်ညှင်းပမ်းခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတဲ့လူတွေလည်း ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ အလောင်းဖော်တာ၊ အလောင်းတွေကို တရွတ်တိုက်ဆွဲသွားတာ၊ လမ်းပေါ်မှာ လူတွေကို ရိုက်နှက်နှိပ်စက်တာတွေ လုပ်သလို မတ်လ ၂၈ ရက်နေ့မှာဆိုရင် အမျိုးသားတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေ ဝင်လာတာ၊ ပြည်တွင်းမှာ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းတွေကို ပြည်သူတွေက စိတ်ကုန်လာကြတဲ့အချိန် ​တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းပြီး ဖက်ဒရယ်တပ်မတော် မကြာခင် ပေါ်လာတော့မယ်လို့ ဖြုတ်ချခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့က ထုတ်ပြောလာပါပြီ။

“ဘယ်သူကိုမှ စောင့်နေလို့မရဘူးဆိုတာ ပြည်သူတွေက သိလာကြပါပြီ။ ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ဆက်သွားရမှာပါ။ ခုခံကာကွယ်ရေးနည်းလမ်းတွေ ကောင်းကောင်းမရှိဘဲနဲ့ လူငယ်တွေကို သေတွင်းထဲပို့လို့ မရတော့ပါဘူး” လို့ ကုလသမဂ္ဂ အေဂျင်စီတစ်ခုမှာ နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့အတွက် လူနည်းစု တိုင်းရင်းသားတွေနဲ့ လူများစု ဗမာလူမျိုးတွေကြား ဆယ်စုနှစ်ချီ ရှိခဲ့တဲ့ မယုံကြည်မှုတွေ ထိထိရောက်ရောက် ကျော်လွှားမေ့ဖျောက်ရမှာဖြစ်ပြီး၊ အတူလက်တွဲ တိုက်ပွဲဝင်ဖို့လည်း သင်ယူရပါမယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အဖွဲ့တွေက စစ်ကောင်စီကို နှိမ်နှင်းနိုင်ရင် ပဝေသဏီကတည်းက ရှိခဲ့တဲ့ တိုင်းရင်းသားလူနည်းစုတွေ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုတဲ့ ကတိကဝတ်ကို ဖော်ဆောင်ပေးဖို့ လိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံက တော်လှန်ရေးရဲ့ အဓိကအကျဆုံး အခြေခံစည်းမျဉ်းပါ။

တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု

မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဗမာလူမျိုးတွေ ဖြစ်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေးနဲ့ စစ်တပ်ကို လွှမ်းမိုးထားပါတယ်။ ကျန်တဲ့ ၃၂ ရာခိုင်နှုန်းက အမျိုးပေါင်းရာချီတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ကတည်းက တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ပြိး လွတ်လပ်ရေးမရခင် ကတိပြုထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တပ်မတော်ကတော့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အဓမ္မကျင့်တာအပြင် အခြား ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တုန့်ပြန်ပါတယ်။

အဆက်ဆက် အစိုးရတွေကလည်း တိုင်းရင်းသားဒေသက ပဋိပက္ခတွေကို အမျိုးသားညီညွတ်ရေး ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခဲ့ပါတယ်။ ဗမာလူမျိုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် အာဏာရပြီးတဲ့နောက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီကို ချီတက်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် ၅ နှစ်တာကာလအတွင်း ဘာတစ်ခုမှ မလုပ်နိုင်ပါဘူး။

တိုင်းရင်းသားဒေသတွေက တပ်မတော်ရဲ့ လုပ်ရပ်တွေကို သူမရဲ့အစိုးရက ထောက်ခံပြီး၊ အကူအညီနဲ့ အင်တာနက် ဖြတ်တောက်မှုတွေ လုပ်ဆောင်တဲ့ အချိန်မှာလည်း လူများစု ဗမာလူမျိုးတွေဟာ သူမအပေါ်မှာ သစ္စာစောင့်သိကာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အတိဒုက္ခအတွက် နှုတ်ဆိတ်နေခဲ့ကြပါတယ်။ တကယ်တော့ ဗမာမဟုတ်တဲ့ လူမျိုးတွေအပေါ်မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ရေးဟာ အဲဒီတုန်းက လူကြိုက်မများခဲ့သလို၊ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒါမျိုးပြောဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တယ်လို့ မြင်ခဲ့ကြတာပါ။ သူမ အာဏာမရခင် အရင်နဲ့ အာဏာရနေတဲ့ အချိန် နှစ်ခုစလုံးမှာ ပြည်သူလူထုဟာ တိုင်းရင်းသားတွေရဲ့အခြေအနေကို နားလည်ဖို့ သိပ်ပြီး အားမထုတ်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အရင်စစ်အာဏာရှင်တွေ လက်ထက်မှာ စစ်တပ်က ဝါဒဖြန့်တာကလွဲပြီး တစ်ခြားသတင်းအချက်အလက်တွေကို လူထုက သိပ်မရပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း တပ်မတော်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူများစု ဗမာ​တွေဟာ အရင်တုန်းက အပြုအမူတွေအတွက် အုံလိုက်ကျင်းလိုက် တောင်းပန်လာကြပြီး တိုင်းရင်းသားတွေနဲ့ ရပ်တည်ကြောင်း ပြသတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချီးကျူးတာတွေ မကြံစဖူး တွေ့လာရပါတယ်။ ဘုံရန်သူ တစ်ခုတည်းအပေါ်မှာ ပြည်သူအားလုံး ညီညွတ်လာကြတာပါ။ ဇာနီ၀င်းလို ဗမာလူငယ်တစ်ယောက် နယ်စပ်​ဒေသကို သွားရောက်ပြီး အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တွေထဲက တစ်ခုထံ သွားရောက်ပူးပေါင်းတော့မယ် အနေအထားက အဓိကပြောင်းလဲမှု ဖြစ်ပါတယ်။

ဖြုတ်ချခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းပြီး အာဏာသိမ်းစစ်ကောင်စီနဲ့အပြိုင် အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားတဲ့ CRPH က ဒီလိုအပြောင်းအလဲတွေ ဖြစ်လာရေး ကူညီလမ်းကြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၁၇ ရက်နေ့တုန်းက CRPH ဟာ ပြည်သူတွေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့် ရှိတယ်ဆိုတဲ့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရားမဝင် အသင်းအဖွဲ့အဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကို နောက်ထပ် ၂ ရက်အကြာမှာ CRPH က ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီအဖွဲ့တွေကို ဥပဒေအရေ အားပေးထောက်ခံတာ၊ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

“လူများစု ဗမာတွေလည်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံလာရတဲ့အတွက်ကြောင့် အခုအချိန်ဟာ လက်နက်ကိုင်တော်လှန်ရေးစတင်ဖို့ အချိန်ကောင်းပါပဲ။ အရင်တုန်းက ဗမာတွေဟာ ကျွန်တော်တို့အပေါ်မှာ အလေးမထားသလို တစ်ခါတစ်လေဆိုရင် စစ်တပ်ကို ထောက်ခံတာမျိုးတောင် ရှိပါတယ်။ အခုတော့ သူတို့ နားလည်သွားကြပါပြီ” လို့ ကချင်လူငယ် Seng Zin က ပြောပါတယ်။

လက်ရှိ ပြည်တွင်းစစ်ဖြစ်မယ့်အသွင် သွားနေတာမျိုးကို လူတိုင်းက ကြိုက်တာတော့ မဟုတ်ပါဘူး။ ကရင်နီတိုင်းရင်းသား တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ Khun Thomas က လက်နက်ကိုင်ပြီး ပြန်တိုက်ရင် အခြေအနေ ပိုဆိုးမှာကို ကြောက်ရွံ့နေပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးဟာ သွေးစွန်းပြီး ဆိုးဆိုးရွားရွား ပျက်ဆီးမှုကိုပဲ ဖြစ်ပေါ်စေမှာပါ”
အကြမ်းမဖက်တဲ့ တော်လှန်ရေးကိုပဲ ဆက်လက်လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။ ဒါပေမယ့် အဲဒီအမြင်တွေဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာပါပြီ။ အထူးသဖြင့် စစ်ကောင်စီတပ်တွေက လူပေါင်း ၁၁၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က နောက်ပိုင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကြမ်းမဖက်တဲ့ဆန္ဒပြမှုကို သုတေသနပြုနေတဲ့ လူမျိုးသရုပ်ခွဲ ပညာရှင် မခင်စန္ဒာညွန့်က အကြမ်းမဖက် ခုခံမှု နည်းနားတွေကို တွက်ချက်အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းဆိုးတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ ဒီ သွေးချောင်းစီးမှုက ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာလည်း ရပ်မသွားပါဘူး။ ၂၀၁၇ ခုနှစ်မှာ တပ်မတော်က အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ ကျူးလွန်ခဲ့ပါတယ်။

“အကြမ်းမဖက်ရေးလှုပ်ရှားမှုကို ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကိစ္စမှာတော့ ကျွန်မတို့ သမိုင်းကို ပြန်ကြည့်ဖို့၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့စရိုက်ကို သတိပြုဖို့ လိုအပ်ပါတယ်။ အကြမ်းမဖက်လှုပ်ရှားမှုဟာ ထိရောက်ပါ့မလားဆိုတာ ကျွန်မတို့ ပြန်စဉ်းစားရပါတယ်။ အခု ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ တကယ့်ကို အကြမ်းဖက်သမားတွေပါ”

တိုင်းရင်းသားဒေသတွေမှာ တော်လှန်ရေးစ

အခုအချိန်အထိ မြန်မာနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အများစုဟာ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေ ဖြစ်နေတာပါ။ မြေပြင်ကျွမ်းကျင်မှုကို အသုံးချပြီး ရဲနဲ့ စစ်သားတွေကို ပျောက်ကြားနည်းနဲ့ ခုခံတိုက်ခိုက်တဲ့ ရှေ့တန်းက ထောင်ချီတဲ့ လူငယ်တွေထဲမှာ အသက် ၂၂ နှစ်အရွယ် ကိုဘုန်းကျော်လည်း ပါဝင်ပါတယ်။ ဆိုယ်ကယ်ဦးထုတ်၊ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ ဝတ်ဆင်ကာ ဒိုင်းတွေကိုင်ထားတဲ့ သူတို့ဟာ သံအိတ်တွေ၊ အပျက်အဆီးတွေနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်နောက်ကနေ လက်လုပ်လက်နက်တွေနဲ့ ပစ်ကြပါတယ်။

ဒီရက်ပိုင်းအတွင်း အန္တရာယ်တွေက ရင်ဆိုင်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်လာတာကြောင့် အပြင်မထွက်တော့ဘူးလို့ ရန်ကုန်မှာနေတဲ့ ကိုဘုန်းကျော်က ပြောပါတယ်။

“(ရဲနဲ့စစ်သားတွေက) ကျည်အစစ်တွေနဲ့ပစ်ပြီး ရက်ရက်စက်စက် ဖြိုခွဲပါတယ်။ ကျွန်တော့်ကို မိမှာစိုးလို့ ပြေးနေရတယ်။ စိတ်ဓာတ်မကျအောင် ကြိုးစားနေရတာပေါ့ဗျာ”

ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ဆယ်စုနှစ်ချီ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေ စစ်ကောင်စီရဲ့ အာဏာလက်တံကို အန်တုလာတာကြောင့် နှစ်နဲ့ချီ သွေးထွက်သံယို မဖြစ်ခဲ့တဲ့ နေရာတွေအပါအဝင် နယ်စပ်ဒေသမှာ ထိပ်တိုက်တွေ့ဆုံမှုတွဟာ လျင်လျင်မြန်မြန်ပဲ မြင့်တက်လာပါတယ်။ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်မှု ပုံစံတွေနဲ့အတူ နယ်စပ်မှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်လောက်ရှိပြီး သူတို့အားလုံး စုပေါင်းလိုက်ရင် တပ်ဖွဲ့ဝင်သောင်းချီ ရှိပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ဆန္ဒပြအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးစုံ အထွေထွေသပိတ်အဖွဲ့ဟာ မတ်လ ၂၉ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးခဲ့ပြီး လက်နက်မဲ့အရပ်သားတွေကို စုပေါင်းခေါင်းဆောင်မှုနဲ့ အကာအကွယ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ CRPH အဖွဲ့ရဲ့ နိုင်ငံတကာကိုယ်စားလှယ်က ပြည်သူလူထုကို ကာကွယ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် ‘ဖက်ဒရယ်တပ်မတော်’ ဖွဲ့စည်ဖို့ စီစဉ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ​နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးယူဖို့ ပျက်ကွက်ရင် ပြည်တွင်းစစ်ကို ရှောင်ရှားလို့ရတော့မှာ မဟုတ်ဘဲ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးရဖို့အတွက် ဖက်ဒရယ်တပ်မတော်ကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ နောက်တစ်ရက်မှာ CRPH က ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းကို ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

တိုင်းပြည်က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး(KNG) နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ (KIO) က ကိုယ်စားလှယ်တွေက ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးကို ထောက်ခံတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ဆန္ဒပြပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ အခြားအင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံနဲ့ကပ်နေတဲ့ အရှေ့တောင်ဘက် နယ်စပ်မှာ KNU နဲ့ တပ်မတော်တို့အကြား တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပါတယ်။ မတ်လ ၂၇ ရက်နေ့ KNU က တပ်မတော်ရဲ့ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ဟာ KNU ထိန်းချုပ်နယ်မြေကို လေကြောင်း၊ ကြည်းကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၅၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မိမိတို့ရဲ့နယ်မြေ၊ ကရင်ပြည်သူတွေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကာကွယ်ဖို့အတွက် စစ်ကောင်စီကို ရင်ဆိုင်တုန့်ပြန်တာမျိုးကလွဲပြီး တစ်ခြားရွေးစရာမရှိတော့ဘူးလို့ မတ်လ ၃၀ ရက်နေ့မှာ KNU က ထုတ်ပြန်ပါတယ်။

“တစ်နိုင်ငံလုံးအဆင့် လက်နက်ကိုင်ခုံခံမှုလုပ်ဖို့ အချိန်ကြပါပြီ။ ကျွန်မတို့မှာ နောက်ထပ် အလားအလာရှိတဲ့ ရွေးချယ်စရာ မရှိတော့ပါဘူး” လို ကရင်လူမျိုး တက်ကြွလှုပ်ရှားသူ မနော်အီစတာချစ်က ပြောကြားခဲ့ပါတယ်။ ဒါဟာ သွေးထွက်သံယိုမှုတွေ များလိမ့်မယ်လို့လည်း သူမက သတိပေးခဲ့ပါတယ်။

တရုတ်နဲ့ကပ်နေပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အခြေစိုက်တဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ဒေသမှာ အရင်ကတည်ရှိခဲ့တဲ့ လျော့ရဲရဲအခြေအနေက ပိုဆိုးလာပါတယ်။ ၂ နှစ်ကျော်လောက် တော်တော်လေး ငြိမ်သက်ခဲ့တဲ့ အဲဒီဒေသမှာ KIO ရဲ့ လက်နက်ကိုင်အဖွဲ့ KIA နဲ့ တပ်မတော်တို့အကြား မတ်လ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေပြီး မတ်လ ၂၈ ရက်နေ့မှာ စစ်တပ်ဖက်က ၂၈ ယောက် သေဆုံးတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။

နိုင်ငံတကာတက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ယူမယ့်အစီအစဉ် စစ်အာဏာသိမ်းမှုကြောင့် ပျက်ဆီးသွားပြီးတဲ့နောက် Seng Zin တစ်ယောက် ဖခင်နဲ့ အစ်ကိုတွေရဲ့ လမ်းစဉ်အတိုင်း KIA တပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

“ပညာရေးနယ်ပယ်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ကျွန်မတို့မြို့မှာဆိုရင် လူတော်တော်များများ ကျောင်းမတက်နိုင်ကြပါဘူး။ ပြေးရင်းလွှားရင်း၊ အသက်ရှင်သန်ဖို့ ကြိုးစားရင်းနဲ့ သူတို့ဘ၀တွေ ကုန်ဆုံးသွားတယ်။ ကျွန်မတတ်ထားတဲ့ပညာနဲ့ သူတို့ကို အလုပ်အကျွေးပြုချင်ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ပျောက်ဆုံးသွားပါပြီ”

ကချင်ပြည်သူတွေအတွက်သာမဟုတ်ဘဲ အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဝါဒကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ သူမက ပြောပါတယ်။ ဗမာလူမျိုးတွေအပေါ်မှာ တင်းပြည့်ကြပ်ပြည့် ယုံဖို့ ခက်နေသေးပေမယ့် မကြာခင်ကာလအတွင်း ဗမာလူမျိုးတွေရဲ့အမြင် ပြောင်းလဲသွားမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် လမ်းကြောင်းမျိုး ပေါ်လာနိုင်ပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာတာကို ကြိုဆိုတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူမျိုးသရုပ်ခွဲမှု ပညာရှင် မခင်စန္ဒာညွန့်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွမှုဟာ ရေရှည်တည်တံ့မယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေးအပြောင်းအလဲကို ရလိမ့်မယ်လို့ ရှုမြင်ကြောင်း ပြောကြားခဲ့ပါတယ်။

“စစ်အာဏာရှင်ကို တစ်နေ့ လုံး၀ ချေမှုန်းနိုင်မှာပါ။ ဒါဟာ နိုင်ငံရဲ့ ရွှေရောင်အနာဂတ် လုံး၀ ဖြစ်လာပါလိမ့်မယ်”

ကုလဝန်ထမ်းကလည်း တောက်ပတဲ့နေ့ရက်တွေ စောင့်ကြိုနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စကြီး ပြီးသွားတဲ့အခါမှာ ပိုပြီး စည်းလုံးညွတ်တဲ့ နိုင်ငံသစ်တစ်ခု အမှန်တကယ် တည်ဆောက်နိုင်တော့မှာပါလားဆိုတာကို မကြခဏတွေးပြီး ပျော်ရွှင်မိပါတယ်။ တော်လှန်ရေးမှာ အနိုင်ရသွားရင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်”

(ဆောင်းပါးတွင်ပါဝင်သည့် အမည်များမှာ အမည်လွှဲများ ဖြစ်ပါသည်)

(TIME မဂ္ဂဇင်းတွင် ဖော်ပြထားသည့် ဆောင်းပါးကို As Myanmar’s Junta Intensifies Its Crackdown, Pro-Democracy Protesters Prepare for Civil War လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.